“Physical Activity for Mothers” (January 2024)

👯ကလေးတစ်ယောက် သွက်သွက်လက်လက် ရှိ/မရှိဆိုတာ သူ့ရဲ့မိခင်အပေါ် များစွာမူတည်ပါတယ်။

အင်္ဂလန်နိုင်ငံက လေးနှစ်အရွယ်ကလေးငယ် (၅၅၄) ယောက်နဲ့ သူတို့ရဲ့မိခင်တွေကို လေ့လာစမ်းသပ်ခဲ့တဲ့ တွေ့ရှိချက်အရ…

မိခင်ဖြစ်သူ ပြုလုပ်ခဲ့တဲ့ ကိုယ်လက်လှုပ်ရှားမှု ပမာဏရဲ့ (၁၀) % ဝန်းကျင်ဟာ ကလေးရဲ့ကိုယ်လက်လှုပ်ရှားမှုပြုတဲ့ ပမာဏဖြစ်ပါတယ်တဲ့။ ဥပမာ- မိခင်က တစ်နေ့ကိုတစ်နာရီလောက် လှုပ်လှုပ်ရှားရှားနေရင် ကလေးက ဆယ်မိနစ်ခန့် လှုပ်လှုပ်ရှားရှားလိုက်နေပါတယ်။

ပင်ကိုယ်သဘာဝအားဖြင့် ကလေးငယ်တွေက ဆော့ကစားရုံကလွဲလို့ သွက်သွက်လက်လက် သိပ်မလှုပ်ရှားတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အနီးကပ်ဆုံးအတုယူစရာက မိဘတွေဖြစ်တာကြောင့် မိခင်က သွက်သွက်လက်လက်နေရင် ကလေးကပါ သွက်သွက်လက်လက်ရှိတတ်ပါတယ်။

မိခင်ဖြစ်လာတဲ့အခါ အိမ်ရှင်မပီသအောင် အိမ်အလုပ်တွေက တစ်ဖက်၊ ကလေးဝေယျာဝစ္စက တစ်ဖက်နဲ့ ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်သိပ်မရတတ်ကြပါဘူး။ တချို့ အပြင်စီးပွားရေး၊ ရုံးအလုပ် လုပ်ကြတဲ့မိခင်တွေဆို ပိုဆိုးပါသေးတယ်။ ရုံးထိုင်၊ ဆိုင်ထိုင်နဲ့ လှုပ်ရှားမှု သိပ်မရှိတတ်ကြပါဘူး။

လေ့လာတွေ့ရှိချက်အရဆိုရင် မိခင်တွေရဲ့ (၅၃) % လောက်ကသာ တစ်ပတ်မှာတစ်ခါလောက် အသင့်အတင့်ကနေ အားကြိုးမာန်တက် ကိုယ်လက်လှုပ်ရှားမှု မိနစ်သုံးဆယ်လောက် လုပ်ဖြစ်ကြပါတယ်တဲ့နော်။

ဒါကြောင့် ကိုယ့်ကလေးကို သွက်လက်ချက်ချာပြီး ထက်ထက်မြက်မြက် ဖြစ်စေချင်ရင်တော့ မိခင်တွေကိုယ်တိုင်က စံပြဖြစ်အောင် လှုပ်ရှားမှရပါတော့မယ်။ 😎

လေ့ကျင့်ခန်းတွေ အပြင်းအထန် ထလုပ်ပစ်မှ မဟုတ်ပါဘူး။ သွက်လက်တဲ့နေ့စဉ်ဘဝ (Active Lifestyle) တစ်ခုကို ဖြည်းဖြည်းချင်း တည်ဆောက်နိုင်ပါတယ်။ ကလေးတွေအတွက် စံပြဖြစ်ရုံသာမက ကိုယ်တိုင်လည်းကျန်းမာနုပျိုလာပြီး ထက်မြက်တဲ့မေမေ (Smart Mommy) ဖြစ်လာနိုင်ပါတယ်။

🔺ဘယ်လို လှုပ်ရှားမှုနည်းလမ်းတွေကို လုပ်သွားနိုင်လဲ

(၁) ကလေးတွေနဲ့အတူ ဆော့ကစားပါ။

ကလေးတွေ ဆော့နေတဲ့အချိန် ဘေးကစောင့်ကြည့်ပေးရတာ ပင်ပန်းပါတယ်… ကိုယ်တိုင် ဝင်ဆော့လိုက်ပါနော်။ အားကစားတစ်မျိုးမျိုး လုပ်တာဆို ပိုကောင်းပါတယ်။ ကိုယ့်ကလေးက ဘာအားကစားဝါသနာပါလဲ‌ဆိုတာ လေ့လာပြီး ကိုယ်ပါအတူလိုက်လေ့ကျင့်ပါ။ ရေအတူတူကူးတာ၊ ကြက်တောင်ရိုက်တာကအစ ဘောလုံးကန်တာအထိ မရှက်ကြောက်ဘဲ လိုက်ကန်လို့ရပါတယ်နော်။

.

(၂) မိသားစုအတူတူ ဆော့လို့ရမဲ့ဂိမ်းတွေ ဆော့ပါ။

ကိုယ်တင်မကပါဘူး… ကိုယ့်ရဲ့အိမ်ထောင်ဦးစီး၊ အိမ်မှာရှိသမျှ မိသားစုဝင်တွေကို အတူတူပါဝင်ဆော့ကစားခိုင်းပါ။ ဒီနည်းလမ်းက ကလေးတွေကို မိဘတွေနဲ့ပိုရင်းနှီးစေပြီး ပြောဆိုဆုံးမရ လွယ်ကူစေပါတယ်။ ကလေးရဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပန်းခြံထဲ အတူတူဆော့ကြတာ၊ တူတူပုန်းတမ်းဆော့တာ၊ အတူတူကခုန်တာတွေလို လှုပ်ရှားရတဲ့ ဂိမ်းမျိုးကိုတော့ ရွေးချယ်ပါ။

.

