Postnatal Depression ( မီးဖွားပြီးနောက် စိတ်ကျရောဂါ ) ( August, 2022 )

“ဖေဖေ၊မေမေ မှတ်သားစရာ…မီးဖွားပြီးနောက် စိတ်ကျရောဂါ” ( Postnatal Depression ) ( August, 2022 )

“ယောကျ်ားဖောင်စီး…မိန်းမမီးနေ” ဆိုတဲ့ စကားပုံလိုပါပဲ ကိုယ်ဝန်ဆောင်၊ မီးနေသည် စောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။

🤰🏻 ကိုယ့်ရဲ့ရင်သွေးလေးကို မွေးဖွားပြီး လူ့လောကထဲခေါ်ဆောင်ခြင်းက မင်္ဂလာရှိတဲ့အခိုက်အတန့် ဆိုပေမယ့် ကိုယ်ဝန်ရှိချိန်မှစပြီး မီးဖွားချိန်၊မွေးပြီးရင်သွေးကို ပြုစုစောင့်ရှောက်ချိန်တွေက ဖေဖေ၊မေမေ တို့ရဲ့ ဘဝမှာအပြောင်းအလဲတစ်ခုလိုဖြစ်တဲ့အတွက် စိတ်ဖိစီးမှု အနည်းနဲ့ အများရှိတတ်ကြပါတယ်။

🤱 အထူးသဖြင့် မီးဖွားပြီး ဟော်မုန်းအပြောင်းအလဲများနေတဲ့ မိခင်တွေမှာ စိတ်ဖိစီးမှုများရာမှ “စိတ်ကျခြင်း” အထိခံစားရတတ်ပါတယ်။

မီးဖွားပြီး မိခင်တွေ ရင်ဆိုင်ရနိုင်တယ့် မတူကွဲပြားပြီး အရေးကြီးတဲ့ အခြေအနေ (၂) ခုရှိပါတယ်။
1.postnatal blues(baby blues) – မီးဖွားပြီးနောက်စိတ်ဖိစီးခြင်း
2.postnatal depression – မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်း

❗‘Baby blues’ လို့ခေါ်တဲ့ စိတ်အခြေအနေတစ်ခုကို မီးဖွားပြီး ၃-၅ရက်အတွင်း မိခင်အများစုကြုံရလေ့ရှိပါတယ်။

🤷🏻‍♀️ လက္ခဏာတွေက?

စိတ်အတက်အကျမြန်ခြင်း၊ဝမ်းနည်းလွယ်ခြင်း၊အိပ်ရေးပျက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မိခင်တစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက်ပျောက်ဆုံးခြင်း၊ နာကျင်ကိုက်ခဲခြင်း…

🤷🏻‍♀️“Baby blues”ကို မီးဖွားပြီး၂-၃ရက်မှ စပြီး ၂ပတ်ကြာအထိ မိခင်အများစု ခံစားရလေ့ရှိပါတယ်။ဒီကာလမှာ မိသားစုဝင်တွေဆီက အကူအညီယူပြီး ကောင်းကောင်းအနားယူလိုက်ရင် စိုးရိမ်စရာမလိုဘဲ ပုံမှန်မိခင်တစ်ယောက်လို ရင်သွေးကို ပြုစုနိုင်မှာပါ။

🔸 ဘယ်လိုကျော်ဖြတ်ကြမလဲ?

မိခင်တွေအနေနဲ့ မိမိကြုံတွေ့နေရတဲ့ အခြေအနေကို မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်သင့်ပါတယ်။
– အလွန်အမင်းအပင်ပန်းမခံဘဲ ကောင်းကောင်းအနားယူပါ။
– ကိုယ့်ရဲ့ပြဿနာ၊စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပါ။(ကလေး မေမေအချင်းချင်းရင်ဖွင့်ခြင်း၊ အားပေးခြင်း)
– ဖခင်တွေအနေနဲ့ ကလေးနဲ့မိခင်ကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်ပါ။

တကယ်လို့ မွေးဖွားပြီး ၂ပတ်ကျော်သည်အထိ “Baby blues” လက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ သေချာဆွေးနွေး ကုသမှုခံယူဖို့လိုပါတယ်။

🚨 Postnatal depression (ကလေးမီးဖွားပြီးနောက် စိတ်ကျခြင်း)

မီးဖွားပြီးနောက် စိတ်ကျခြင်းဟာ မိခင်(၈)ယောက်မှာ (၁) ယောက် ဖြစ်လေ့ရှိပါတယ်။ မီးဖွားပြီးရက်ပိုင်းအတွင်း ခံစားရတဲ့ စိတ်ဖိစီးမှု(baby blues)ကို ၂ပတ်ကျော်အထိ ခံစားရမယ်၊ ပိုဆိုးလာမယ်ဆိုရင် postnatal depression (မီးဖွားပြီးနောက် စိတ်ကျခြင်း)ဖြစ်ပါတယ်။မီးဖွားပြီးလပေါင်းများစွာကြာမှ ဖြစ်နိုင်သလို မီးဖွားပြီး ၆လအတွင်း စိတ်ကျခြင်း ဖြစ်လေ့ရှိပါတယ်။

