Whooping cough or pertussis (ကြက်ညှာချောင်းဆိုးရောဂါ) (September, 2022)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)

ကြက်ညှာချောင်းဆိုးရောဂါသည် အသက်ရှူလမ်းကြောင်းတွင်ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး လူတို့၏ ပါးစပ်၊ နှာခေါင်းနှင့် လည်ချောင်းတို့တွင် နေထိုင်သော Bordetella pertussis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါသည်။ အလွန်ကူးစက်မြန်သည့်ရောဂါဖြစ်ပြီး အထူးသဖြင့် ကာကွယ်ဆေးမထိုးရသော ကလေးများတွင် ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။

ထို့ကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားသော နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးနှင့်သက်ဆိုင်သည့် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။

🦠 ရောဂါကူးစက်ပြန့်ပွားပုံ

ကြက်ညှာချောင်းဆိုးရောဂါသည် နှာချေစဉ် (သို့မဟုတ်) ချောင်းဆိုးစဉ်ထွက်လာသော အစက်အမှုန်များမှတစ်ဆင့် ကလေးတစ်ဦးမှ တစ်ဦးသို့ လွယ်ကူလျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ဆေးကုသမှု စနစ်တကျ မခံယူသော လူနာများသည် သိသိသာသာချောင်းဆိုးခြင်း စတင်ပြီး နောက် (၃) ပတ်ကြာသည်အထိ ကူးစက်နိုင်ပါသည်။

နိုင်ငံအများအပြားတွင် (၃) နှစ်မှ (၅) နှစ်လျှင် တစ်ကြိမ် ကပ်ရောဂါအသွင်ဖြင့် ပုံမှန်ဖြစ်ပွားလေ့ရှိပါသည်။

🦠 ရောဂါလက္ခဏာများ

ရောဂါပိုးကူးစက်ဝင်ရောက်ပြီးနောက် (၁၀) ရက်ခန့်အကြာတွင် နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ နှာချေခြင်း၊ အဖျားရှိခြင်းနှင့် ချောင်းအနည်းငယ်ဆိုးခြင်းစသည့် သာမန်အအေးမိခြင်းရောဂါနှင့် တူ‌ညီသော ကနဦးရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါသည်။ ချောင်းဆိုးခြင်းသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီးနောက် အကြိမ်များစွာ အဆက်မပြတ် ပြင်းထန်စွာ ဖြစ်ပွားလာပါသည်။ အဆက်မပြတ်ပြင်းထန်စွာ ချောင်းဆိုးခြင်း၊ ရပ်နားချိန်တွင် စူးရှသောဆွဲငင်သံဖြင့် ကြက်တွန်သံသဖွယ်မြည်၍ အသက်ရှူသွင်းပါသည်။

အဆက်မပြတ်ပြင်းထန်ကြာရှည်စွာ‌ ချောင်းဆိုးခြင်းကြောင့် အောက်ဆီဂျင်လုံလောက်စွာ မရရှိသဖြင့် ကလေးသည် ပြာနှမ်းလာပါမည်။ ချောင်းဆိုးပြီးနောက် ကလေးသည် အော့အန်ပြီး ပင်ပန်းနွမ်းနယ်နေပါမည်။ အထူးသဖြင့် ညအချိန်တွင် မကြာခဏ ဖြစ်ပွားတတ်ပါသည်။

🦠 ကြက်ညှာချောင်းဆိုးရောဂါ၏ နောက်ဆက်တွဲပြဿနာများ

အဆုတ်ရောဂါသည် ကြက်ညှာချောင်းဆိုးရောဂါ၏ အဓိကနောက်ဆက်တွဲပြဿနာဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် (၆) ရာခိုင်နှုန်းခန့် ဖြစ်ပွားတတ်ပါသည်။ အဆုတ်ရောင်ရောဂါဖြစ်ပွားမှု အန္တရာယ်သည် အသက် (၆) လအောက် ကလေးငယ်များတွင် အသက်ကြီးသော ကလေးများထက် (၄) ဆခန့် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ဆက်တိုက်ချောင်းဆိုးနေစဉ် ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းသွားခြင်းနှင့် ဖျားခြင်းကြောင့် ကလေးငယ်များသည် တက်ခြင်း၊ တောင့်ခြင်းများ ဖြစ်တတ်ပါသည်။

🦠 ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ရေးနည်းလမ်းများ

ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ရန် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးပါဝင်သော ကာကွယ်ဆေးများ ထိုးနှံပေးရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ်ဆေး (DTP) (သို့မဟုတ်) ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent vaccine) အနေဖြင့် ထိုးနှံပေးခဲ့ပါသည်။ ပေါင်းစပ်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ကလေးများ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးထိုးပေးရသည့် အရေအတွက်ကို လျှော့ချနိုင်ပါသည်။

မှီငြမ်း
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂

တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း

https://facebook.com/telehealthmm

၁။ ဆုံဆို့နာရောဂါ (Diphtheria) အကြောင်း ဖတ်ရှုရန်
https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

https://moh.nugmyanmar.org/diphtheria-september-2022/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ --၁၉ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ---၁၉ စက်တင်ဘာ ၂၀၂၂