(၃) ကလေးတွေနဲ့ အတူတူစက်ဘီးစီး/လမ်းလျှောက်ထွက်ပါ။

ခန္ဓာကိုယ်က အဆီတွေလည်းကျ၊ ချွေးထွက်ပြီး နေလို့ထိုင်လို့ ကောင်းသွားချင်ရင် ကလေးတွေနဲ့ လမ်းလျှောက်ထွက်ပါ ဒါမှမဟုတ် စက်ဘီးတူတူစီးပါ။ ကလေးက လမ်းမလျှောက်တတ်သေးရင် သူ့ကို တွန်းလှည်းထဲထည့်ပြီး ကိုယ်ကတွန်းပြီး လျှောက်ပေါ့နော်။ အချိန်အကြာကြီးမဟုတ်ဘဲ တစ်ခါကို နာရီဝက်လောက်ဆို လုံလောက်ပါတယ်။ ကလေးက မိခင်ကို ပိုချစ်လာစေတဲ့အပြင် ဒီလိုပြင်ပလှုပ်ရှားမှုက သူတို့ရဲ့ ဦးနှောက်တိုးတက်မှု၊ လေ့လာသင်ယူနိုင်စွမ်းကိုလည်း တိုးစေပါတယ်။

.

(၄) ကလေးအိပ်ချိန်မှာ လေ့ကျင့်ခန်းအနည်းငယ် လုပ်ကြည့်ပါ။

နေ့လယ်ခင်း ကလေးကို တရေးတမောသိပ်ထားချိန်မှာ အနည်းဆုံးဆယ့်ငါးမိနစ်လောက်ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ ဒါမှမဟုတ် ကလေးက သူ့ဟာသူဆော့နေချိန် ကိုယ်ကဘေးမှာနေရင်း လေ့ကျင့်ခန်းလုပ်ပါ။ YouTube တို့၊ Facebook တို့ကနေ လေ့ကျင့်ခန်းဗီဒီယိုတွေ အလွယ်တကူရှာလို့ရပါတယ်။

.

(၅) အိမ်အလုပ်လုပ်ရင်း ကြားဖြတ်လေ့ကျင့်ခန်းလုပ်ပါ။

ဒီနည်းလမ်းက ပျော်စရာကောင်းသလို အလုပ်များတဲ့မေမေတွေအတွက် အတော်လေးအထောက်အကူဖြစ်ပါတယ်။ အဝတ်လျှော်နေတယ်ဆို ဆယ်မိနစ်လောက်လျှော်လိုက်၊ ထိုင်ထ ငါးခါလောက် ထလုပ်လိုက်၊ ပြီးရင် အဝတ်ပြန်လျှော်လိုက် လုပ်ပေးပါ။ အဝတ်လျှော်စက်ဘေးမှာ စောင့်နေချိန် ခုန်ပေါက်လေ့ကျင့်ခန်းလုပ်တာ၊ ဟင်းအိုးဆူတာ စောင့်နေချိန် အလေးမနေတာ စသဖြင့် ကြားဖြတ်လေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။ အကြိမ်ရေအများကြီးမဟုတ်ဘဲ ငါးခါ၊ ဆယ်ခါလောက်ပါပဲ။

.

(၆) ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုကို ရှာဖွေပါ။

အထက်ပါပြောတဲ့ နည်းလမ်းတွေကို လိုက်မလုပ်ချင်လို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သီးသန့်ခွဲထားချင်တယ်ဆို ကိုယ်ဝါသနာပါတဲ့ လေ့ကျင့်ခန်းအမျိုးအစားကို စဉ်းစားပါ။ တစ်ပတ်ကို အနည်းဆုံးသုံးရက်လောက် အချိန်ပေးပြီး လေ့ကျင့်ပါ။

.

(၇) ယောဂ (သို့) အကြောလျှော့လေ့ကျင့်ခန်း လုပ်ပါ။

အိမ်အလုပ်၊ ရုံးအလုပ်၊ ကလေးအလုပ်တွေနဲ့ မိခင်ဘဝမှာ ညောင်းညာကိုက်ခဲမှုတွေကို အမြဲခံစားရတတ်ပါတယ်။ စိတ်လည်း ပင်ပန်းရပါတယ်။ ဒါကြောင့် ယောဂနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေလို အသက်ရှူသွင်းရှူထုတ် သေချာလုပ်ရပြီး အညောင်းအညာပြေစေတဲ့ လေ့ကျင့်ခန်းအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်လောက် အိပ်ခါနီးမှာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

.

ပုံမှန်အားလပ်နေတဲ့သူတွေတောင် လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတတ်ကြတာ၊ အလုပ်များတဲ့မိခင်တွေဆို ပိုပြီးလုပ်ဖို့ခက်ခဲတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်အတွက်လည်း အကျိုးရှိ၊ ကလေးအတွက်လည်း အကျိုးရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းကြပါနဲ့လို့ တယ်လီကျန်းမာက တိုက်တွန်းလိုက်ပါရစေ။ 🤗

Reference : 📚

https://amygblog.com/2023/02/02/7-easy-ways-to-fit-in-movement-as-a-mother/

.


👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Ministry of Health,
National Unity Government.