မွေးကင်းစကလေး အသားဝါခြင်း
(Neonatal Jaundice) ( August, 2022 )
မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ အသားဝါရောဂါဟာ အထူးဂရုပြုရမယ့်ရောဂါတစ်ခုဖြစ်ပြီး မေမေတို့မဖြစ်မနေသိထားသင့်တဲ့အကြောင်းတွေ၊ မိမိရင်သွေးငယ်လေးအသားဝါဖြစ်နေတာကို ဘယ်လိုသိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် ဘာတွေဆောင်ရွက်ရမလဲ နဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို ပြောပြပေးသွားပါမယ်
ကလေးအသားဝါစေတဲ့ အဝါဓာတ် (သို့) Bilirubin
သွေးနီဥပျက်စီးပြိုကွဲပြီး အတွင်းက ဟေမိုဂလိုဘင် (Haemoglobin) ဓာတ်ပစ္စည်းပြိုကွဲတဲ့အခါ Bilirubin ဆိုတဲ့ အဝါဓာတ်တစ်မျိုးထွက်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် ဒီအဝါဓာတ်ကို အစာခြေလမ်းကြောင်းက ပြန်လည်စုပ်ယူပြီး ပုံမှန်ရှိရမယ့် သွေးတွင်းအဝါဓာတ်ကို ထိန်းညှိပေးထားတယ်။ သွေးတွင်းအသားဝါဓာတ် ပုံမှန်ထက် များစေတဲ့ အခြေအနေတွေမှာတော့ မွေးစကလေးငယ်မှာ အသားဝါရောဂါဖြစ်ရတယ်။
ဘာကြောင့် မွေးစကလေးငယ် အသားဝါဖြစ်ရသလဲ
ကလေးငယ်က လုံလောက်တဲ့ မိခင်နို့ရည် မရရှိတဲ့အခါ
သွေးနီဥပြိုကွဲစေသော သွေးနှင့်ဆက်စပ်ရောဂါတွေ (ဥပမာ G6PD ချို့တဲ့ခြင်း၊ ABO Incompatibility/ Rh Incompatibility စတဲ့ မိခင်နဲ့ ကလေးငယ်ရဲ့ သွေးအုပ်စု မကိုက်ညီ ဓာတ်မတည့်တဲ့ ရောဂါတွေ)
ကလေးငယ်မွေးစဥ်က မွေးရခက်တာ၊ ညှပ်ဆွဲမွေးတာမျိုးပြုရတဲ့အခါ ကလေးငယ်ဦးခေါင်းမှာ သွေးခြည်ဥ ထိခိုက်မိတဲ့အခါ သွေးနီဥပြိုကွဲပြီး အဝါဓာတ်များ အသားဝါဖြစ်စေတယ်
မီးဖွားစဥ်က မသန့်ရှင်းလို့ ကူးစက်ရရှိတဲ့ ရောဂါတွေ
ကလေးငယ်ရဲ့မွေးရာပါ ရောဂါတွေ (Genetic diseases)
ကလေးငယ်ရဲ့ အသည်းနှင့် သည်းခြေလမ်းကြောင်း ပုံမှန်မဟုတ်တဲ့အခါ (ဥပမာ သည်းခြေလမ်းကြောင်းကျောက်တည်တာ၊ မွေးရာပါ သည်းခြေလမ်းကြောင်းကျဥ်းတာ)
မွေးရာပါ Thyroid ဓာတ်ချို့တဲ့ရောဂါ (Congenital Hypothyroidism)
ကလေးအသားဝါမှန်း ဘယ်လိုသိနိုင်မလဲ
ဆီးအရောင်ကိုကြည့်ပါ (အနှီးမှာဆီးတွေဝါထိန်နေတဲ့အခါ ဂရုပြုပါ)
ဝမ်းအရောင်ကို ကြည့်ပါ (ဝမ်းအရောင်ဖျော့တဲ့အခါ ဂရုပြုပါ)
ကလေးက လန်းရဲ့လား၊ မှိန်းနေလား၊ နို့ကောင်းကောင်းစို့ရဲ့လား စတာတွေ ကြည့်ပါ။
ကလေးရဲ့ မျက်လုံး၊ ဗိုက်သား၊ ခြေလက်၊ခြေဖဝါးလက်ဖဝါး၊ ကိုယ်ခန္ဓာအနှံ့ ဝါနေလား သတိထားစောင့်ကြည့်ပါ။
အသားဝါ သံသယရှိက ကုသမှုခံယူဖို့ ဆေးရုံဆေးခန်းသွားရောက်ပါ။
အသားဝါတာက်ို ဘယ်လိုကုသသလဲ
ကလေးငယ်ရဲ့ သွေးတွင်းအဝါဓာတ်စစ်ဆေးပြီး လိုအပ်သလို မီးပြတာ၊ သွေးလဲကုသတာတွေပြုလုပ်ရတယ်။
မီးပြခြင်း (Phototherapy)
ကလေးငယ်ကို မိခင်နို့တိုက်ချိန်ကလွဲလို့ တစ်လျှောက်လုံးမီးပြာ (Blue Light) အောက်မှာ မီးပြပေးတာကို မိီးပြတယ်ဆိုတယ်။
အသားဝါတာ ဆိုးရင်တော့ သွေးလဲ/ သွေးသွင်းခြင်း (Exchange Transfusion) ပါ ပြုလုပ်ကုသရပါတယ်။ သွေးလဲကုသရတာဟာ ကလေးငယ်အတွက်လည်း နာကျင်မှုခံစားရစေသလို သွေးသွင်းခြင်းရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေလည်းဖြစ်ပေါ်စေနိုင်တယ်။
ကလေးအသားဝါတာကို မကုသဘဲ နေတဲ့အခါ အဝါဓတ်ဟာ ဦးနှောက်ထဲထိရောက်ပြီး ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တတ်၊ ဥာဏ်ရည်ထိခိုက်တတ်လို့ အသားဝါတာကို စနစ်တကျ ကုသမှုခံယူဖို့အရေးကြီးလှတယ်။
မေမေတို့ ဆောင်ရန်၊ ရှောင်ရန်
ကိုယ်ဝန်အပ်ပြီး ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ဆရာဝန်/ ကျန်းမာရေးဝန်ထမ်း နဲ့ မပြတ်ပြသ စောင့်ရှောက်မှုခံယူပါ။
ထိုးနှံရမယ့်ကာကွယ်ဆေး အပြည့်ထိုးပါ။
မီးဖွားတဲ့အခါ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းနဲ့သာ မွေးဖွားပါ။ ရောဂါပိုးကူးစက်မှုမရှိအောင် သန့်ရှင်းစိတ်ချရတဲ့ မီးဖွားမှုဖြစ်ပါစေ။
ရင်သွေးငယ်မွေးဖွားတဲ့အခါ မိခင်နို့ ကောင်းစွာတိုက်ကျွေးပါ။ နို့မထွက်/ အထွက်နည်းလျှင် ဖြည့်စွက်စာ တိုက်ကျွေးပါ။
အသားဝါတာကို ကြည့်ရခက်စေတာကြောင့် ကလေးငယ်ကို နနွင်းလူးပေးတာမျိုးရှောင်ပါ။
References
Oxford Handbook of Neonatology, 2nd Edition ; Neonatal Jaundice pg-386
Infant Jaundice | Mayo Clinic
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 28 August 2022
Last Updated: 28 August 2022