တယ်လီကျန်းမာဆေးခန်း

” အရီးလေးရေ … ဆေးခန်းပြရတော့မှာနော် ၊ အသင့်ပြင်ထားဦး “

အိမ်ရှေ့က ဖြတ်အော်သွားတဲ့ သန်းမြအသံကြောင့် အရီးလေး တိုင်ကပ်နာရီကို မော့ကြည့်လိုက်မိသည်။ ၅ နာရီထိုးဖို့ နာရီဝက်လိုသေး ။ ဒီကောင်မလေး
လောကိုလောတယ်လို့ စိတ်ထဲကတွေးရင်း ထမင်းအိုးကို တစ်ချက်မွှေကြည့်လိုက်သည်။ ရပြီ ၊ ဒီလောက်ဆို ငှဲ့ထားသင့်ပြီ။ ကိုယ်တိုင်က ထမင်းကိုပျော့ပျော့စားချင်ပေမယ့် သားတော်မောင်က ခပ်ဆတ်ဆတ်လေးမှကြိုက်တတ်သည်မို့ သည်အနေငှဲ့ထားမှ တော်ရုံကျမည်။

ထမင်းရည်ကို ဇလုံထဲငှဲ့ရင်း သွားလေသူ လင်တော်မောင်ကိုလည်း သတိရလိုက်မိ။ ထမင်းရည်ထဲ ဆားလေး ပါလေသည့်ခပ် ၊ သကြားတစ်ဖုံလောက်ထည့်ရင်း မြိန်ရေရှက်ရည်သောက်တတ်သူ။ ထမင်းရည်မှာ ဗီတာမင်ဘီဝမ်းပါတယ်တဲ့ဟလို့ ပြောတတ်သူ ကျန်းမာရေးပညာရှင်ကြီး။ အခုတော့ သူကအရင်သွားနှင့်ပြီ။ ကိုယ်အလှည့် ဘယ်တော့လည်းမသိ။

အတွေးစကိုဖြတ်ရင်း ထမင်းအိုးနပ်အောင် လှုပ်ပေးလှည့်ပေးနေလိုက်သည်။ မီးဖိုထဲက မီးသွေးအချို့ကို ပြာအိုးထဲထည့် မီးလျော့ပြီး မနက်က ချဥ်ရည်အိုးလေး ပြန်တင်ထားခဲ့လိုက်သည်။ ဟင်းနုနွယ်ရွက်ကို ဆီဝါလေးတစ်မှုတ်ထည့်သုပ်ရင်း နှာခေါင်းထဲ မြေသင်းနံ့ရသဖြင့် တောင်အရပ်သို့ မျှော်ကြည့်လိုက်တော့ ဟုတ်ပ … တိမ်တွေတောင် တက်လာပြီပဲ။

လုပ်လက်စတွေ အသာထားပြီး အိမ်ပြင်က အဝတ်တို့ကို ပြန်ရုပ်သည်။ ဒီနေတုန်း သန်းမြတစ်ယောက် အိမ်ပေါက် ပြန်ရောက်လာပြန်သည်

” ဘယ်လိုလဲ … အရီးလေး ၊ အဆင်သင့်ဖြစ်ပြီလား “

” အေးအေး … လာ အိမ်ထဲဝင်။ ငါလည်း ညည်းမျှော်နေတာ။ မိုးကလည်း ရွာတော့မှာလားမသိဘူး “

ပြောပြောဆိုဆိုဖြင့် တူဝရီးနှစ်ယောက် ထရံကာသွပ်မိုးအိမ်လေးထဲ ဝင်သွားကြတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အညာမိုးတို့၏ သဘောမှာ အောက်ပြည်အောက်အရပ်နှင့် မတူ။ တအိအိတစိုစိုဖြင့်မနေ။ ဝုန်းဒိုင်းအုန်းကျဲပြီးခဏ သူမဟုတ်သလို ပျောက်ကွယ်သွားလေ့ရှိသည်။ အခုလည်း ဒီအတိုင်းပင်။ မိုးစက်ကလေးနည်းနည်း ဖျောက်ဆိပ်အသံပေးပြီး ဝန်းကျင်တစ်ခုလုံး ပြန်လင်းထိန်သွားသည်။

