ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ် ၂၀၂၂
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ် ၂၀၂၂
အသက်ရှည်ခြင်းသည် လူတိုင်းအတွက်ဖြစ်သည်
LONG LIFE FOR ALL
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်၊ ဧပြီလ (၂၄) ရက်နေ့မှ (၃၀) ရက်နေ့အထိ
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်အဖြစ် ဧပြီလ၏ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပလေ့ရှိရာ ကူးစက်ရောဂါများဘေးမှ အသက်အရွယ်မရွေး ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို မြှင့်တင်ရန်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကမ္ဘာတစ်လွှားရှိ နိုင်ငံများနှင့်ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာစေရန် အသိပညာမြှင့်တင်ခြင်း၊ အရည်အသွေးမြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သော လမ်းညွှန်ချက်များနှင့် ပညာရပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်အောင် ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်၏ အန္တိမရည်မှန်းချက်မှာ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ၏ အန္တရာယ်မှ လူများနှင့် လူမှုအသိုက်အမြုံများကို ပိုမိုကာကွယ်မှုပေးနိုင်ရန် ဖြစ်သည်။
အသက်ရှည်ခြင်းသည် လူတိုင်းအတွက်
- “အသက်ရှည်ခြင်းသည် လူတိုင်းအတွက်” ဆိုသည်မှာ အလွယ်ပြောသော ကတိတစ်ခုမဟုတ်ပါ။ ပန်းတိုင်တစ်ခုဖြစ်ပါသည်။
- အကြောင်းမှာ လူတိုင်း ပြည့်ဝကောင်းမွန်သောဘဝရရှိဖို့ ထိုက်တန်သောကြောင့်ပင်တည်း။
- တစ်ချိန်ချိန်တွင် ပျော်ရွှင်ကြည်နူးစရာများကို ခံစားနေရင်း ဘဝကို သမင်လည်ပြန် လှည့်ကြည့်ကာ “တကယ်လို့များ” ဟု မတွေးမိကြစေရန်ဖြစ်သည်။
- ၁၇၉၆ ခုနှစ်မှ ယနေ့ထိ ကာကွယ်ဆေးများသည် နိုင်ငံရေး၊ အသားအရောင်၊ ဘာသာအယူဝါဒ၊ ကျားမ၊ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ လူ့အသက်များကို ကယ်တင်ခဲ့၊ ကယ်တင်ဆဲ၊ ကယ်တင်လျက် ရှိပေသည်။
- ကျောက်ရောဂါကို ရင်ဆိုင်တိုက်ခိုက်ခဲ့သော ပထမဆုံးကျောက်ရောဂါကာကွယ်ဆေးသည် လူတိုင်းအတွက် မျှော်လင့်ချက်ကို ပေးခဲ့သည်။
- ထို့နောက် ကာကွယ်ဆေး ရာပေါင်းများစွာ … ရာစုနှစ် နှစ်ခုကျော်အတွင်း လူသန်းပေါင်းထောင်ချီ၍ ပိုမိုအသက်ရှည်ရှည် နေနိုင်ခဲ့ကြသည်။
- မီးသတ်သမားများ၊ ဆရာဝန်များ၊ ဂီတပညာရှင်များအဖြစ် လူလားမြောက်ခဲ့ကြသည်။
- ဖခင်များ၊ မိခင်များ၊ မောင်နှမ သားချင်းများ ဖြစ်ထွန်းခဲ့ကြသည်။
- ထိုသို့သော အောင်မြင်မှု၊ ထိုသို့သော အထူးနေ့ရက်၊ ထိုသို့သော ပွေ့ဖက်နှစ်သိမ့်မှုများအတွက် ကာကွယ်ဆေးများကို အသိအမှတ် မပြုကြသော်လည်း ရှိပါစေ။
- ကာကွယ်ဆေးများ၏ တန်ဖိုးကို ထိုးနှံလိုက်သော ဆေးပမာဏများဖြင့်သာ တိုင်းတာခြင်းမဟုတ်။
- သက်ကောင်း ရှည်ရာရှည်ကြောင်းအတွက် ကာကွယ်ဆေးများကပေးသော အချိန်များဖြင့် တိုင်းတာပါသည်။
- ပြည့်စုံကောင်းမွန်သောဘဝကို ရရှိခံစားနိုင်စေရန် လူတိုင်းအတွက် အခွင့်အလမ်းများ၊ မျှော်လင့်ချက်များကို ကာကွယ်ဆေးများက ဆောင်ကြဉ်းပေးပါသည်။
- ထိုသို့သောဘဝမျိုးအတွက် ကျွန်ုပ်တို့အားလုံး ကြိုးစားရယူသင့်သည်သာ။
အသက်ရှည်ခြင်းသည်လူတိုင်းအတွက်
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၂၇ ဧပြီ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ... ၂၇ ဧပြီ ၂၀၂၂