Thyroid Cancer (February, 2023)

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)

🔷 သိုင်းရွိုက်ကင်ဆာဆိုတာ …..

🔸 လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းဆဲလ်တွေဟာ ကင်ဆာဆဲလ်အဖြစ် ကြီးထွားလာတာ ဖြစ်ပါတယ်။

🔸 သိုင်းရွိုက်ကင်ဆာဟာ အဖြစ်နည်းပြီး သိုင်းရွိုက်ဂလင်းကြီးသူ အယောက် (၂၀) မှာ (၁) ယောက်သာ ကင်ဆာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

🔸 သိုင်းရွိုက်ကင်ဆာဟာ အသက် (၃၅) နှစ်နဲ့ (၃၉) နှစ်ကြား သက်လတ်ပိုင်းတွေနဲ့ အသက် (၇၀) ကျော်လူကြီးတွေမှာ ပိုတွေ့ရများပါတယ်။

🔸 သိုင်းရွိုက်ကင်ဆာဟာ ဟော်မုန်းအပြောင်းအလဲ​ပိုများတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားတွေထက် (၂) ဆ ကနေ (၃) ဆအထိ ပိုဖြစ်ကြတာတွေ့ရပါတယ်။

🔸 ဒါပေမယ့် လည်ပင်းမှာ အလုံးအကျိတ်တွေ့တိုင်း သိုင်းရွိုက်ကင်ဆာလို့ ပြောလို့မရပါဘူး။
.

*********************************

🔷 သိုင်းရွိုက်ကင်ဆာ အမျိုးအစားတွေကတော့….

အဓိက (၄) မျိုးရှိပါတယ်။

🔸 အဖြစ်အများဆုံးဖြစ်တဲ့ Papillary carcinoma

သိုင်းရွိုက်ကင်ဆာတွေထဲ အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အသက်ငယ်တဲ့အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ အသက် (၅) နှစ်အောက် ကလေးတွေမှာဆိုရင်လည်း ဓါတ်ရောင်ခြည်သင့်တာရဲ့နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တာကို တွေ့ရပါတယ်။ သာဓကအနေနဲ့ပြောရရင် ယူကရိန်းနိုင်ငံမှာ ချာနိုဘွိုင်း နျူကလီးယားစက်ရုံ (Chernobyl Nuclear Plant) မတော်တဆဖြစ်ပြီးနောက်ပိုင်း Papillary carcinoma thyroid အမျိုးအစား ဖြစ်ပွားနှုန်းတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။
.

🔸 အသက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ Follicular carcinoma

သိုင်းရွိုက်ကင်ဆာတွေထဲ ဒုတိယတွေ့ရအများဆုံးအမျိုးအစားဖြစ်ပြီး အသက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကအကြောင်းရင်းကတော့ လည်ပင်းကြီးရောဂါကနေ အချိန်ကြာလာတဲ့အခါ Follicular carcinoma အဖြစ်ပြောင်းသွားတာကိုတွေ့ရတတ်ပါတယ်။
.

🔸 မျိုးရိုးလိုက်တတ်တဲ့ Medullary thyroid carcinoma

သိုင်းရွိုက်ကင်ဆာတွေရဲ့ (၅-၈) ရာခိုင်နှုန်းလောက်မှာပဲ တွေ့ရတတ်ပြီး တခြားအမျိုးအစားတွေနဲ့မတူဘဲ မျိုးရိုးလိုက်တတ်တဲ့အပြင် ခန္ဓာကိုယ်အခြားနေရာတွေမှာပါ အလုံးအကျိတ်ရှိနေတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ (MEN $ – multiple endocrine neoplasia syndrome)
.

🔸 တွေ့ရအရှားဆုံး Anaplastic thyroid carcinoma

တွေ့ရအရှားဆုံးဖြစ်ပေမယ့် ရောဂါလက္ခဏာကတော့ အလွန်ပြင်းထန်တတ်ပါတယ်။ များသောအားဖြင့် အသက် (၆၀) နှစ်နဲ့အထက် လူကြီးတွေမှာ တွေ့ရတတ်ပါတယ်။
.

*******************************

🔷 Thyroid cancer ဖြစ်ရတဲ့အကြောင်းရင်းတွေက …..

ဖြစ်ရတဲ့အကြောင်းရင်းကို သေချာအတိအကျ မပြောနိုင်ပေမယ့် သိုင်းရွိုက်ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ချို့အကြောင်းအရာတွေကတော့…

❗ မူလ သိုင်းရွိုက်အကျိတ်ကနေ အချိန်ကြာလာတဲ့အခါ ကင်ဆာအဖြစ်ပြောင်းလာတာ

❗ မိသားစုမျိုးရိုးထဲမှာ သိုင်းရွိုက်ကင်ဆာဖြစ်ဖူးတာ

❗ ဓာတ်ရောင်ခြည်တွေနဲ့ထိတွေ့မှုများတာ
(ဥပမာ – လည်ပင်းအနီးနားတစ်ဝိုက်ကို ကင်ဆာဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုခံယူဖူးတာ)

❗ ခန္ဓာကိုယ်အခြားနေရာတွေမှာ ဟော်မုန်းထုတ်တဲ့အကျိတ်တွေရှိနေတာ
(ဥပမာ – ခန္ဓာကိုယ်ကြီးထွားစေတဲ့ဟော်မုန်း အထုတ်များတာ – Acromegaly, MEN’s Syndrome)

❗အူလမ်းကြောင်းထဲ အသားပိုလေးတွေ ရာကျော်ရှိတဲ့ ရောဂါရှိနေတာ ( Familial Adenopolyposis- FAP)…. စတာတွေက သိုင်းရွိုက်ကင်ဆာပိုဖြစ်စေနိုင်တယ်လို့ သုတေသနစာတမ်းတွေအရ သိရှိရပါတယ်။
.

