မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases VPDs)
၁၀။ တီဘီရောဂါ 🫁
👉 တီဘီရောဂါဆိုသည်မှာ အဘယ်နည်း
တီဘီရောဂါသည် ဘက်တီးရီးယားပိုး (Mycobacterium tuberculosis) ကြောင့် ဖြစ်ပါသည်။ တီဘီရောဂါပိုးသည် အများအားဖြင့် အဆုတ်အား ထိခိုက်သော်လည်း အရိုးများ၊ အဆစ်များနှင့် ဦးနှောက်အပါအဝင် လူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါသည်။ တီဘီရောဂါ ပိုးကူးစက်ခံရသောလူတိုင်း ရောဂါမဖြစ်ပွားကြပါ။ တီဘီရောဂါပိုး ကူးစက်ခံရသော်လည်း နေထိုင် မကောင်းဖြစ်ခြင်းနှင့် ရောဂါလက္ခဏာများ ပြသခြင်း ဖြစ်ချင်မှ ဖြစ်ပါမည်။ ရောဂါပိုးကူးစက်ခံရသူ၏ သက်တမ်းတစ်လျှောက်လုံးတွင် ရောဂါပိုးဝင်ရောက်နေမှုရှိသော်လည်း ရောဂါဖြစ်ပွားမှု မရှိသူများလည်း ရှိနိုင်ပါသည်။ အဆိုပါလူများမှာ အခြားသူများသို့ ရောဂါပိုး မကူးစက်နိုင်ပါ။
👉 တီဘီရောဂါမည်ကဲ့သို့ ကူးစက်ပြန့်ပွားသနည်း
တီဘီရောဂါရှိသူ လူနာမှ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ဖြင့် လေထဲမှတစ်ဆင့် ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားပါသည်။ တီဘီရောဂါသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပြီး အထူးသဖြင့် လူနေထူထပ်သောနေရာတွင် နေထိုင်ကြသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အခွင့်အလမ်း အားနည်းသူများနှင့် အာဟာရချို့တဲ့သူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ရောဂါပိုးရှိသော ကျွဲနွားများ၏ နို့ကို သောက်သုံးခြင်းဖြင့် တီဘီရောဂါတစ်မျိုး ကူးစက်ဖြစ်ပွားပါသည်။ အသက်မရွေး လူတိုင်း တီဘီရောဂါ ဖြစ်ပွားနိုင်ပါသည်။ သို့ရာတွင် အသက် (၃) နှစ်အောက် ကလေးများနှင့် အသက်ကြီးသူများတွင် ရောဂါဖြစ်ပွားမှု အန္တရာယ်အများဆုံး ဖြစ်ပါသည်။ ခုခံအားကျဆင်းနေသူများ (ဥပမာ၊ HIV/AIDS ရောဂါရှိသူများ) တွင် ရောဂါပိုးကူးစက်ခံရပါက တီဘီရောဂါ ဖြစ်ပွားနိုင်မှု ပိုမိုများပြားပါသည်။
👉 တီဘီရောဂါ၏ လက္ခဏာများ
ရောဂါပိုး ကူးစက်ဝင်ရောက်ချိန်မှ ပထမရောဂါလက္ခဏာများ စတင်ပေါ်သည်အထိ အချိန်ကာလမှာ (၄) ပတ် မှ (၁၂) ပတ်ခန့် ကြာမြင့်ပါသည်။ သို့ရာတွင် လပိုင်းမှ နှစ်အထိ ကြာမြင့်နိုင်ပါသည်။ တီဘီရောဂါရှိသော လူနာတစ်ဦးသည် ဆေးကုသမှု စတင်ခံယူပြီးနောက် ရက်သတ္တပတ်များစွာ ကြာမြင့်သည့်တိုင်အောင် အခြားသူများကို ရောဂါပိုးကူးစက်ပျံ့ပွားစေပါသည်။ တီဘီရောဂါလက္ခဏာများမှာ အင်အားချည့်နဲ့ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဖျားခြင်း ၊ ညဘက်ချွေးထွက်ခြင်းများ ဖြစ်သည်။ အဆုတ်တီဘီရောဂါဖြစ်ပွားပါက တာရှည် အဆက်မပြတ် ချောင်းဆိုးခြင်း၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း စသည်တို့ ဖြစ်ပါသည်။ ကလေးငယ်များတွင် ဖြစ်ပွားပါက အဆုတ်တီဘီရောဂါ၏ တစ်ခုတည်းသော ရောဂါလက္ခဏာမှာ ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်နေခြင်းဖြစ်ပါသည်။ အခြားရောဂါလက္ခဏာများမှာ ဖြစ်ပွားသော ကိုယ်အင်္ဂါအစိတ်အပိုင်းပေါ်တွင် မူတည်၍ ဖြစ်ပေါ်ပါသည်။ ဥပမာအားဖြင့် အရိုးအဆစ် တီဘီရောဂါဖြစ်ပွားပါက တင်ပဆုံရိုး၊ ဒူးနှင့်