” ပြန်တော့မယ် အရီးလေး … မိုးလည်းတိတ်ပြီဆိုတော့ “

” ဟဲ့ … နေပါဦးအေ အကြမ်းလေးသောက်ပါဦး။ ဒီမယ် လက်ဖက်နှပ်လေးလည်း အရန်သင့် “

” တော်ပြီ အရီးလေး ၊ ၆နာရီထိုးရင် တောင်ပိုင်းက ကိုအေးအတွက်လည်း လုပ်ပေးစရာရှိသေးတယ်။ သူလည်း မမာနေတာကြာပြီ “

” ဪ အေးအေး … ဒါဆိုလည်းပြီးရော။ ရော့ ဒါလေးတော့ယူသွား။ မနက်ကမှ အခင်းထဲက အရီးလေးကိုယ်တိုင်ဆွတ်လာခဲ့တာ “

ပြောပြောဆိုဆိုဖြင့် အရန်သင့်ထုပ်ထားသော ခရမ်းချဥ်သီးတစ်ထုပ်ကို သန်းမြလက်ထဲ ထိုးပေးလိုက်သည်။

” ငါ့အတွက် ဆရာဝန်ညွှန်ပေးတဲ့ဆေးတွေ ဝယ်လာပေးဦးနော်။ ညည်း မနက်ဖြန်မြို့တက်မှာမို့လား။ ပိုက်ဆံကိုတော့ အပြန်မှယူတော့ “

” ရပါတယ် အရီးလေးကလည်း ပြောနေရမယ့်သူတွေမှ မဟုတ်တာ။ အမျိုးတွေပဲဟာကို။ ဆေးအတွက်က စိတ်ချ။ ကျုပ်ဆက်ဆက်ဝယ်ခဲ့မယ်။ သွားပြီနော် “

ပြုံးရွှင်စွာပြောရင်း လှည့်ထွက်သွားသော သန်းမြနောက်ကျောကိုငေးရင်း အရီးလေးတစ်ယောက် သက်ပြင်းချမိသည်။

တကယ်တော့ သူကိုယ်တိုင်လည်း မမာနေတာကြာပြီပဲ။ သန်းမြရဲ့ ကျေးဇူးကြောင့်သာ ခုလို ထူထူထောင်ထောင်ပြန်ဖြစ်လာခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့ တစ်လကျော်က သန်းမြတစ်ယောက် ဆေးခန်းပြပေးမယ်ဆိုပြီး သူ့ဆီပေါက်ချလာတာ မှတ်မိပါသေးတယ်။ အဲ့တုန်းကတော့ ဟဲ့ ဆေးခန်းပြဖို့ ငါမြို့ပေါ်ထိ မတက်နိုင်ပါဘူး ၊ ဟိုကောင် ပျူစောထီးနဲ့ စစ်ခွေးတွေက လမ်းမှာဆက်ကြေးတောင်းသေးတယ်။ နောက်ပြီး ငါ့မယ်ငွေပိုငွေလျှံကလည်းရှိတာမဟုတ်လို့ ငြင်းခဲ့ဖူးတာ။

အဲ့ချိန်တုန်းက သန်းမြက ရယ်တယ်။ အရီးလေးတို့ ခေတ်နောက်ကျနေပြီလည်း ပြောတယ်။ လက်ထဲက ဖုန်းကိုထုတ်ပြပြီး ဒီကနေ ဆေးခန်းပြလို့ရနေပြီလို့ ခပ်ကြွားကြွားလေးပြောခဲ့တာ။ ပထမတော့ အံ့သြသွားမိတာပေါ့။ ကိုယ့်မှာလည်း ဖုန်းတစ်လုံးတော့ ရှိပါရဲ့ ဒါပေမယ့် ဖုန်းပြောဖို့ကလွဲလို့ ဘာမှမလုပ်တတ်လို့ သန်းမြကို ဆရာတင်ရတယ်။

