“Nephrotic Syndrome” (July 2023)

“ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု”

Nephrotic Syndrome ဆိုတာ ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့သွေးကြောငယ်တွေဟာ သွေးထဲက အညစ်အကြေးတွေနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။ အညစ်အကြေးနဲ့ အရည်တွေဟာ ဆီးအိမ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။

ဒီလို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့အစိတ်အပိုင်းတွေကို “glomeruli” လို့ခေါ်ပြီး၊ glomeruli လေးတွေ ပျက်စီးသွားတဲ့အခါ ပရိုတင်းဓာတ် အများအပြားဟာ ဆီးသွားတဲ့အခါ ပါလာပြီး နောက်ဆက်တွဲ လက္ခဏာအစုအဝေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာခြင်းကို Nephrotic Syndrome လို့ခေါ်တာပါ။

Nephrotic Syndrome ဟာ အရွယ်ရောက်ပြီးသူမှာရော၊ ကလေးငယ်တွေမှာရောဖြစ်နိုင်ပြီး ကုသလို့လည်းရနိုင်ပါတယ်။

.

.

🔹ဘာ့ကြောင့် Nephrotic syndrome ဖြစ်ရသလဲ

အညစ်အကြေးနဲ့ မလိုအပ်တာတွေ စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့ဆံခြည်မျှင်သွေးကြောအဖွဲ့အစည်း (glomeruli) ကို ပျက်စီးစေနိုင်တဲ့ ရောဂါတချို့နဲ့ အခြေအနေအချို့က Nephrotic Syndrome ကို ဖြစ်စေတာပါ။ ဒီထဲကမှ အဖြစ်များတာတွေကတော့….

(၁) ကလေးတွေမှာ nephrotic syndrome ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ (Minimal Change Disease) လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေထံက ကျောက်ကပ်တစ်သျူးစကိုယူပြီး အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ကြည့်တဲ့အခါမှာတော့ ပုံမှန်အတိုင်းဖြစ်နေတာကို တွေ့ရပါတယ်။

ဒီရောဂါမှာ ကျောက်ကပ်က ဘာကြောင့်အလုပ်မလုပ်တော့ဘဲ ရပ်သွားလဲဆိုတာကို အတိအကျတော့ မသိကြပါဘူး။ ရောဂါဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းအချို့ကတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှု၊ ဓာတ်မတည့်မှု၊ စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးဝါးတွေနဲ့ အကိုက်အခဲပျောက်ဆေး (NSAIDs) အသုံးပြုမှုတို့ ပါဝင်ပါတယ်။

.

(၂) Glomeruli ကို အမာရွတ်ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်တဲ့ Focal segmental glomerulosclerosis (FSGS) ကလည်း အရွယ်ရောက်ပြီးသားသူတွေမှာ Nephrotic syndrome ကို အဖြစ်အများဆုံးဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ FSGS ဟာ ဗိုင်းရပ်စ် (ဥပမာ HIV)၊ ဆေးဝါးများ၊ မျိုးရိုးဗီဇပြောင်းလဲမှုများ၊ အဝလွန်ခြင်း၊ သွေးတိုးနှင့် သွေးကြောရောဂါအပြင် အခြားများစွာသော ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

.

(၃) Glomeruli ရဲ့အမြှေးပါးတွေ ထူလာတဲ့ Membranous nephropathy လို့ခေါ်တဲ့ရောဂါဟာ PLA2R လို့ခေါ်တဲ့ ပဋိပဇီဝစ္စည်းတွေကြောင့် အဖြစ်များတာကိုတွေ့ရပြီး Nephrotic Syndrome ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အခြားအကြောင်းရင်းတွေကတော့ ကင်ဆာ၊ ငှက်ဖျား၊ အသည်းရောင် B ပိုးနဲ့ အရေပြားလေးဘက်နာ (lupus) တို့ ပါဝင်နိုင်ပါတယ်။

.

(၄) ဆီးချိုရောဂါဟာ အရွယ်ရောက်ပြီးသူတွေမှာ nephrotic syndrome ကိုဖြစ်စေတဲ့ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။ Diabetic nephropathy လို့ခေါ်တဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

.

(၅) အရေပြားလေးဖက်နာ Lupus (systemic lupus erythematosus) ကတော့ ကိုယ်ခံအားစနစ်ချို့ယွင်းတာကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါဖြစ်ပြီး Nephrotic Syndrome ဖြစ်စေနိုင်သလို၊ ကျောက်ကပ်ကို ဆိုးရွားစွာလည်း ပျက်စီးစေနိုင်ပါတယ်။

.

(၆) Amyloidosis ဆိုတာကတော့ သင့်သွေးထဲမှာ amyloid ပရိုတင်းတွေ စုပုံလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါကလည်း Nephrotic Syndrome ဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သင့်ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

.

.

🔹ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ

Nephrotic Syndrome ရဲ့ အဓိကလက္ခဏာစု လေးမျိုးရှိပါတယ်။

* ဆီးထဲတွင် ပရိုတင်းဓာတ်များလွန်းခြင်း (Proteinuria)

* သွေးထဲတွင် အဆီနဲ့ ကိုလက်စထရော ပမာဏများခြင်း (Hyperlipidemia)

* ခြေသလုံး၊ ခြေဖဝါး၊ ခြေချင်းဝတ်များနှင့် တစ်ခါတစ်ရံ လက်နှင့်မျက်နှာတို့တွင် ရောင်ရမ်းဖောလာခြင်း (oedema)

* သွေးထဲရှိပရိုတိန်းတစ်မျိုး (albumin) ပမာဏနည်းပါးခြင်း (Hypoalbuminemia) တို့ဖြစ်ပါတယ်။

.

.