ကျောရိုးတို့တွင် ရောင်ခြင်း၊ နာခြင်းနှင့် မသန်စွမ်းခြင်း ၊ လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်ကြပါသည်။
👉 တီဘီရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အဘယ်နည်း
တီဘီရောဂါသည် ရောဂါလက္ခဏာအမျိုးမျိုး အထွေထွေပြသလေ့ရှိသဖြင့် ရောဂါသတ်မှတ်ရန် အလွန်ခက်ခဲနိုင်ပါသည်။ အဆုတ်တီဘီရောဂါသည် ဆေးကုသမှုမခံယူပါက အင်အား ဆုတ်ယုတ်ချည့်နဲ့ပြီး သေဆုံးနိုင်သည်။ HIV /AIDS ရောဂါပိုးကူးစက်ခံထားရသူများတွင် ပိုမိုလျင်မြန်ပါသည်။
👉 တီဘီရောဂါမဖြစ်ပွားအောင် မည်ကဲ့သို့ကာကွယ်ရမည်နည်း
အသက် (၁) နှစ်အောက်ကလေးငယ်များကို ဘီစီဂျီ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် အသက် (၅) နှစ်အောက်ကလေးများတွင်ဖြစ်သော တီဘီဦးနှောက်အမြှေးရောင်ရောဂါနှင့် အခြားဆိုးရွားသော တီဘီရောဂါ အမျိုးအစားများမှ ကာကွယ်နိုင်ပါသည်။
👉 ဘီစီဂျီ (BCG) ကာကွယ်ဆေးဆိုသည်မှာ အဘယ်နည်း
ဘီစီဂျီကာကွယ်ဆေး (BCG) ဆိုသည်မှာ Bacille Calmette-Guerin ဖြစ်ပါသည်။ Bacillus ဆိုသည်မှာ ဘက်တီးရီးယား၏ တုတ်ချောင်းပုံသဏ္ဌာန်ကို ရည်ညွှန်းပါသည်။ Calmette နှင့် Guerin သည် ကာကွယ်ဆေး တီထွင်ဖော်စပ်သူများ၏ အမည် ဖြစ်ပါသည်။ BCG ကာကွယ်ဆေးသည် အေးခဲအခြောက်ခံထားသော အမှုန့်ပုံစံဖြင့် လာပြီး အသုံးမပြုမီ ဖျော်စပ်ရည်နှင့်ဖျော်စပ်ရန် လိုအပ်ပါသည်။
ကလေးအားလုံးလိုပင် ဆေးထိုးထားသောနေရာတွင် သာမန်တုံ့ပြန်မှု ရရှိပါသည်။ များသောအားဖြင့် ဘီစီဂျီကာကွယ်ဆေးထိုးသည့်နေရာတွင် ကြွ၍ဖောင်းနေသော အဖုငယ်ကလေးတစ်ခု ဖြစ်ပေါ်ပါသည်။ ထိုအဖုငယ်ကလေးသည် မိနစ် (၃၀) ခန့် အချိန်အတွင်း ပျောက်ကွယ်သွားပါသည်။ နောက် (၂) ပတ်ခန့်အကြာတွင် မချွန်ရသေးသော ခဲတံထိပ်ဖျားအရွယ် နီသော အနာငယ်တစ်ခု ဖြစ်ပေါ်လာပါသည်။ နောက်ထပ် (၂) ပတ် ခန့်ကြာပြီးနောက်၊ အနာကျက်သွားပြီးလျှင် (၅) မီလီမီတာအရွယ် အနာရွတ်ကလေးတစ်ခု ကျန်ရှိနေပါသည်။ ၎င်းသည် ကလေးငယ်အား အောင်မြင်စွာ ကာကွယ်ဆေးထိုးပြီးကြောင်း လက္ခဏာဖြစ်ပါသည်။
👉 BCG ကာကွယ်ဆေးကို မည်သည့်အချိန်တွင် ထိုးပေးသနည်း
