☮️ ခွဲခြားဆက်ဆံမှုတွေကို ကျော်လွန်နိုင်တဲ့ အဝန်းအဝိုင်း ☮️
ကမ္ဘာပေါ်က သန်းထောင်ပေါင်းများစွာသော လူသားတွေဟာ မျိုးနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ အသားအရောင်၊ ကျားမသဘာဝ၊ လိင်စိတ်တိမ်းညွှတ်မှု စသဖြင့် ကွဲပြားခြားနားမှု အမျိုးမျိုးနဲ့ ဖြစ်တည်ရှင်သန်နေကြတာဖြစ်ပါတယ်။ ဒါဟာ သဘာဝတရားဖြစ်ပြီး လူ့ဘောင်လောကရဲ့ အလှတရားလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို သဘာဝအရ မတူကွဲပြားခြားနားနေမှုအပေါ် ခွဲခြားဆက်ဆံတတ်တာကလည်း လူတွေပါပဲ။ မတူကွဲပြားခြားနားမှုတွေကို လက်ခံတတ်တဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို သင်ကြားပြသမခံရတဲ့ အခါ မိမိရဲ့ဖြစ်တည်မှုနဲ့ မတူခြားနားကွဲပြားနေတဲ့အရာတွေအပေါ် လက်မခံနိုင်ဘဲ ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်တတ်ကြပါတယ်။
အဲဒီလို ခွဲခြားဆက်ဆံခံရတာဟာ ရောဂါဘယဒဏ်နဲ့ စစ်မက်ဒဏ်တွေကြောင့် ခက်ခဲပင်ပန်းနေပြီးသား လူသားတွေအဖို့ ဘူးလေးရာ ဖရုံဆင့်ဖြစ်ပြီး လူမှုစီးပွားဘဝနဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးမှာ ထပ်ပြီး ထိခိုက်နာကျင်ခံစားကြရစေပါတယ်။
ခွဲခြားဆက်ဆံတတ်မှုက တစ်ဦးချင်းအတိုင်းအတာနဲ့ ကိုယ့်အဝန်းအဝိုင်း ဆက်ဆံရေး နယ်ပယ်ထဲမှာတင်မကဘဲ တစ်မျိုးသားလုံးအတိုင်းအတာအထိမှာပါ အစဉ်အလာသဘောဖြစ်သွားပြီး အသားကျနေခဲ့ပြီဆိုရင် အဲဒီလူမှုအဝန်းအဝိုင်းဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ဖြစ်ဖို့ အင်မတန်ခက်ခဲသွားမှာ ဖြစ်ပြီး များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့လည်း ခက်ခဲသွားမှာ ဖြစ်ပါတယ်။
ခွဲခြားဆက်ဆံမှုဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ တစ်ချို့ခွဲခြားဆက်ဆံမှုတွေက မြင်သာထင်သာရှိပြီး တစ်ချို့ခွဲခြားဆက်ဆံမှုတွေကတော့ မသိလိုက်မသိဖာသာ ဖြစ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားဆင်ခြင်ဖို့ လိုအပ်တာတစ်ခုက ကိုယ်ကခွဲခြားဆက်ဆံခံရသူ ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်က တစ်ခြားသူတွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုကို အားပေးအားမြှောက် ပြုတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
👉 အကြမ်းဖျဉ်းအားဖြင့် ခွဲခြားဆက်ဆံမှုပုံစံ (၄) မျိုး တွေ့ရလေ့ရှိပါတယ်။
🌏 တိုက်ရိုက်ခွဲခြားဆက်ဆံခြင်း (လူတစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှုရပ်တည်မှုအပေါ်မှာ ခွဲခြားဆက်ဆံခြင်း)
