Vaping (March, 2023)

Vaping ရှူတာ အန္တရာယ် ရှိနိုင်လား ?

Vaping ဆိုတာ e-cigarette နဲ့ vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်မျိုးထဲ ဓာတုရည် (e-liquid) ကို ထည့်ပြီး အပူပေးကာ ရလာတဲ့ အငွေ့ကို ရှူရှိုက်တာ ဖြစ်ပါတယ်။

စီးကရက်/ဆေးလိပ် သောက်တာနဲ့ ဆင်ပေမယ့် vaping မှာတော့ ဆေးရွက်ကြီး (tobacco) ကို မီးရှို့တဲ့အစား e-liquid အငွေ့ကို ရှူသွင်းတာ ဖြစ်ပါတယ်။
..
..

🔷 E-cigarette (Vape pen) ဆိုတာဘာလဲ ?

🔸 E-cigarette (Electronic Cigarette) ဆိုတာ e-liquid အရည်ကို အပူပေးပြီး ရှူသွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

🔸E-cigarette အမျိုးမျိုးကတော့….

Vapes, vape pens or sticks, e-hookahs, hookah sticks, mods, personal vaporizers(PVs) စသဖြင့် နာမည်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

ဒါတွေ အားလုံးကိုခြုံပြီး electronic nicotine delivery system (ENDS) လို့ ခေါ်နိုင်ပါတယ်။
..
..

🔸 E-cigarette အများစုမှာရှိတဲ့ အစိတ်အပိုင်းများ

(၁) အရည်တွေကို သိုလှောင်ပေးတဲ့နေရာ (tank)
( ကိရိယာတစ်ခုနဲ့တစ်ခု အရွယ်အစားကွာခြားမှုရှိပြီး e-liquid တွေကို ပြန်ဖြည့်လို့ရ​ပါတယ်။)

(၂) အရည်ကို အငွေ့အဖြစ် ပြောင်းလဲပေးမယ့် အပူပေးတဲ့အပိုင်း

(၃) အပူပေးတဲ့အပိုင်းကို အားသွင်းပေးမယ့် ဘက်ထရီ (battery)

(၄) အဖွင့်အပိတ်လုပ်ဖို့ ခလုတ် (တစ်ချို့က sensor ပါတဲ့အတွက် ရှူသွင်းတာနဲ့ အလိုအလျောက် ပွင့်သွားပါတယ်)

(၅) အငွေ့ကို ပါးစပ်ကနေ ရှူသွင်းဖို့ mouthpiece ပါတတ်ပါတယ်။
..
..

🔷 E-liquid ထဲမှာ ဘာတွေပါလဲ ?

E-liquid ကို e-juice (ဒါမှမဟုတ်) vape juice လို့ ခေါ်ပါတယ်။ E-liquid ကို Vape pen ထဲထည့်ပြီး အငွေ့ရှူကြတာပါ။ E-liquid မှာ…

(၁) ရေငွေ့

(၂) Flavoring လို့ ခေါ်တဲ့ အရသာရှိစေတဲ့အရာ
( Flavoring တစ်မျိုးစီမှာ သီးခြား ပါဝင်ပစ္စည်းတွေ ရှိပါတယ် )

(၃) Nicotine
( စီးကရက်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ E-liquid ထဲမှာလည်း ပါဝင်ပါတယ်။ နီကိုတင်းဟာ စွဲလမ်းတတ်တဲ့အပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ် )

(၄) အငွေ့ဖြစ်ဖို့သုံးတဲ့ Propylene glycol and glycerin (အလှဆီ)…. တို့ ပါဝင်ပါတယ်။
..
..

🔷 Vaping ဘယ်လို အလုပ်လုပ်လဲ?

🔸သေးငယ်တဲ့ ကိရိယာတစ်ခုကနေ ဘက်ထရီရဲ့ အကူအညီနဲ့ အရည်ကို အပူပေးပြီး ရလာတဲ့ အငွေ့ကို အဆုတ်ထဲ ရှူသွင်းကြတာကို Vaping လုပ်တယ်လို့ခေါ်ပါတယ်။

🔸ဒီအငွေ့ထဲမှာ နီကိုတင်း (nicotine) နဲ့ ဓာတုပစ္စည်း အမှုန်တွေ၊ ဆွဲဆောင်မှုရှိအောင် လုပ်ထားတဲ့ အနံ့ (flavoring) အမှုန်တွေနဲ့အတူ လေထုထဲမှာတဲ့ရှိ တခြားအရာဝတ္ထုတွေရဲ့ အမှုန်တွေလည်း ပါဝင်ပါတယ်။

🔸ဒီအမှုန်တွေကို e-cigarette လို့ခေါ်တဲ့ ကိရိယာမှာပါတဲ့ ပါးစပ်နဲ့ရှူလို့ရတဲ့ mouthpiece ကနေ ရှူသွင်းရပြီး လည်ချောင်းမှတစ်ဆင့် အဆုတ်ထဲကို ရောက်ရှိသွားတာဖြစ်ပါတယ်။
..
..

🔷 Vaping နဲ့ စီးကရက်သောက်တာ ဘာကွာလဲ ?

