World Suicide Prevention Day 2022: “Creating hope Through Action” (10th September 2022)

❤️ မိမိကိုယ်ကိုသတ်သေခြင်းအား ကာကွယ်တားဆီးရေး‌ဆိုင်ရာ ကမ္ဘာ့နေ့ – “မျှော်လင့်ချက်များရှင်သန်ဖို့ အတူတကွ ဆောင်ရွက်ကြရအောင်”

World Suicide Prevention Day 2022: “Creating hope Through Action” (10th September 2022) ❤️

ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း (၇၀၃,၀၀၀) ခန့် မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိသည်။ မိမိကိုယ်ကိုသတ်သေမှု တစ်ခုစီတိုင်း၏ နောက်တွင် သေကြောင်းကြံစည်သူ (၂၀) ခန့်ရှိပြီး သတ်သေရန် စဉ်းစားဖူးသူများစွာ ရှိသည်။ ထိုသို့ သတ်သေမှုများကြောင့် လူသန်းပေါင်းများစွာ စိတ်သောကရောက်ရပြီး ကာလကြာရှည်ပူဆွေးမှုများကို ခံစားကြရသည်။

မိမိကိုယ်သတ်သေခြင်း တစ်ခုစီတိုင်းသည် မိသားစုဝင်နှင့်တကွ ပတ်ဝန်းကျင်ရှိလူများအပေါ် ဆိုးကျိုးသက်ရောက်စေသောကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည်။ အသိပညာဖြန့်ဝေမြှင့်တင်ခြင်း၊ မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ခံစားရသည့် စိတ်ဒဏ်ရာများကို လျော့နည်းသက်သာစေခြင်းနှင့် သတင်းပို့လုပ်ငန်းစဉ်များကို အားပေးကူညီခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မိမိကိုယ်ကိုသတ်သေခြင်းများကို လျှော့ချနိုင်မည်ဖြစ်သည်။

မိမိကိုယ်ကိုသတ်သေခြင်း ကာကွယ်တားဆီးရေး အပြည်ပြည်ဆိုင်ရာအဖွဲ့(International Association for Suicide Prevention) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်း၍ မိမိကိုယ်ကိုသတ်သေခြင်းအား ကာကွယ်တားဆီးရေး‌ဆိုင်ရာ ကမ္ဘာ့နေ့ကို ၂၀၀၃ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။ မိမိကိုယ်ကိုသတ်သေခြင်းဆိုင်ရာ ပြဿနာများကို ပိုမိုဂရုပြုနိုင်ရန်၊ စိတ်ဒဏ်ရာဒဏ်ချက်များကို လျှော့ချနိုင်ရန်၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များအတွင်း အသိပညာဖြန့်ဝေမြှင့်တင်ပေးရန်နှင့် မိမိကိုယ်ကို သတ်သေခြင်းကာကွယ်တားဆီးရန်အတွက် ထိရောက်သော သတင်းစကားမျှဝေပေးရန် နှစ်စဉ် စက်တင်ဘာလ (၁၀) ရက်နေ့ကို “မိမိကိုယ်ကိုသတ်သေခြင်းအား ကာကွယ်တားဆီးရေး‌ဆိုင်ရာ ကမ္ဘာ့နေ့” အဖြစ်သတ်မှတ်ခဲ့သည်။

(၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်) အထိ “မိမိကိုယ်ကိုသတ်သေခြင်းအား ကာကွယ်တားဆီးရေး‌ဆိုင်ရာ ကမ္ဘာ့နေ့” ၏ ဆောင်ပုဒ်ကို “မျှော်လင့်ချက်များရှင်သန်ဖို့ အတူတကွ ဆောင်ရွက်ကြရအောင်” ဟု သတ်မှတ်ထားပါသည်။ ထိုဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုသတ်သေခြင်းများတွင် အခြားသော ရွေးချယ်စရာ မျှော်လင့်ချက်များ ရှိသေးကြောင်းနှင့် လူသားများအကြား ယုံကြည်ချက်နှင့် မျှော်လင့်ချက်အလင်းရောင်များ ရှိနေသေးသည်ကို သတိပြုနိုင်ရန်ဖြစ်သည်။

“မျှော်လင့်ချက်များရှင်သန်ဖို့ အတူတကွ ဆောင်ရွက်ကြရအောင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိကိုယ်ကိုသတ်သေရန် ကြံစည်တွေးတောဖူးသူများကို မျှော်လင့်ချက်ရှိသေးကြောင်းနှင့် ဂရုစိုက်မှုနှင့် အကူအညီများပေးအပ်လိုပါကြောင်း သတင်းစကားပါးခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် မည်မျှပင် နည်းပါးသည်၊ ကြီးမားသည်ဖြစ်ပါစေ ဘဝအတွက် လှုပ်ရှားရုန်းကန်နေရသူများကို မျှော်လင့်ချက်ပေးနိုင်ရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

စိတ်ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ မရှိသေးသော နိုင်ငံများတွင် မိမိကိုယ်ကိုသတ်သေခြင်း ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပဏာမပြည်သူ့ကျန်းမာရေးစောင့်‌ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ရန် မီးမောင်းထိုးပြလျက်ရှိပါသည်။ ဤဆောင်ပုဒ်ကို အခြေခံ၍ ကျွန်ုပ်တို့ အတူတကွဆောင်ရွက်ခြင်းနှင့် သတင်းစကားဖြန့်ဝေခြင်းအားဖြင့် မိမိကိုယ်ကို သတ်သေခြင်းအပေါ် ရှုမြင်နေသော အမြင်များကို ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

မိမိကိုယ်ကို သတ်သေခြင်းကြောင့် ပူဆွေးသောကရောက်ရရှာသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ကလေးသူငယ်များ အားလုံးအတွက် ကျွန်ုပ်တို့အားလုံး ကူညီဖေးမကြရမည်ဖြစ်သည်။ မိမိကိုယ်ကို သတ်သေခြင်းဆိုင်ရာ ပြဿနာများကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်နှင့် ထိုပြဿနာနှင့်ဆက်နွယ်၍ ရုန်းကန်တိုက်ခိုက်နေရသူများအားလုံးကို ကျွန်ုပ်တို့၏ အတွေ့အကြုံများ၊ အားပေးကူညီမှုများ မျှဝေပေးရမည်ဖြစ်ပါသည်။ မျှော်လင့်ချက်များ ဆက်လက်ရှင်သန်ရန်အတွက် ကျွန်ုပ်တို့အားလုံး အတူတကွ ဆက်လက်ဆောင်ရွက်ကြရပါမည်။

မှီငြမ်း
https://www.who.int/campaigns/world-suicide-prevention-day/2022

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန်-

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု

တယ်လီကျန်းမာ ဆေးခန်း (MOH)

https://facebook.com/telehealthmm

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဝန်ဆောင်မှု

တိုင်ပင်ဖော် ဝန်ဆောင်မှု (MOWYCA)

https://facebook.com/taingpinphaw

👉 အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဝန်ဆောင်မှု

Mind Healers -စိတ်ခွန်အားပေးသူများ (MOHADM)
https://facebook.com/MindHealersMM

ထုတ်ဝေသည့်နေ့စွဲ -- ၁၀ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၀ စက်တင်ဘာ ၂၀၂၂