“Particle Pollution and Health” (March 2024)

အမှုန်အမွှားများကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုနှင့် သင့် ကျန်းမာရေး (Particle Pollution and Health)

မတ်လ၊ ၂၀၂၄ ခုနှစ်

သေးငယ်သော အမှုန်အမွှားများ (PM2.5) ကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုသည် လေထဲတွင် ကျန်းမာရေးနှင့်မညီညွတ်သော အဆင့် (ပမာဏ) သို့ ရောက်သောအခါတွင် စိုးရိမ်ဖွယ် ဖြစ်လာသည်။ ကျန်းမာရေးနှင့်မညီညွတ်သော PM2.5 ပမာဏများကို ရှူရှိုက်မိခြင်းသည် နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် မွေးကင်းစ ကိုယ်အလေးချိန်လျော့နည်းခြင်းစသည့် ကျန်းမာရေးပြဿနာများဖြစ်နိုင်ခြေကို မြင့်မားစေနိုင်သည်။ ကျန်းမာရေးနှင့်မညီညွတ်သော အမှုန်အမွှားများကြောင့် မြင်ကွင်းများကို မြင်နိုင်စွမ်းလျော့ကျစေပြီး လေထုကို မြူဆိုင်းသကဲ့သို့ ဖြစ်စေသည်။

🔴 သေးငယ်သော အမှုန်အမွှားများ (Fine particles) ကြောင့် ဖြစ်သည့် လေထုညစ်ညမ်းမှု ဆိုသည်မှာ အဘယ်နည်း။

သေးငယ်သော အမှုန်အမွှားများ (Fine particles) သို့မဟုတ် PM2.5 ဆိုသည်မှာ လေထုထဲရှိ ၂.၅ မိုက်ခရွန်နှင့်အောက် အချင်းရှိသည့် အလွန်သေးငယ်သော အမှုန်များကို ရည်ညွှန်းသည်။ အကြီးဆုံး PM2.5 အမှုန်သည်ပင် လူသားဆံပင်ထက် အဆ ၃၀ မျှ သေးငယ်သေးသည်။ ပိုမို သေးငယ်သော အမှုန်များသည် မည်မျှသေးငယ်သနည်းဆိုလျှင် ထောင်သောင်းမကသော အမှုန်များ စုပေါင်းထားလျှင်ပင် ဤစာကြောင်းရှိ ဝစ္စပေါက်/သေးသေးတင် တစ်ခုအတွင်းတွင် ဝင်ဆံ့သည်။

🔴 အမှုန်အမွှားများကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုသည် ကျန်းမာရေးကို အဘယ်ကြောင့် ထိခိုက်စေနိုင်သနည်း။

PM2.5 အမှုန်များသည် အလွန်သေးငယ်သောကြောင့် အဆုတ်အတွင်းရှိ အသက်ရှူလမ်းကြောင်းများအတွင်းသို့ ရောက်ရှိနိုင်ပြီး မျက်စိ၊ နား၊ နှာခေါင်းနှင့် အဆုတ်ကို ခဏတာ ရောင်ရမ်းစေနိုင်သည်။ ထို့ကြောင့် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်စေနိုင်သည်။ အမှုန်များကြောင့် နှလုံးနှင့် အဆုတ်၏ လုပ်ငန်းများကို ထိခိုက်စေနိုင်ပြီး ရင်ကျပ်ရောဂါနှင့် နှလုံးရောဂါများကို ပိုမို ဆိုးရွားစေသည့်အပြင် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း (နှလုံးသွေးကြောပိတ်ခြင်း) ဖြစ်နိုင်ခြေကို မြင့်မားစေသည်။ သိပ္ပံနည်းကျ လေ့လာချက်များအရ နေ့စဉ် PM2.5 အမှုန်များနှင့် ထိတွေ့မှုများခြင်းနှင့် နှလုံးရောဂါ၊ အဆုတ်ရောဂါများဖြင့် ဆေးရုံတက်ရခြင်း၊ အရေးပေါ်ဌာနသို့ ရောက်ခြင်းနှင့် သေဆုံးခြင်းတို့ ဆက်စပ်နေသည်။ လေ့လာချက်များအရ PM2.5 အမှုန်များကို ကြာရှည်ထိတွေ့မှုကြောင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်မားခြင်းကို တွေ့ရှိရသကဲ့သို့ နာတာရှည်အဆုတ်ပွခြင်း၊ အဆုတ်အားနည်းခြင်းနှင့် အဆုတ်ကင်ဆာဖြစ်ခြင်းတို့နှင့် ဆက်စပ်နေနိုင်ကြောင်း သိရသည်။ အထူးသဖြင့် နှလုံးရောဂါ ရှိသူများ၊ အသက်ရှူရ ခက်ခဲသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများသည် အလွန်သေးငယ်သော အမှုန်အမွှားများကြောင့် ဖြစ်သည့် လေထုညစ်ညမ်းမှုကို ခံနိုင်ရည် နည်းပါးနိုင်သည်။

