ချာချာလည်မူးခြင်း (Vertigo) ( May, 2022 )
ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။
မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။
အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။
ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့ Benign positional vertigo အကြောင်းလေးရှင်းပြပါမယ်။ နာမည်မှာပါတဲ့ benignဆိုတဲ့စကားလုံးအတိုင်း မဆိုးရွားဘဲ သူ့ဘာသူ့တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။
ဘယ်သူတွေမှာပိုဖြစ်လေ့ရှိတာလဲ
အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက်ကြီးသူ အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ
အခုချိန်ထိတော့ ဘာကြောင့်ဖြစ်လဲတိတိကျကျ မသိရှိရပေမယ့် နားအတွင်းမှာရှိတဲ့ ဟန်ချက်ထိန်းညှိတဲ့ ပြွန်အတွင်းမှာ အမှုန်ထလို့၊ အတွင်းနားထဲကရောင်ရမ်းမှုတစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်းအကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
တစ်ခါမူးရင် ဘယ်လောက်ကြာတတ်လဲ၊ တခြားကော ဘာလက္ခဏာပြမှာလဲ
တစ်ခါချာချာလည်ရင် စက္ကန့်(၃၀) ၊ တစ်ခါတလေ (၁)မိနစ်လောက်ပဲကြာတတ်ပါတယ်။တစ်ခါတလေ ချာချာလည်မူးပြီးအန်တတ်ပါတယ်။ ခေါင်းဘယ်ညာ တစ်ဖက်ဖက်လှည့်တာနဲ့ (အမှုန်ထတာ ဖြစ်တဲ့နားဘက်) လှည့်မိရင် မူးတတ်ပါတယ်။
တခြားနားအူတာ၊ နားပင်းတာ၊ အန်တာတွဲဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။
ခေါင်းလှုပ်တ်ိုင်းမူးနေတော့ ဘယ်လိုလုပ်ကြမလဲ
အရင်ဆုံးကိုယ့်ကို ချာချာလည်စေတဲ့ ခေါင်းလှုပ်ရှားမှုပုံစံကိုရှောင်ပါ။
ခေါင်းကိုငြိမ်ငြိမ်လေးထားပေးပါ။
ခေါင်းလေ့ကျင့်ခန်းကို အောက်ပါအတိုင်းလုပ်ပေးပါ။
(၁) ကုတင်အစွန်မှာထိုင်ပါ
(၂) ခေါင်းကိုညာဘက် (၄၅)ဒီဂရီလှည့်ကာ ကိုယ်ကို ဘယ်ဘက်လှဲချလိုက်ပါ။ စက္ကန့် (၂၀-၃၀)လောက်အဲ့အတိုင်းလေးနေပေးပါ
(၃) ပြီးရင် ဖြည်းဖြည်းလေးထပြီး စက္ကန့် ၃၀ ပြန်ထိုင်ပါ
(၄) ထို့နောက် ခေါင်းကိုဘယ်ဘက်၄၅ဒီဂရီလှည့်ကာကိုယ်ကို ညာဘက်လှဲဲပြီး ၂၀-၃၀ စက္ကန့်လှဲနေပေးပါ
တစ်နေ့ (၃)ကြိမ်လောက်လုပ်ပြီး တစ်ခါလုပ်ရင် ၁၀ မိနစ်လောက်လုပ်ပေးပါ။
ဒုတိယတစ်ခုကတော့ နားအိမ်ရောင်ခြင်း (ခေါ် ) Acute labyrinthitis အကြောင်းလေးပြောပါမယ်။
ချာချာလည်မူးတာ မတိုင်ခင်မှာ ကိုယ်ထဲ virus ပိုးဝင်ခဲ့တာ အအေးမိခဲ့တာကြောင့်ပါ။
ဖြစ်တဲ့ပုံစံကတော့ ရုတ်တရက်ချာချာလည် မူးပြီးတော့ တစ်ခါမူးရင် နာရီပိုင်းကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။
၃-၄ ပတ်နေရင် ပြန်ပျောက်သွားတတ်ပါတယ်။
တတိယတစ်ခုကတော့ နားအူတာ၊ နားအိမ်တင်းတာ၊ အကြားအာရုံထိခိုက်တာပါ တွဲတတ်တဲ့ နားအိမ်အတွင်းဖိအားတက်ခြင်း (ခေါ်) Meniere’s disease လည်းရှိပါတယ်။
သူကတော့ ချာချာလည်ရင် မိနစ်ပိုင်း ကနေ နာရီပိုင်းလောက်အထိကြာတတ်ပါတယ်။
ဟန်ချက်မထိန်းနိုင်ပဲ လဲကျတဲ့အထိဖြစ်နိုင်ပါတယ်။
သူ့ကိုပိုဆိုးရွားစေတဲ့ အရက်၊ ချောကလက်၊ အငံများသောအစားအစာ၊ စိတ်ဖိစီးမှုတွေကို ရှောင်ပေးရပါမယ်။
အပေါ်မှာပြောခဲ့တဲ့ (၃)ခုလို ချာချာလည်မူးတာဟာ နားမှာပဲပြဿနာတက်တာလား၊ အန္တရာယ်ရှိနိုင်လား၊ ဘယ်လိုလုပ်ကြရမလဲဆိုရင်တော့
ချာချာလည်မူးစေတာဟာ….
လူတစ်ယောက်ရဲ့ ဟန်ချက် (ခေါ် ) balance ကိုထိန်းပေးတဲ့ နားအပြင် ဦးနှောက်အစိတ်အပိုင်းမှာ အကြိတ်တည်တာ၊ သွေးမရောက်တာ၊ ထိခိုက်မိတာစသည် တခြားသောအကြာင်းအရာများလည်းရှိပါသေးတယ်။
ဒါ့ကြောင့် ချာချာလည်မူးတာကို အရေးမကြီးပါဘူး ဆေးလေးပဲဝယ်သောက်လိုက်ပါတော့မယ်လို့ မပေါ့ဆကြဘဲနဲ့ ဆရာဝန်နဲ့သေသေချာချာလေး ခံစားရတဲ့လက္ခဏာကို တိုင်ပင်ဆွေးနွေးဖို့အကြံပေးလိုက်ပါတယ်
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.305, 344-345
OHCM 10th edition pg 462
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ---- ၁၈ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၈ မေ ၂၀၂၂