🤦🏻‍♀️အဓိက တရားအကြောင်းအရင်းတွေက❓

• ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ် ဟော်မုန်းအပြောင်းအလဲများခြင်း
• အအိပ်ပျက်၊အစားပျက်ခြင်း
• အိမ်ထောင်ရေး အဆင်မပြေခြင်း
• ဖေးမကူညီသူ နည်းပါးခြင်း
• စိုးရိမ်ပှုပန်မှု အခံရှိခြင်း
• မမျှော်လင့်ဘဲရသော ကိုယ်ဝန် (သို့) မလိုချင်သောကိုယ်ဝန်ဖြစ်နေခြင်း
• မိသားစုထဲတွင် စိတ်ကျရောဂါ ရာဇဝင်ရှိခြင်း

🤦🏻‍♀️မီးဖွားပြီးနောက် စိတ်ကျခြင်း လက္ခဏာတွေက❓

(1) မျှော်လင့်ချက် မဲ့တယ်၊ အကူအညီမဲ့တယ်လို့ ခံစားရခြင်း
(2) ပင်ပန်း နွမ်းနယ်ခြင်း၊ အလုပ်တာဝန်တွေပျက်ကွက်ခြင်း
(3) မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက် ပျောက်ဆုံးခြင်း
(4) အိပ်စက်ခြင်း ပြဿနာ( အိပ်မပျော်ခြင်း၊ အလွန်အမင်း အိပ်စက်ခြင်း)
(5) အစားအသောက်ပြဿနာ (စားချင်သောက်ချင်စိတ်မရှိခြင်း ၊ အလွန်အမင်းစားနေခြင်း)
(6) တစ်ခုခုကို စိတ်ဝင်စားမှုကင်းမဲ့ခြင်း ( ဥပမာ လိင်ဆက်ဆံလိုစိတ်နည်းခြင်း)
(7) အာရုံစူးစိုက်မှုခက်ခဲ၍ ဆုံးဖြတ်ချက် မချနိုင်တော့ခြင်း
(😎 စိုးရိမ်ပှုပန်မှု လွန်ကဲခြင်း
(9) စိတ်တို၊စိတ်ဆတ်၊ဒေါသဖြစ်လွယ်ခြင်း
(10) တန်ဖိုးမဲ့သလို ခံစားရခြင်း၊မိမိကို ဘယ်သူမှ အလိုမရှိဘူး၊ အသုံးမဝင်ဘူး ခံစားရ၍ အဆုံးစီရင်ဖို့ ကြိုးစားခြင်း။

🚨အထက်ပါ လက္ခဏာတွေ စတင်ခံစားရပြီဆိုရင် စောစီးစွာ သဘောပေါက်နားလည်ပြီး အဖြေရှာဖို့လိုပါတယ်။ အချိန်မှီ အကူအညီမယူခဲ့ရင် မိခင်၊ကလေး၊ ဖခင် အားလုံးရဲ့ ကိုယ်/စိတ် ကျန်းမာရေး ထိခိုက်ယိုယွင်းလာပြီး နောက်ဆုံး အိမ်ထောင်ရေးအဆင်မပြေမှုတွေအထိ ကြုံရနိုင်ပါတယ်။

🔸ဘယ်လိုကုသမှု ခံယူမလဲ? စိတ်ကျခြင်းကို ဘယ်လိုကျော်လွှားကြမလဲ?

💡Self-help“မိမိသာလျှင် အဓိက ကုစားနိုင်သူပါ”

ပထမဦးစွာ မိခင်ဟာ စိတ်ကျခြင်းလက္ခဏာ ခံစားနေရပြီဆိုရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ အခြား ကလေးမိခင်၊မိတ်ဆွေ သူငယ်ချင်းတွေဆီမှ အကြံဉာဏ်ကောင်းတွေရယူပါ။
– အကူအညီတောင်းခံဖို့ ဝန်မလေးပါနဲ့။
– ကိုယ်ဝါသနာပါရာ အလေ့အကျင့်လေးတွေအတွက် အချိန်ပေးပါ။
– ကောင်းကောင်းအနားယူပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်ပါ။
– ကျန်းမာသောနေထိုင်မှုဘဝပုံစံဖြစ်အောင် ကြိုးစားပါ။

👨🏻‍🍼မိခင်တွေအနေနဲ့ စိတ်ကျရောဂါဆိုးကြီးကို ရင်ဆိုင်ရာမှာ ဖခင်တွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။

