Happy Birthday အမေစု!
Happy Birthday တယ်လီကျန်းမာ!
ဒီနေ့ (၁၉-၆-၂၀၂၃) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့် မွေးနေ့ရက်မြတ်ဖြစ်သလို တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းရဲ့ (၂) နှစ်ပြည့် မွေးနေ့လေးလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ (၁၉-၆-၂၀၂၁) ရက်နေ့မှာ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့တာပါ။
တယ်လီကျန်းမာ (၂) နှစ်ပြည့်အနေနဲ့ ထင်ရှားကျော်ကြားသူတို့ရဲ့ စကားသံတွေ၊ ဉာဏ်စမ်းပဟေဠိ၊ ပန်းသပိတ်နဲ့ တယ်လီကျန်းမာ Website မိတ်ဆက်ကြော်ငြာခြင်း စတဲ့ အစီအစဉ်တွေကို တင်ဆက်သွားဖို့ ရှိပါတယ်။ (ဉာဏ်စမ်းပဟေဠိအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်)
တယ်လီကျန်းမာအနေနဲ့ (၂) နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံမှ မြို့နယ်စုစုပေါင်း (၃၁၉) မြို့နယ်နဲ့ မြန်မာနိုင်ငံပြင်ပ အခြားနိုင်ငံစုစုပေါင်း (၃၁) နိုင်ငံမှ လူနာပြသမှုအကြိမ်ရေပေါင်း (၁၃၂,၅၀၅) ကြိမ်ကို အခမဲ့ (အခမဲ့) ကုသမှုပေးနိုင်ခဲ့ပါတယ်။ အထူးကုဆေးခန်းတွေကိုလည်း (၂၅) ခန်းအထိ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။
တယ်လီကျန်းမာမှာ အထူးကုဆရာဝန်၊ ဆရာဝန်နဲ့ အခြားကျန်းမာရေးဝန်ထမ်းပေါင်း (၂၂၀) ကျော်က စေတနာ့ဝန်ထမ်းများအနေနဲ့ ပါဝင်ဆောင်ရွက်ပေးနေကြပါတယ်။ အများစုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) မှာ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။
တယ်လီကျန်းမာ Facebook Page နဲ့ YouTube Channel တွေကတစ်ဆင့်လည်း ကျန်းမာရေးအသိပညာတွေ မျှဝေပေးလျက်ရှိပါတယ်။ တယ်လီကျန်းမာ Facebook Page မှာ Follower (၄) သိန်း၊ (၃) သောင်းကျော်ရှိနေပြီး Facebook Page အနေနဲ့ ယနေ့အထိ လူပေါင်း (၁၁) သန်း၊ (၂) သိန်းကျော်ကို ကျန်းမာရေးအသိပညာများ၊ ကဗျာ၊ ကာတွန်းများနဲ့ ဟာဒယရွှင်ဆေးများ တိုက်ကျွေးနိုင်ခဲ့ပါတယ်။
မြန်မာပြည်သူပြည်သားများအားလုံး စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ…
အရေးတော်ပုံ အောင်ရမည်!
ချစ်တဲ့ တယ်လီကျန်းမာ
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 19 June 2023
Last updated: 19 June 2023