**********************************

🔷 ရောဂါလက္ခဏာတွေကတော့…..

သိုင်းရွိုက်ကင်ဆာရောဂါဟာ အစပိုင်းမှာ ထွေထွေထူးထူးရောဂါလက္ခဏာတွေ မခံစားရတတ်ပါဘူး။ အဓိကရောဂါလက္ခဏာကတော့ လည်ပင်းမှာအကျိတ်အလုံးဖြစ်လာတာပဲရှိတတ်ပြီး အများအားဖြင့် နာကျင်တာမျိုးတောင် မရှိကြပါဘူး။ တစ်ချို့လူနာတွေမှာတော့ လည်ပင်းက ပြန်ရည်ကျိတ်တွေကြီးလာတဲ့အခါမှ သိုင်းရွိုက်ကင်ဆာကို စတင်သတိထားမိကြတာမျိုးရှိပါတယ်။ ကင်ဆာအဆင့်မြင့်လာတဲ့အခါ အသံပြောင်းလာ/ဩလာတာ၊ မျိုချရခက်လာတာနဲ့ အသက်ရှုရခက်တာ…. စတဲ့လက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။
.

**************************************

🔷 သိုင်းရွိုက်ကင်ဆာ ဟုတ်/မဟုတ် ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရမလဲ ?

🔸 လည်ပင်းမှာ အလုံးအကျိတ်တွေပေါ်လာတာရှိရင် (ဒါမှမဟုတ်) သိုင်းရွိုက်ကင်ဆာရဲ့ရောဂါလက္ခဏာတွေ ခံစားလာရတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူပါ။

🔸 ဆရာဝန်က သိုင်းရွိုက်ကင်ဆာလို့ သံသယရှိရင် သိုင်းရွိုက်လုပ်ငန်းဆောင်တာတွေသိနိုင်တဲ့ သွေးစစ်ချက်တွေနဲ့ တစ်ခြားလိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီး စစ်ဆေးပါလိမ့်မယ်။

🔸 သိုင်းရွိုက်အကျိတ်ဆဲလ်ကို အပ်လေးနဲ့စုပ်ပြီး စစ်ဆေးတာ (fine-needle aspiration cytology – FNAC) နဲ့ ဆေးရည်သောက်ပြီး ဓာတ်မှန်ရိုက်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။
.

***********************************

🔷 သိုင်းရွိုက်ကင်ဆာကို ဘယ်လိုကုသကြမလဲ ?

🔸 အများအားဖြင့် သိုင်းရွိုက်ဂလင်းကို ခွဲထုတ်တာ (thyroidectomy) နဲ့ ကင်ဆာဆဲလ်တွေသေအောင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသတာတွေ လုပ်ဆောင်နိုင်ပါတယ်။ Papillary thyroid carcinoma နဲ့ Medullary thyroid carcinoma မှာဆိုရင်တော့ ကင်ဆာဆဲလ်ပျံ့နှုန်းများတာကြောင့် အကျိတ်တစ်ဝိုက်က ပြန်ရည်ကျိတ် (Lymph node) တွေကိုပါ ခွဲထုတ်ရတာမျိုးရှိပါတယ်။

🔸 သိုင်းရွိုက်ကင်ဆာ ဖြစ်ဖူးသူတွေထဲမှာ (၅%) ကနေ (၂၀%) လောက်က ပြန်ဖြစ်တတ်တာတွေ့ရပါတယ်။ အကြမ်းဖျဥ်းအားဖြင့် သိုင်းရွိုက်ကင်ဆာဖြစ်ဖူးသူ (၁၀%) ကနေ (၁၅%) လောက်မှာ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာပြန်ဖြစ်တတ်ပါတယ်။

🔸ဓာတ်ရောင်ခြည်ကုသမှု ပြီးဆုံးသွားတဲ့အခါမှာလည်း ကင်ဆာဆဲလ်တွေ ပြန်ပွားလာတတ်တာမို့ ပုံမှန်စစ်ဆေးမှုခံယူပြီး ကုသဖို့လိုအပ်ပါတယ်။

🔸 မျိုးရိုးလိုက်တတ်တဲ့ Medullary thyroid carcinoma အမျိုးအစားမှာဆိုရင်တော့ မိသားစုဝင်တွေကိုပါ ရောဂါရှာဖွေဖို့နဲ့ စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
.

*********************************

*** လည်ပင်းကြီးရောဂါရှိတိုင်း သိုင်းရွိုက်ကင်ဆာမဟုတ်နိုင်ပေမယ့့် သိုင်းရွိုက်ဂလင်းကြီးသူတွေမှာ

(၁) အသက်ကြီးရင်

(၂) အမျိုးသားဆိုရင်

(၃) လည်ပင်းမှာ ပြန်ရည်ကြောအကျိတ်စမ်းမိရင်

(၄) သိုင်းရွိုက်ကင်ဆာ မိသားစုမျိုးရိုးရှိရင်

(၅) ဓာတ်ရောင်ခြည်သင့်ဖူးရင်… တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူဖို့ အကြံပြုလိုပါတယ် ***

မှီငြမ်း 📚
https:// http://www.nhsinform.scot/…/cancer-types…/thyroid-cancer

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၁ ဖေဖော်ဝါရီ ၂၀၂၃