“Office Syndrome” (October 2023)

Office Syndrome ဆိုတာကတော့ ရုံးအလုပ်သမားတွေ၊ အထူးသဖြင့် အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာအစု တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် office syndrome လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ရောဂါထက် လက္ခဏာအစုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဘာကြောင့် ဖြစ်တာလဲဆိုတော့ အချိန်အကြာကြီး ထိုင်နေရာကနေ မိမိထိုင်တဲ့ အနေအထားက မမှန်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကွန်ပြူတာ၊ laptop အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရှေ့မှာ အချိန်ကြာကြာ အလုပ်လုပ်နေရတဲ့သူတွေမှာ ဖြစ်တတ်တာပါ။

အဓိကကတော့ မိမိအလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်အနေအထားက အဆင်မပြေတဲ့အခါ ဖြစ်နိုင်ပါတယ်။ မိမိအရပ်နဲ့ စားပွဲအမြင့် အံကိုက်ဖြစ်မနေတာ၊ မိမိအသုံးပြုတဲ့ ကွန်ပြူတာ၊ ကီးဘုတ်တို့နဲ့ မိမိလက်အနေအထား မမှန်တာတို့ကြောင့် အဆင်ပြေသလို ထိုင်ရာကနေ office syndrome ကို ခံစားရတတ်ပါတယ်။

ပုခုံးကို ကွေးထားပြီး ကွန်ပြူတာ screen ကို ငုံ့ကြည့်နေရတဲ့အခါတွေမှာဆိုရင် ပုခုံးကကြွက်သားတွေက တောင့်တင်းနေတဲ့အတွက်ကြောင့် ကြာလာတဲ့အခါမှာ ကြွက်သားအားနည်းတာတွေ ဒါမှမဟုတ် တခြားကြွက်သားအုပ်စုတွေမှာ ဖိအားများတာတွေ ဖြစ်လာတတ်ပါတယ်။

ကွန်ပြူတာ screen ကြည့်ပြီး အချိန်အကြာကြီး အလုပ်လုပ်ရတဲ့အတွက်ကြောင့်လည်း မျက်လုံးခြောက်တာ၊ ခေါင်းကိုက်တာတွေ၊ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျတာ၊ ညအိပ်မပျော်တာ၊ မောပန်းတာ၊ နုံးတာတွေ ကြုံရနိုင်ပါသေးတယ်။

🔺Office syndrome ရဲ့ လက္ခဏာတွေက ဘာလဲ

– နောက်ကျော၊ လည်ပင်း၊ ပုခုံးနဲ့ ဒူးတို့မှာ နာကျင်တာ

– လက်ချောင်းတွေ၊ လက်မောင်းနဲ့ ခြေထောက်တို့ ထုံကျဥ်တာ

– ကြွက်သားတွေ နာကျင်တာ

– Carpal tunnel syndrome လို့ခေါ်တဲ့ လက်ကောက်ဝတ်ကို ထောက်ပံ့တဲ့အကြောတွေ ညှစ်ခံရ၊ ဖိခံရတဲ့ ဝေဒနာ ခံစားရတာ

– Trigger finger လို့ခေါ်တဲ့ လက်ချောင်းတွေ ကွေးတဲ့၊ ဆန့်တဲ့အချိန်မှာ နာကျင့်တဲ့၊ တောင့်တင်းတဲ့ ဝေဒနာခံစားရတာ

– အရွတ်ရောင်တာ

– ခေါင်းကိုက်တာ

– မျက်လုံးခြောက်တာ

– မျက်လုံးမှာ ခိုးလိုးခုလု ဖြစ်တာ

– စိတ်ဓာတ်ကျတာ

– ညအိပ်မပျော်တာ

– ပင်ပန်းတာ၊ နုံးတာ

– အစာမကြေတာ အစရှိတာတွေ ခံစားရနိုင်ပါတယ်။

🔹ဘယ်လိုကုသနိုင်လဲ

အကယ်၍ မိမိမှာ office syndrome ဖြစ်နေပြီလို့ သံသယရှိတယ်ဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ X-ray၊ အာထရာဆောင်း အစရှိတဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူသင့်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းက အထိရောက်ဆုံး ကုသခြင်းဖြစ်တယ်ဆိုတဲ့ စကားအတိုင်း အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့ ရုံးထိုင်အလုပ်သမားတွေအတွက်တော့ Office syndrome မဖြစ်ဖို့ရာအတွက် ကြိုတင်ကာကွယ်နိုင်ပါတယ်။

.

ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေက‌တော့…

• ခန္ဓာကိုယ်အနေအထား မှန်ပါစေ။ ထိုင်တဲ့အခါ ခါးကိုမတ်ပြီး ပုခုံးကို သက်တောင့်သက်သာဖြစ်အောင်ထားပါ။ အလုပ်လုပ်မှ မဟုတ်ဘဲ ဘယ်နေရာမှာထိုင်ထိုင် ခန္ဓာကိုယ်အနေအထားမှန်ခြင်းကလည်း Office syndrome မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။

• မိမိထိုင်တဲ့ အနေအထားကို ချိန်ညှိပါ။ ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်အောင် (၂) နာရီတစ်ခါလောက် အနေအထားပြောင်းလဲချိန်ညှိပြီး ထိုင်ပေးခြင်းကလည်း ကြွက်သားတွေ နွမ်းနယ်ပင်ပန်းတာကို လျှော့ချပေးနိုင်ပြီး ကြွက်သားတွေ အလွန်အကျွံပျော့ပြဲတာမျိုးတွေကို သက်သာစေနိုင်ပါတယ်။ ထိုင်တဲ့အခါမှာ ခုံအစွန်းမှာ လျော့တိလျော့ရဲ ထိုင်တာတွေကို ရှောင်ကြဥ်သင့်ပါတယ်။

• တစ်နေ့ကို နာရီဝက်ခန့်၊ တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ မိမိရဲ့ ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။

• မိမိအလုပ်လုပ်တဲ့ စားပွဲအနေအထားကလည်း အရေးကြီးပါတယ်။ ကွန်ပြူတာ၊ mouse တို့ကို မိမိရဲ့ မျက်လုံးတည့်တည့်ရှေ့ သင့်တော်တဲ့အကွာအဝေးမှာ ထားပါ။ ကွန်ပြူတာ screen ကို မိမိရဲ့ လက်တစ်ကမ်းစာ အကွာအဝေး၊ မိမိမျက်လုံးနဲ့ တစ်တန်းတည်း ဒါမှမဟုတ် မိမိမျက်လုံးရဲ့အောက် မရောက်တရောက် အနေအထားလောက်မှာ ထားနိုင်ရင် ပိုကောင်းပါတယ်။

• အနားယူပါ။ မျက်လုံးနဲ့ ကြွက်သားတွေကို အနားပေးဖို့အတွက် အလုပ်တောက်လျှောက်မလုပ်ဘဲ ခဏတဖြုတ် အနားယူပါ။ အကြောဆန့်တဲ့လေ့ကျင့်ခန်းမျိုး၊ လမ်းလျှောက်ပြီး ခဏအနားယူတာမျိုး လုပ်ပေးပါ။

.

အထက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်နာရင်း office syndrome ကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

Reference – 📖https://www.dtapclinic.com/…/office-syndrome-causes…/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar#office_syndrome

Ministry of Health,
National Unity Government.

Published on: October 11, 2023
Last updated: October 11, 2023