👨‍👩‍👦 ဖခင်တွေအနေနဲ့ ကိုယ့်အမျိုးသမီးကို စိတ်ခွန်အားပေးဖို့ကြိုးစားပါ။ မိခင်ကို အပြစ်မတင်ဘဲ ခံစားနေရတာတွေ နားလည်ပေးပြီး အားပေးနှစ်သိမ့်ပါ။ ရင်သွေးကို မိခင်နှင့်အတူ အချိန်ပေးပြီး ပြုစုစောင့်ရှောက်ပေးပါ။

💡Psychological therapy ( စိတ်ပိုင်းဆိုင်ရာ ကုသမှုပေးခြင်း )

– စိတ်ကျရောဂါခံစားရတဲ့ မိခင်တွေအနေနဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ ပြသပြီး လိုအပ်တဲ့ စိတ်ကုထုံးရယူနိုင်ပါတယ်။

💡Medication (ဆေးဝါးအကူအညီရယူခြင်း)

– Psychotherapy သာမက ဆရာဝန်နှင့်ပြသပြီး လိုအပ်လာလျှင် ဆရာဝန်မှ စိတ်ဓာတ်ကျခြင်းကို သက်သာလျော့ပါးစေသောဆေးဝါး (antidepressants)ပေးပြီး ကုသလို့ရနိုင်ပါတယ်။ ဆေးအာနိသင်အပြည့်အဝရဖို့ အချိန်တစ်ခုယူရတာမို့ ဆရာဝန်နဲ့ အမြဲ ပုံမှန်ပြသပြီး ညွှန်ကြားချက်ကိုသေချာလိုက်နာဖို့ လိုအပ်ပါတယ်။

🔸ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ?

🤰🏻ကိုယ်ဝန်သည် မိခင်လောင်းတို့အနေနဲ့ မီးဖွားပြီး စိတ်ကျခြင်းရဲ့ သဘောသဘာဝကို ကောင်းစွာနားလည် သဘောပေါက်ထားမယ်ဆိုရင် ကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါမှာ လက္ခဏာတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်လာနိုင်ပါမယ်။
🤰🏻ကိုယ့်မှာ စိတ်ရောဂါအခံ တစ်ခုခုရှိရင် ကလေးမယူခင်ကတည်းက နီးစပ်ရာဆရာဝန်နဲ့ဆွေးနွေး အကြံဉာဏ်ယူထားသင့်ပါတယ်။

🔸“မီးဖွားပြီးနောက် စိတ်ကျခြင်းနဲ့ပက်သက်ပြီး အယူအဆအလွဲများ”

🚩မီးဖွားပြီး စိတ်ဓာတ်ကျခြင်းက ပုံမှန်လူတစ်ယောက် စိတ်ဓာတ်ကျခြင်းလောက် မဆိုးဘူးဆိုတာ မဟုတ်ပါ။
💡 တခြား စိတ်ကျရောဂါများကဲ့သို့ ပြင်းထန်ပါတယ်။

🚩မီးဖွားပြီးနောက် စိတ်ကျခြင်း တရားခံက ဟော်မုန်းအပြောင်းအလဲတစ်ခုတည်းကြောင့် မဟုတ်ပါ။
💡အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။

🚩 “Baby blues” အဆင့်လိုပဲ depression ကသူ့ဘာသူ သက်သာပျောက်ကင်းသွားမှာမဟုတ်ပါ။
💡စောစောသိရှိပြီး စောစောကုသမှုခံယူခြင်းက အကောင်းဆုံးပါ။မကုသဘဲပစ်ထားလေ ပိုဆိုးလေဖြစ်ပါတယ်။

🚩ကလေးရပြီးနောက် စိတ်ကျခြင်းကို မိခင်တွေပဲ ကြုံတွေ့နိုင်ပါတယ်။
💡လေ့လာတွေ့ရှိချက်တွေအရ ကလေးယူခြင်းက မိဘတွေအတွက် ဘဝအခြေအနေ ပြောင်းလဲခြင်းတစ်ခုဖြစ်တာမို့ ဖခင် ဆယ်ယောက်မှာ တစ်ယောက်က စိတ်ကျခြင်းခံစားရနိုင်ပါတယ်။

ဒီလောက်ဆို “မီးဖွားပြီးနောက် စိတ်ကျခြင်း” အကြောင်း သေချာနားလည်ပြီး ပေါ့ပေါ့တန်တန် သဘောမထားလောက်တော့ဘူးလို့ ယုံကြည်ပါတယ်။

💝ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ💝

Reference 📚📄
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp10.

https://www.nhs.uk/…/post-natal-depression/overview/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 24 August 2022
Last Updated: 24 August 2022