သန်းမြကျေးဇူးနဲ့ အွန်လိုင်းဆေးခန်းဆိုတာလား ပြဖြစ်တာ။ ဘယ်မှ မသွားရဘူး။ ကိုယ့်အိမ်မှာထိုင်ပြီး ဆေးခန်းပြရုံပဲ။ ဆရာဝန်တွေက ဖုန်းဆက်ပြီးမေးတယ်။

မေးတာမှ စစ်စစ်ပေါက်ပေါက်ပဲ။ တစ်ခါတစ်လေ ရုပ်ထွက်နဲ့လည်း ခေါ်တာပ။ ဗီဒီယိုကော ဆိုလားပဲ။ နှလုံးအားနည်းတာတဲ့။ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆက်ပြရတယ်။

ဘဝမှာ ထင်မထားတဲ့ အခွင့်အရေးပေါ့။ အရီးလေးတို့ရွာဆိုတာ အထူးကုနဲ့ ဘာဆိုင်တာမှတ်လို့။ အနီးဆုံးမြို့ပေါ်မှာတောင် ရိုးရိုးဆရာဝန်ပဲရှိတာ။

အခုတော့ အထူးကုဆရာကြီးတွေနဲ့ပြ … အဲဒီ့ အထူးကုကြီး​တွေညွှန်ကြားတဲ့အတိုင်း လိုက်နာရုံပဲ။ မြို့ပေါ်တော့ တစ်ခေါက်သွားလိုက်ရသေး။ သွေးစစ် ဆီးစစ် ဓာတ်မှန်ရိုက်တော့ တစ်ခါလုပ်လိုက်ရတယ်။

အဖြေတွေရတော့ အွန်လိုင်းကနေ အထူးကုဆီပို့။ ဟိုက ဆေးတွေညွှန်းပေး ဟန်ကိုကျလို့။

အခုတော့ လူလည်းသက်သာလာပြီ။ သွားသွားလာလာလည်း လုပ်နိုင်ပြီ။ အိမ်အလုပ်တွေ ပြန်လုပ်နိုင်ပြီမို့ သားတော်မောင်လည်း အချိန်မဖင့်တော့ဘူး။

နို့မို့ သူ့မယ် အိမ်ကိစ္စတွေနဲ့ အချိန်ပုပ်ပြီး တောမဆင်းအားဘူး။ အခုတော့ သူလည်း တောဆင်းပြီး အလုပ်ကောင်းကောင်းလုပ်နေပြီ။ ဝင်ငွေလေးလည်း စိုစိုပြေပြေဖြစ်လာပြီ။

ငွေဆိုလို့ အွန်လိုင်းဆေးခန်းပြနေတာ ကြာပြီ။ ပိုက်ဆံလည်း မပေးရဘူး။ စေတနာကောင်းချက်။ အခမဲ့ဆိုပဲ။ မောင်မင်းကြီးသားများ ကျန်းမာကြပါစေ ချမ်းသာကြပါစေ … ဟယ် မောင်မင်းကြီးသားဆရာဝန်တွေဆိုလို့ ခုဏဆေးခန်းပြတုန်းက ငါ့ကိုမှာလိုက်တာရှိပါသေးတယ်။ နေပါဦး ဘာပါလိမ့်….ဪမှတ်မိပြီ

အတွေးရေယဥ်စကိုဖြတ်၍ အရီးလေးတစ်ယောက် စာရွက်လွတ်ပေါ်တွင် တစ်စုံတစ်ခု ချရေးလိုက်တော့သည်။

” နယုန်လဆန်း ၈ရက် ၊ တယ်လီကျန်းမာဆေးခန်းမှာ ​ပြန်ပြရန် … သန်းမြကို ဘိုကင်ယူခိုင်းရန် “

ပြီး၏။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM ) ကို နှိပ်ပါ

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ---- ၂၁ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၁ မေ ၂၀၂၂