ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ (1st December 2021)
End Inequalities. End AIDS.
မညီမျှတာတွေကို ရပ်တန့်ပြီး အေအိုင်ဒီအက်စ်ရောဂါကို အဆုံးသတ်ကြမယ်။
အိတ်ချ်အိုင်ဗွီပိုး (HIV) သည် လူသန်းပေါင်းများစွာကို ထိခိုက်စေသော ကမ္ဘာ့ကျန်းမာရေးပြဿနာအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါသည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း သိသာသောတိုးတက်မှုများ ရှိခဲ့သော်လည်း (၂၀၂၀) ခုနှစ်အတွက် ချမှတ်ထားခဲ့သော အေအိုင်ဒီအက်စ်ရောဂါတားဆီးရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီခဲ့ခြင်းမရှိပေ။
မညီမျှမှုများ၊ ခွဲခြားမှုများ၊ လု့အခွင့်အရေးချိုးဖောက်မှုများတို့ကြောင့် အေအိုင်ဒီအက်စ်ရောဂါသည် ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေ ရခြင်းဖြစ်သည်။ ယခုအခါ COVID-19 ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူရာတွင် မညီမျှမှုများ၊ တားဆီးမှုများ မြင့်တက်လာပေရာ အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရသူများ၏ အသက်ရှင်ရပ်တည်နိုင်မှုသည်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရပါသည်။
End Inequalities. End AIDS.
“မညီမျှခြင်းတာတွေကို ရပ်တန့်ပြီး အေအိုင်ဒီအက်စ်ရောဂါကို အဆုံးသတ်ကြမယ်” ဟူသော (၂၀၂၁) ခုနှစ်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောသူများကို အာရုံစူးစိုက်မှုရှိလာစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုရယူရာတွင် မညီမျှမှုများ မြင့်တက်လာခြင်းကို သတိပြုမိစေရန် မီးမောင်းထိုးပြလျက်ရှိပါသည်။
လတ်တလော ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသော ရောဂါကူးစက်ခံရသူများနှင့် အေအိုင်ဒီအက်စ်ရောဂါကို ပိုမိုပျံ့ပွားစေသော မညီမျှမှုများကို အတူတကွ ရင်ဆိုင်တားဆီးကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲကြီးက တိုက်တွန်းထားပါသည်။
(၂၀၂၁) ခုနှစ်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့အတွက် အဓိကသတင်းစကားများမှာ
၁။ အေအိုင်ဒီအက်စ်ရောဂါအဆုံးသတ်စေရန် ထပ်လောင်းကတိပြုခြင်း
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မညီမျှမှုများနှင့် စိန်ခေါ်မှုများပေါ်ပေါက်လာသဖြင့် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်မှ (၂၀၃၀) ခုနှစ်တွင် ရပ်တန့်နိုင်ရန် ပိုမိုအားစိုက်ကြရမည်။
၂။ COVID-19 နှင့် အေအိုင်ဒီအက်စ်ရောဂါကို အတူတားဆီးခြင်း
အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားသူများကို ထိခိုက်စေသော COVID-19 ရောဂါ၏ ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းကြရမည်။
၃။ တန်းတူညီမျှမှု ရှိစေခြင်း
အေအိုင်ဒီအက်စ်ရောဂါကို ကြိုတင်ကာကွယ်ခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ကုသမှုရယူခြင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေရာဒေသမရွေး တန်းတူညီမျှရရှိနိုင်စေရန် အာမခံချက်ပေးရမည်။
၄။ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သောသူများကို အထူးဂရုပြုခြင်း
အေအိုင်ဒီအက်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာတုန့်ပြန်ဆောင်ရွက်မှုများတွင် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့သော နိုင်ငံများနှင့် ပြည်သူများကို ပိုမိုဂရုပြုကြစေရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မှတ်ချက်ပြုထားပါသည်။ နိုင်ငံအသီးသီးရှိ မတူကွဲပြားသော လူအုပ်စုများအပါအဝင် အေအိုင်ဒီအက်စ်ရောဂါ ပိုမိုဖြစ်ပွားထိခိုက်လွယ်သော အဓိကလူအုပ်စုများကိုလည်း အထူးဂရုပြုရန် လိုအပ်ပါသည်။
End Inequalities. End AIDS.
မညီမျှတာတွေကို ရပ်တန့်ပြီး အေအိုင်ဒီအက်စ်ရောဂါကို အဆုံးသတ်ကြမယ်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၁ ဒီဇင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁ ဒီဇင်ဘာ ၂၀၂၁