၂၀၂၁ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် ကျရောက်သော "ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရေးနေ့" (World Food Safety Day 2021) တွင် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေးတိုးတက်မှု၊ စိုက်ပျိုးရေး၊ ဈေးကွက်ရရှိနိုင်မှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာမခံချက်ပေးနိုင်သည့် အစားအစာ ဘေးကင်းရေးကို ဝိုင်းဝန်းဖော်ဆောင်ကြရန်နှင့် အစားအစာကြောင့်ဖြစ်ပေါ်လာသော ဘေးအန္တရယ်များကို ကာကွယ်တားဆီး၊ စီမံဆောင်ရွက်ရာ၌ ပိုမိုအလေးထား ပူးပေါင်းပါဝင်ကြစေရန် ရည်ရွယ်ပါသည်။
ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော "ကျန်းမာသော အနာဂတ်အတွက် အစားအစာများကို ဘေးကင်းပါစေ" သည် လူသားများ၊ မြေကမ္ဘာနှင့် စီးပွားရေးတို့အပေါ် ရေတိုရေရှည် အကျိုးပြုနိုင်မည့် ဘေးကင်းသော အစားအစာများ ထုတ်လုပ်စာသုံးခြင်းကို အလေးထားကြစေရန် ဖြစ်သည်။ လူသားတို့၏ ကျန်းမာရေး၊ တိရစ္ဆာန်များ၊ အပင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ်တို့အကြား အပြန်အလှန်ဆက်နွယ်နေမှု (One Health approach) ကို နားလည်သဘောပေါက်ခြင်းသည် ကျွန်ုပ်တို့၏ အနာဂတ်လိုအင်များကို ရရှိရေးတွင် ကြီးစွာသော အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
ထိုသို့သော ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အောက်ပါအချက်များကို အလေးထားလိုက်နာရန် လိုအပ်ပါသည်။
၁။ ဘေးကင်းစိတ်ချရစေခြင်း - တာဝန်ရှိသူများသည် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရပြည့်ဝရေးကို ဆောင်ရွက်ပေးရန်
၂။ စနစ်ကျမှန်ကန်စွာ ထုတ်လုပ်ခြင်း - စိုက်ပျိုးရေးလုပ်ငန်းနှင့် အစားအစာထုတ်လုပ်သူများသည် ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်ရေးနည်းလမ်းများကို လိုက်နာရန်
၃။ ဘေးကင်းမှု ဦးစားပေးခြင်း - စားသောက်ကုန်လုပ်ငန်းဆောင်ရွက်သူများသည် အစားအစာများ ဘေးကင်းမှုကို ဦးစားပေးဆောင်ရွက်ရန်
၄။ ဘေးကင်းမှုကို သိရှိစေခြင်း - စားသုံးသူပြည်သူလူထုသည် အစားအစာများ ဘေးကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် လိုအပ်သော ကျန်းမာရေးအသိပညာများ ဖြည့်ဆည်းရန်
၅။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း - အစားအစာများ ဘေးကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်
ကျန်းမာသော အနာဂတ်အတွက် အစားအစာများကို ဘေးကင်းပါစေ
Safe food now for a healthy tomorrow
အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် လူတိုင်းနှင့်သက်ဆိုင်သည်
Food safety is everyone's business
- #WorldFoodSafetyDay
- ကျန်းမာရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၇ ဇွန် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၇ ဇွန် ၂၀၂၁