🌏 သွယ်ဝိုက်ခွဲခြားဆက်ဆံခြင်း (ပြောဆိုပြုမူမှုတွင် ခွဲခြားဆက်ဆံရာရောက်သည့် သဘောသဘာဝ ပါဝင်နေခြင်း)
🌏 ထိကပါးရိကပါးလုပ်ခြင်း (အခြားသူတစ်ဦး၏ အရှက်နဲ့ ဂုဏ်သိက္ခာကို ထိပါးစေနိုင်တဲ့ မလျော်ကန်တဲ့ အပြုအမူအပြောအဆိုတစ်ခုခုကို လုပ်ဆောင်ခြင်း၊ နိုင်လိုမင်းထက် ပြုမူပြောဆိုခြင်းတို့အားဖြင့် တစ်ဖက်သားအား အနေအထိုင်ခက်စေခြင်း)
🌏 အားနည်းထိခိုက်ခံစားရသူ ဖြစ်စေခြင်း (အခွင့်အရေးများအား အကြောင်းပြချက်တစ်ခုခုဖြင့် ပိတ်ပင်တားဆီးကာ နာကျင်ခံစားရစေခြင်း)
👉 ခွဲခြားဆက်ဆံရာရောက်သည့် အပြုအမူအပြောအဆိုအချို့
🌏 တစ်ဦးတစ်ယောက်အား အဖွဲ့မှဖယ်ကြဉ်ထားခြင်း၊ ဆွေးနွေးစကားပြောဆိုခွင့် မပေးခြင်း
🌏 အဖွဲ့အတွင်း လူစုမိပြီဆိုလျှင် တစ်ဦးတစ်ယောက်၏ ကွဲပြားမှု သို့မဟုတ် အားနည်းမှုကို ဖော်ထုတ်ပြီး လှောင်ပြောင်ခြင်း
🌏 တစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို အလကားပါကွာ ဘာမှတန်ဖိုးရှိတဲ့ဟာ မဟုတ်ပါဘူး ဟူသည့် မှတ်ချက်အား လူအများကြားပြောဆိုခြင်း
🌏 တစ်ဖက်သားအား နှုတ်အားဖြင့် ဒါ မင်းနဲ့မဆိုင်ဘူး၊ မင်းနဲ့မတန်ဘူး ဟု ပြောဆိုခြင်း
🌏 တစ်ဖက်သားအား မတူမတန်သလို၊ အထင်သေးအမြင်သေးသလို မျက်နှာအမူအယာ၊ ကိုယ်ဟန်အမူအယာများဖြင့် ဆက်ဆံခြင်း
🌏 အကြောင်းအမျိုးမျိုးကြောင့် သားသမီးမရနိုင်သူရှေ့မှာ မိမိသားသမီးအကြောင်း ကြွားဝါပြောဆိုမိခြင်း
🌏 အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်ပေးမှဖြစ်မယ်ဆိုတဲ့ တစ်ဖက်သားကို တစ်ဆင့်နိမ့် အားနည်းသယောင် သက်ရောက်တဲ့ စကားများကို ပြောဆိုခြင်း
👉 ခွဲခြားဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုများ
ဘယ်လိုပုံစံနဲ့ ခွဲခြားဆက်ဆံခံရတာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံခံရပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ နာကျင်ခံစားရမှုတွေ၊ အပျက်အတွေးတွေ၊ ပစ်ပယ်ခံရလို့ စိတ်တိုဒေါသထွက်ရမှုတွေ၊ ရှက်ရွံ့သိမ်ငယ်ရမှုတွေကို ကြုံတွေ့ခံစားကြရပြီး
🌏 နှလုံးခုန်နှုန်းမြန်လာတာတွေ
🌏 သွေးတိုးခေါင်းကိုက်ဝေဒနာတွေ
🌏 အိပ်မပျော်စားမဝင်ဖြစ်ရတာတွေ
🌏 နွမ်းနယ်ပင်ပန်းလွယ်တာတွေ ဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ကိုယ်စိတ်နှစ်ပါး အဆင်မပြေမှုတွေကြောင့် လုပ်ငန်းခွင်နဲ့ ပညာရေးမှာလည်း ခက်ခဲလာနိုင်ပါတယ်။
👉 ဒီလိုခွဲခြားဆက်ဆံမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ
ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာအားကောင်းပြီး ခွဲခြားဆက်ဆံမှုတွေကင်းတဲ့ လူမှုအဝန်းအဝိုင်း ဖြစ်ပေါ်လာဖို့ကို ရည်မှန်းချက်ထားကြရမှာဖြစ်ပါတယ်။
🌏 မိမိတို့ရဲ့ လူမှုအဝန်းအဝိုင်းအတွင်းမှာ မတူကွဲပြားခြားနားမှုတွေကို အရှိအတိုင်း လက်ခံနိုင်တဲ့ ခံယူချက်သဘောထားတွေ အားကောင်းလာအောင် လုပ်ဆောင်ကြရပါမယ်။
🌏 မတူကွဲပြားခြားနားမှုတွေကို အလှတရားနဲ့ တန်ဖိုးအနေနဲ့ သိမြင်လက်ခံလာအောင် လုပ်ဆောင်ကြရပါမယ်။
👉 တစ်ဦးချင်းအနေနဲ့
🌏 မိမိတန်ဖိုးကို မိမိကိုယ်တိုင်က သိရှိနေအောင် လုပ်ဆောင်ထားရပါမယ်။ ဒါမှသာ တစ်ပါးသူတွေရဲ့ ပြုမူပြောဆိုမှုတွေကြောင့် ကိုယ့်ကိုယ့်ကိုယ် သိမ်ငယ်စိတ်ဝင်တာမျိုး မဖြစ်မှာပါ။
🌏 ခွဲခြားပြောဆို ဆက်ဆံခံရလို့ စိတ်မှာ နာကျင်ဝမ်းနည်းရတယ်ဆိုရင် စာနာနားလည်တတ်တဲ့ မိတ်ဆွေတွေဆီမှာ ရင်ဖွင့်နိုင်ပါတယ်။
🌏 မိမိကိုယ်တိုင်ကလည်း ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တစ်ခြားသူတွေအပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး မလုပ်မိဖို့ ဂရုစိုက် ဆင်ခြင်ကြရပါမယ်။
🌏 တခြားသူတွေက ခွဲခြားဆက်ဆံမှုလုပ်တာကို မျက်စိရှေ့မှောက် မြင်တွေ့လာရတဲ့အခါမှာ မျက်နှာလွှဲခဲပစ်မနေဘဲ ခွဲခြားဆက်ဆံခံရသူဖက်ကနေ အားပေးရပ်တည်ပေးရပါမယ်။
မိသားစုအတွင်းက သွန်သင်မှုတွေ၊ လူကြီးသူမတွေရဲ့ ပြုမူပြောဆိုမှုတွေ၊ စာသင်ခန်းအတွင်းက သင်ကြားပြသမှုတွေ၊ လူမှုအဝန်းအဝိုင်းအတွင်းက အပြန်အလှန်ဆက်ဆံမှုတွေမှာ လူကိုလူလို တန်ဖိုးထားတတ်တဲ့ ခံယူချက်သဘောထားနဲ့ မတူကွဲပြားခြားနားမှုတွေကို အရှိအတိုင်းလက်ခံနိုင်တဲ့ ခံယူချက်သဘောထားတွေ မပါခဲ့ရင် မျိုးဆက်သစ်တွေမှာပါ လူအချင်းချင်း ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ဆက်လက်အားကောင်းနေစေတော့မှာဖြစ်ပါတယ်။
လူကိုလူလိုတန်ဖိုးထားတတ်တဲ့ ခံယူချက်သဘောထားတွေကို တစ်ဦးချင်းကနေ အဝန်းအဝိုင်းဝင်အားလုံး သင်ယူရရှိနိုင်ကြပါမှ အနာဂတ်မှာ မတူကွဲပြားခြားနားမှုတွေကို အရှိအတိုင်းလက်ခံနိုင်ပြီး လူအချင်းချင်း ခွဲခြားနှိမ်ချဆက်ဆံမှုတွေ လျော့နည်းသွားနိုင်မှာ ဖြစ်ပါတယ်။
ကိုးကား
၁) https://apa.org/topics/racism-bias-discrimination/
၂) https://bit.ly/3GstfFF
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးစိုးရ (NUG)
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.




Published on: 29 May 2022
Last Updated: 29 May 2022