🔹ဘယ်သူတွေက ပိုဖြစ်နိုင်လဲ

ဆီးချိုရောဂါ၊ သွေးလေးဘက်နာရောဂါနဲ့ amyloidosis စတဲ့ရောဂါအခြေအနေတွေက nephrotic syndrome ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

စတီးရွိုက်မဟုတ်တဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အကိုက်အခဲပျောက် ဆေးဝါးတွေ (NSAIDs) ကို ပုံမှန်သောက်သုံးသူတွေမှာလည်း အဖြစ်များပါတယ်။

အသည်းရောင်အသားဝါ B ပိုး C ပိုး၊ HIV နဲ့ ငှက်ဖျားရောဂါပိုးရှိသူတွေ၊ နောက်ပြီး ကလေးတွေမှာ ရောဂါပိုးတစ်ခုခုဝင်တာကို မကုသမိတာတွေကလည်း ရောဂါဖြစ်နိုင်ခြေ ပိုများစေပါတယ်။

.

.

🔹ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်လို့ရသလဲ

ကျောက်ကပ်ကနေ ပရိုတင်းဓာတ် ဘယ်လောက်စစ်ထုတ်နေလဲဆိုတာကို တိုင်းတာဖို့ ဆီးစစ်လို့ရပါတယ်။ အခြားကျောက်ကပ်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို စစ်ဆေးတဲ့ သွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဆီးချိုရောဂါ၊ သွေးလေးဘက်နာ စတဲ့ nephrotic syndrome ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိ/မရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။

ကျောက်ကပ်ရောင်ရောဂါကို အမျိုးအစားခွဲခြားဖို့ ကျောက်ကပ်တစ်သျူးစယူပြီး စစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

.

.

🔹နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေရှိနိုင်လဲ

မကုသဘဲထားမယ်ဆိုရင်တော့ အောက်ပါနောက်ဆက်တွဲတွေ ခံစားရနိုင်ပါတယ်။

* သွေးခဲခြင်း

(သွေးထဲက ပရိုတင်းဓာတ် အလွန်အကျွံဆုံးရှုံးသွားတာကြောင့် သွေးခဲတာကို မတားဆီးပေးနိုင်တော့လို့ ဖြစ်ပါတယ်)

* သွေးတွင်း ကိုလက်စထရောနှင့် triglycerides မြင့်မားခြင်း

* သွေးတိုးခြင်း

* ကျောက်ကပ်ပျက်စီးခြင်း

* အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါများဖြစ်ခြင်း

(ခန္ဓာကိုယ်မှာ ရောဂါပိုးကို တိုက်ထုတ်ပေးတဲ့ immunoglobulins လို့ခေါ်တဲ့ ပရိုတင်းဓာတ်တွေ ဆုံးရှုံးသွားလို့ဖြစ်ပါတယ်)

.

.

🔹ဘယ်လိုကုသကြမလဲ

ကုသနည်းအမျိုးမျိုးရှိပါတယ်။ ကိုလက်စထရောနဲ့ သွေးဖိအားကို လျှော့ချခြင်းနဲ့ ဖောရောင်ခြင်းကို သက်သာအောင်လုပ်ပေးခြင်းဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

* ACE inhibitors နဲ့ ARBs လို့ခေါ်တဲ့ သွေးပေါင်ကျဆေးတွေဟာ ကျောက်ကပ်ရဲ့ glomeruli အတွင်းဖိအားကို ထိန်းညှိပေးပြီး ဆီးထဲမှာပါဝင်နေတဲ့ ပရိုတင်းပမာဏကို လျှော့ချပေးပါတယ်။

* ဖောရောင်ခြင်းကို လျှော့ချပေးတဲ့ Diuretics ဆီးဆေးတွေ

* ကိုလက်စထရော ကျစေတဲ့ဆေးတွေ

* သွေးကျဲဆေးတွေ

* ခုခံအားစနစ်ကို ထိန်းပေးတဲ့ဆေးများနဲ့ စတီးရွိုက်ဆေးတွေ… စတာတွေ သောက်သုံးရနိုင်ပါတယ်။

ဒါ့အပြင်….

– ရောင်ရမ်းခြင်းကို လျှော့ချဖို့ ဆားလျှော့စားသင့်ပါတယ်။

– ပြည့်ဝဆီနဲ့ ကိုလက်စထရောနည်းတဲ့ အစားအစာတွေကိုပဲ စားသင့်ပါတယ်။

– ဒီနည်းလမ်းတွေနဲ့ မသက်သာရင်တော့ ကျောက်ကပ်ဆေးတာ၊ သန့်စင်တာမျိုး လုပ်ဖို့လိုအပ်နိုင်ပါတယ်။

.

.

🔹 Nephrotic syndrome ကို မဖြစ်အောင် ကာကွယ်လို့ရနိုင်လား

Nephrotic syndrome ရောဂါမဖြစ်အောင်တော့ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် glomeruli ကို မပျက်စီးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။

* သွေးတိုးနှင့် ဆီးချိုရောဂါရှိလျှင် ထိန်းပါ။

* အထူးသဖြင့် အသည်းရောင်အသားဝါရောဂါ (သို့မဟုတ်) အခြားရောဂါရှိသူများနဲ့ အလုပ်လုပ်ရာမှ ထိတွေ့ဆက်ဆံရရင် အဖြစ်များတဲ့ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးထိုးပါ။

* ပိုးသတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပဲ သောက်ပါ။

Reference: 📚

https:// www. webmd.com/a-to-z-guides/what-is-nephrotic-syndrome

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#nephrotic#nephrotic_syndrome

Ministry of Health,
National Unity Government.

Published on: July 13, 2023
Last updated: July 13, 2023