တီဘီရောဂါအဖြစ်များသော နိုင်ငံများတွင် တစ်နှစ်အောက်ကလေးများအား ထိုးပေးသည်။ အဖြစ်နည်းသော နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအန္တရာယ်ရှိသော ကလေးများကိုသာ ထိုးပေးရန် အကြံပြုထောက်ခံထားသည်။ မွေးကင်းစကလေးများအားလုံးကို မွေးပြီး စောနိုင်သမျှ အစောဆုံး ထိုးပေးသင့်သည်။ HIV ပိုးဝင်နေသူများ၊ ခုခံအားစနစ် ပျက်စီးနေခြင်း၊ ခုခံအားကျဆင်းခြင်း ဖြစ်နေသူများအား မထိုးပေးရပါ။ HIV ပိုးတွေ့ရှိသော မိခင်များက မွေးလာသောကလေးများတွင် HIV negative ဖြစ်သွားမှသာ ကာကွယ်ဆေး ထိုးပေးသင့်ပါသည်။ ရောဂါကာကွယ်ပေးနိုင်မှု မသေချာသောကြောင့် တစ်နှစ်အထက်ကလေးများကို BCG ကာကွယ်ဆေးထိုးပေးရန် မညွှန်းပါ။
🔴 အဓိကအချက်များ
⭐ တီဘီရောဂါသည် အများအားဖြင့် အဆုတ်ကိုထိခိုက်စေပြီး အရိုး၊ အဆစ်နှင့် ဦးနှောက်တို့ ပါဝင်သော အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။
⭐ တီဘီရောဂါပိုးသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့ပါသည်။
⭐ တီဘီရောဂါ၏ လက္ခဏာများတွင် အင်အားချည်နဲ့ခြင်း၊ ခန္ဓာကိုယ်အလေးချိန် လျော့ခြင်း၊ အဖျားရှိခြင်းနှင့် ညဘက်ချွေးထွက်ခြင်းတို့ ဖြစ်တတ်သည်။
⭐ တီဘီရောဂါရှိသူ လူနာများသည် ရောဂါပျောက်ကင်းရန်နှင့် အခြားသူများသို့ ကူးစက်ပြန့်ပွားမှုကို ရှောင်ရှားနိုင်ရန်အတွက် ဆေးကုသမှု အပြည့်အဝရရှိရန် လိုအပ်ပါသည်။
⭐ တီဘီရောဂါ ကာကွယ်ရန်နည်းလမ်းမှာ ကလေးငယ်များအား မွေးပြီးလျှင်ပြီးခြင်းနှင့် အသက် (၁၂) လ မတိုင်မီ ဘီစီဂျီကာကွယ်ဆေးကို အမြန်ဆုံး ထိုးနှံပေးခြင်းဖြစ်သည်။
Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်)
ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)
၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl
၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl
၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl
၄။ ဝက်သက်ရောဂါ (Measles)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl
၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl
၆။ မေးခိုင်ရောဂါ (Tetanus)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl
၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0osdzW1B9Sa5iHX9LZBYK7vAzP8vdNbRcsQuwgpdSm8UkPyfcCjDQXnCwfQhLz5i4l
၈။ Haemophilus influenzae type b (Hib) ရောဂါ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02so8az7TkGmGhqAdvJVAoXwP7YaLpvRy7im6K2BwDXtQ9gy7krqy1eiYbZTiQQzE6l
၉။ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis – JE)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02f5kQe3tUKRaEWbJaW91r5xUCcWvKoAbwqrPWjmCWjPDH4nzUD3KycGWxcfbHJEdhl
nugmoh #VPD #TB #Tuberculosis #MycobacteriumTuberculosis #BCG #BacilleCalmetteGuerin
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 17 January 2023
Last Updated: 17 January 2023