နှစ်မျိုးလုံးရဲ့ တူညီတဲ့အချက်ကတော့ nicotine နဲ့ တစ်ခြား ပါဝင်ပစ္စည်းတွေကို အဆုတ်ထဲ ရှူသွင်းကြတာ ဖြစ်ပါတယ်။

E-cigarette တွေမှာ အငွေ့ဖြစ်ဖို့ e-liquid ကို အပူပေးရပြီး စီးကရက်မှာတော့ ဆေးရွက်ကြီးကို မီးရှို့ရတာ ဖြစ်ပါတယ်။
..
..

🔺 Vaping က စီးကရက်သောက်တာထက် ပိုဆိုးလား ?

နှစ်မျိုးလုံးက စွဲလမ်းနိုင်ပြီး အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲ ရောက်ရှိစေပါတယ်။

စီးကရက်ထဲမှာ ဓာတုပစ္စည်းတွေ ပိုများပါတယ်။ Vape ကတော့ ပေါ်တာမကြာသေးလို့ ရေရှည်မှာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သေချာ မသိရသေးပါဘူး။

Vaping က စီးကရက်သောက်တာလောက် အန္တရာယ်မများဘူးလို့ ဆိုကြပေမယ့် ဓာတုအမှုန်တွေကို ရှူသွင်းတာဖြစ်တဲ့အတွက် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
..
..

🔺 Vaping ကြောင့် ဖြစ်နိုင်သော ကျန်းမာရေး ပြဿနာများ

(၁) ပန်းနာရင်ကျပ်ရောဂါ

Vaping က ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ ရှိပြီးသား ပန်းနာရင်ကျပ်ကို ပိုဆိုးစေပါတယ်။
.

(၂) အဆုတ်အမာရွတ်ဖြစ်ခြင်း

တစ်ချို့ vape တွေမှာ အသုံးပြုတဲ့ Diacetyl လို့ ခေါ်တဲ့ ဓာတုပစ္စည်းကြောင့် လေပြွန်တွေ ရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ် လို အမာရွက်တွေ (Popcorn Lung) ဖြစ်တတ်ပါတယ်။ .

(၃) ခန္ဓာကိုယ်အင်္ဂါတွေ ပျက်စီးတတ်ခြင်း

E-liquid မှာပါတယ့် nicotine နဲ့ ဓာတုပစ္စည်းတွေက နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။

Nicotine က ဦးနှောက်ဖွံ့ဖြိုးတာကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျဥ်းစေပြီး သွေးတိုးရောဂါလည်း ဖြစ်စေပါတယ်။
.

(၄) EVALI (e-cigarette or vaping, product use associated lung injury)

Vaping ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ရောဂါ ( EVALI) ကို ဖြစ်စေပါတယ်။ အဆုတ်ပျက်စီးပြီး ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ရင်ဘတ်အောင့်တာလိုမျိုး ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ EVALI ကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
.

(၅) စွဲလမ်းသွားခြင်း

Nicotine ဟာ အလွန်အမင်း စွဲလမ်းတတ်ပါတယ်။ ဦးနှောက်မှာ အပြောင်းအလဲဖြစ်စေပြီး nicotine ကို ထပ်ခါထပ်ခါ ပိုမိုလိုချင်နေတတ်ပါတယ်။

Vaping ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင်တောင် ဖြတ်ဖို့ ခက်ခဲနေတတ်ပါတယ်။

“Nicotine မပါပါ” (Nicotine free) ကြွေးကြော်ထားတဲ့ e-liquid တွေမှာတောင် nicotine အနည်းငယ် ရှိနေတတ်တဲ့အပြင် အမျိုးအမည်ခွဲခြားလို့မရတဲ့ ဓာတုပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။
.

(၆) ဆေးလိပ်သောက်တတ်သွားခြင်း

Vape စရှူတဲ့သူ တော်တော်များများဟာ နောက်ပိုင်းမှာ ပိုအန္တရာယ်များတဲ့ ဆေးလိပ်ကိုပါ သောက်တတ်သွားပါတယ်။
.

(၇) ပတ်ဝန်းကျင်အား ထိခိုက်စေမှု (Second-hand exposure)

Vaping ကြောင့် အငွေ့မထပေမယ့် အနီးအနားက လူတွေမှာ nicotine နဲ့ တခြား chemical တွေ ထိတွေ့မှုကို ဖြစ်စေပါတယ်။
.

(၈) ပေါက်ကွဲမှု

Vape ထဲရှိ battery ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရတာတွေ ရှိဖူးပါတယ်။
.

(၉) ကင်ဆာ

E-liquid ထဲရှိ ဓာတုပစ္စည်းတွေက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

တစ်ချို့က ဆေးလိပ်ဖြတ်ဖို့ vaping လုပ်ကြပါတယ်။ ဒါဟာ တကယ်တော့ ထိရောက်မှုမရှိဘဲ vape ကိုပါ စွဲသွားနိုင်ပါတယ်။

ဒါ့ကြောင့် Vaping ကို ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတွေမှာ သောက်သုံးခွင့် ကန့်သတ်ထားပါတယ်။
.

🔺 ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာဖြစ်ဖြစ်၊ ခေတ်မီချင်လို့ Vape သောက်တာပဲ ဖြစ်ဖြစ်… Vaping ဆိုတာကလည်း ဆေးလိပ်သောက်တာနဲ့ နည်းတူ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့နော် 🔺

မှီငြမ်း 📚
https://my.clevelandclinic.org/health/articles/21162-vaping

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#vaping

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂၀ မတ် ၂၀၂၃
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၀ မတ် ၂၀၂၃