🔴 အမှုန်အမွှားများကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုသည် အိမ်ပြင်ပနှင့် အိမ်တွင်းနေရာရင်းမြစ်များကြောင့် ဖြစ်ပေါ်စေနိုင်သည်။

🏭 အိမ်ပြင်ပရင်းမြစ်များတွင် ယာဥ်အိတ်ဇောပိုက်များ၊ ထင်း၊ ဂက်စ်နှင့် အခြားလောင်စာမီးများနှင့် မီးလောင်မှုများ ပါဝင်သည်။ အမှုန်အမွှားများကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုသည် မူလရင်းမြစ်မှ အလွန်ဝေးသောနေရာအထိ ရောက်ရှိနိုင်သည်။ ဥပမာအနေဖြင့် တောမီးလောင်ခြင်းမှ အမှုန်အမွှားများသည် မိုင်ရာချီအဝေးအထိ ရောက်နိုင်သကဲ့သို့ဖြစ်သည်။ အိမ်ပြင်ပ လေထုညစ်ညမ်းမှုအဆင့်သည် လေတိုက်နည်းခြင်း သို့မဟုတ် လေငြိမ်ခြင်း သို့မဟုတ် လေရောနှောမှုမရှိသော နေ့များတွင် ပိုမိုမြင့်မားနိုင်သည်။
🏭 အဖြစ်များသော အိမ်တွင်းလေထုညစ်ညမ်းမှု ရင်းမြစ်များမှာ ဆေးလိပ်မီးခိုး၊ အစားအစာများကြော်ခြင်း သို့မဟုတ် မီးကင်ခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်း သို့မဟုတ် ဆီမီးထွန်းခြင်း၊ မီးဖိုများနှင့် လောင်စာဆီသုံး အပူပေးစက်များဖြစ်သည်။

🔴 ပြင်ပလေသည် ကျန်းမာရေးနှင့်မညီညွတ်သောအခါ

🏭 အဆောက်အဦထဲတွင် ပိုမိုနေထိုင်ပါ။ အထူးသဖြင့် ကလေးငယ်နှင့် ဆယ်ကျော်သက်များ၊ အသက်ကြီးသူများ၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ကိုယ်ဝန်ဆောင်များနှင့် လေ့ကျင့်ခန်းလုပ်သူများ သို့မဟုတ် အပြင်တွင် အလုပ်လုပ်ရသူများစသည့် ကျန်းမာရေး ထိခိုက်လွယ်သော အုပ်စုအတွက် အရေးကြီးသည်။
🏭 အခန်းထဲတွင် ပူလာပါက တတ်နိုင်လျှင် လေအေးပေးစက်ဖြင့် အေးအောင် ပြုလုပ်ပါ။ သို့မဟုတ် အေးမည့်နေရာကို ရှာဖွေပါ။
🏭 အဆောက်အအုံပြင်ပတွင် မဖြစ်မနေ နေရမည့်သူများသည် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ခြင်း (အရန်သင့်ရနိုင်ပြီး မျက်နှာနှင့် အံကျသည့် Mask ကို သုံးပါ။ N95 သို့မဟုတ် KN95 သည် အကောင်းဆုံးဖြစ်လိမ့်မည်)။ မကြာခဏ အားလပ်ချိန်ယူခြင်းနှင့် လေထုအခြေအနေ ကောင်းလာချိန်တွင် လုပ်ဆောင်ရန် အလုပ် သို့မဟုတ် လေ့ကျင့်ခန်းအချိန်ဇယား ညှိခြင်းတို့ကို စဥ်းစားသင့်သည်။
🏭 ကျန်းမာရေးနှင့်မညီညွတ်သော လေထုဖြစ်ပေါ်နေချိန်တွင် ကျောင်းများ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ၊ အလုပ်သမားများနှင့် ကိုယ်လက်လှုပ်ရှားမှုအစီအစဥ်များကို အမိုးအကာအောက် လှုပ်ရှားမှုများ ပိုလုပ်ခြင်း သို့မဟုတ် ပြင်ပလှုပ်ရှားမှုများ လျှော့ချခြင်း စသည်ဖြင့် စီစဥ်သင့်သည်။
🏭 ရောဂါလက္ခဏာခံစားနေရသူများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ဆက်သွယ်သင့်သည်။
🏭 လေထုအရည်အသွေး အခြေအနေသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် လေထုအရည်အသွေးကို အချိန်နှင့်အမျှ ဖော်ပြပေးနေသော အင်တာနက်ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်လေ့လာပါ။

