❤️🩹 ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့ ၂၀၂၂ ခုနှစ်၊ ဘဝတစ်သက်တာ ရှေးဦးသူနာပြုစုခြင်းပညာ
World First Aid Day 2022: Lifelong First Aid (September 10, 2022) ❤️🩹
ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့သည် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်းကို သိသာထင်ရှားစေရေးနှင့် ပြည်သူလူထုနှင့် စေတနာ့ဝန်ထမ်းများ သတိပြုမိစေရေးအတွက် အသိပညာပေးလှုံ့ဆော်မှုများကို ပြုလုပ်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းပညာဆိုင်ရာစင်တာ (Global First Aid Reference Centre: GFARC) က ထုတ်ပြန်ထားပါသည်။ ဘဝတစ်သက်တာ ရှေးဦးသူနာပြုစုခြင်းကို လေ့လာခြင်း၏ အရေးပါမှုအား ယခုနှစ်အတွက် ဦးစားပေးရွေးချယ်ထားပါသည်။
အသက်အရွယ်မရွေး ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အသိပညာရှိခြင်းသည် ပိုမိုဘေးကင်းပြီး ကျန်းမာသောလူ့အဖွဲ့အစည်းကို ဖန်တီးပေးနိုင်ပါသည်။ ကလေးများ၊ လူကြီးများနှင့် အဖိုးအဖွားများသည် အရည်အသွေးပြည့်မီသော ရှေးဦးသူနာပြုစုခြင်းပညာရပ်များကို တတ်မြောက်ထားသင့်သည်။ ရှေးဦးသူနာပြုစုခြင်းကို လေ့လာသင်ယူခြင်းနှင့် ပံ့ပိုးပေးရန် တစ်သက်စာလုပ်ဆောင်ချက်များသည် ပိုမိုခံနိုင်ရည် ပြည့်ဝစေနိုင်သည်။
မဟာဗျူဟာ ၂၀၃၀ နှင့်အညီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ်သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းတိုင်းကို သဘာဝဘေးအန္တရာယ်များသာမက နေ့စဉ်ကြုံတွေ့ရမည့် အန္တရာယ်များကို ကောင်းမွန်စွာရင်ဆိုင်ဖြေရှင်းနိုင်စေရန် ရှေးဦးသူနာပြုအစီအစဉ်များကို တိုးချဲ့လုပ်ဆောင်နေပါသည်။
ရှေးဦးသူနာပြုစုခြင်းသည် ထိခိုက်ဒဏ်ရာနှင့် ဝေဒနာသက်သာစေရန်နှင့် အသက်ရှင်ရန် အခွင့်အလမ်းတိုးတက်စေရန်အတွက် ထိရောက်မြန်ဆန်သော လုပ်ဆောင်မှုများပံ့ပိုးပေးနိုင်ရန် လိုအပ်သော အခြေခံကျွမ်းကျင်မှုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ချုပ်သည် နှစ်ပေါင်းတစ်ရာကျော် ရှေးဦးသူနာပြုစုခြင်းပညာကို ကမ္ဘာ့ထိပ်တန်းသင်ကြားပေးခြင်းနှင့် ပံ့ပိုးပေးသူဖြစ်သည်။
ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့သည် ကမ္ဘာတဝှမ်း၌ ရှေးဦးသူနာပြုစုခြင်းပညာကို လူသားချင်းစာနာမှုဆိုင်ရာ စွမ်းဆောင်မှုတစ်ရပ်အနေနှင့်လည်းကောင်း၊ ပိုမိုကျယ်ပြန့်သော ပရိသတ်ရရှိရန်၊ ရှေးဦးသူနာပြုစုခြင်းအကြောင်း တွေးခေါ်မှုပြောင်းစေရန်အတွက် ကျယ်ပြန့်ကောင်းမွန်သော ချဉ်းကပ်မှု၏ သော့ချက်တစ်ခုအဖြစ် သိသာထင်ရှားစေနိုင်ရန်လည်းကောင်း နှစ်စဉ်အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
ယခုအခါတွင် လူ့အဖွဲ့အစည်းများ၏ အနေအထားနှင့် လိုအပ်ချက်များ ပြောင်းလဲလာသော်လည်း ရှေးဦးသူနာပြုစုခြင်းသည် လုပ်ဆောင်မှုအဆင့်ဆင့်သာမဟုတ်ဘဲ လူသားဆန်ခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည် ဟူသော ယုံကြည်ချက်မှာ ပြောင်းလဲသွားမည်မဟုတ်ချေ။
မှီငြမ်း
https://www.globalfirstaidcentre.org/event/world-first-aid-day-2022-lifelong-first-aid/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၀ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၀ စက်တင်ဘာ ၂၀၂၂