🔴 လေထုအရည်အသွေးဆိုင်ရာ သတိပေးချက်များကို လိုက်နာပါ။

ထိုနှိုးဆော်ချက်များကို သတင်းဌာနများ သို့မဟုတ် မိုးလေဝသဌာနများက မကြာခဏ ထုတ်ပြန်ကြော်ငြာလေ့ရှိသည်။

🔴 အိမ်တွင် လေသန့်စင်ခြင်း

🏭 လေသန့်စင်စက်သုံးရန် စဥ်းစားပါ။ ၎င်းသည် အိမ်တွင်းအမှုန်ပမာဏကို သိသာစွာ လျှော့ချပေးနိုင်သည်။
🏭 ပြတင်းပေါက်တွင် တပ်ဆင်ထားသော သို့မဟုတ် သယ်ရလွယ်သော အဲကွန်းများသည် အခန်းတွင်းမှ လေကို ပြန်လည် လည်ပတ်နေပါက အသုံးပြုရန် ကောင်းမွန်သည်။
🏭 အိမ်တွင်းရှိ လေကို ပြန်လည် လည်ပတ်စေရန် ပန်ကာကို အသုံးပြုနိုင်သည်။ သို့သော် ပြင်ပလေ ဝင်နိုင်သဖြင့် တစ်အိမ်လုံးရှိ ပန်ကာများကို အသုံးပြုခြင်း ရှောင်ကြဥ်ပါ။
🏭 ဗဟိုလေအေးပေးစက်နှင့် အပူဓာတ်ပေးစနစ်ရှိပါက လေကို တောက်လျှောက်သန့်စင်နိုင်ရန် အမြဲဖွင့်ထားပါ။
🏭 စွမ်းဆောင်ရည်မြင့်မားသော လေစစ်ကိရိယာကို တတ်နိုင်ပါက အသုံးပြုရန် စဥ်းစားပါ။
🏭 ပြင်ပလေ အရည်အသွေးကောင်းလျှင် ပြတင်းပေါက်နှင့် တံခါးများ ဖွင့်နိုင်ပြီး လတ်ဆတ်သော လေဝင်ရန် ပန်ကာများကို အသုံးပြုနိုင်သည်။

🔴 အလုပ်လုပ်သူများအတွက် အကြံပြုချက်များ

🏭 ပြင်ပလေ အရည်အသွေးသည် ကျန်းမာရေးနှင့်မညီညွတ်ပါက ပြင်ပအလုပ်ချိန်ဇယား ကြာရှည်ခြင်းနှင့် ကာယသုံးရသော အလုပ်များသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
🏭 လေအရည်အသွေး ကောင်းမွန်ချိန်အထိ မကြာခဏ အားလပ်ချိန်ယူခြင်းနှင့် အလုပ်ချိန်ညှိနှိုင်းရန် အလုပ်ရှင်အား တောင်းဆိုပါ။
🏭 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များကို လိုက်နာပါ။

🔴 ကျောင်းများနှင့် ကလေးစောင့်ရှောက်သူများအတွက် အကြံပြုချက်များ

🏭 လေထုအရည်အသွေးကို ဖော်ပြပေးသော ဝက်ဘ်ဆိုက်များတွင် လေထုအရည်အသွေးကို စောင့်ကြည့်ပါ။
🏭 ပြင်ပလေထု ကျန်းမာရေးနှင့် မညီညွတ်သည့် နေ့တွင် သတိပေးသည့် လေထုအရည်အသွေး သတိပေးအစီအစဉ် ပြုလုပ်နိုင်ရန် စဉ်းစားပါ။
🏭 ကျောင်းနှင့် ကလေးစောင့်ရှောက်သူများသည် ပြင်ပလေထု ညစ်ညမ်းစဉ်တွင် ပြင်ပလှုပ်ရှားမှုများနှင့် လေ့လာရေးခရီးစဉ်များကို ရပ်နားထားပါ။
🏭 အပြင်တွင် နေထိုင်မည့် ကလေးများသည် မျက်နှာနှင့် အံဝင်ခွင်ကျဖြစ်သော ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို တပ်ဆင်သင့်သည်။
🏭 လေထုအရည်အသွေး ကောင်းမွန်လာပါက ပုံမှန်လှုပ်ရှားမှုများ ပြန်လည် ပြုလုပ်နိုင်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ရန် မလိုအပ်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference:
Particle Pollution and Health, https://www.health.ny.gov/
————————-

လေထုညစ်ညမ်းမှုအန္တရာယ် (Air Pollution) နှင့် သင့် ကျန်းမာရေး (မတ်လ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid022ErNiWHtu2uSB2CHKuueeCP9PPNwqBHVga68kh8FpKKvNJYTM32vQbpr1fwgGPUPl

#nugmoh #airpollution #ParticlePollution #air #airquality #PM #ParticulateMatter #FineParticles

Ministry of Health,
National Unity Government.

Published on: March 12, 2024
Last updated: March 12, 2024