——–|| နေ့မစေ့မီ ရေမြွှာစောပေါက်ခြင်း ||——–
ဗိုက်မနာခင် ရေဆင်းခြင်းကို Premature Rupture of Membranes (PROM) လို့ ခေါ်ပါတယ်။ (Premature အစား Prelabour လို့လည်း သုံးနှုန်းလေ့ရှိပါတယ်)
၃၇ ပတ်နောက် နေ့စေ့လစေ့မှာလည်း ဆင်းနိုင်သလို၊ ၃၇ ပတ်မတိုင်မီ လမစေ့ခင်မှာလည်း ရေမြွှာစောပေါက်နိုင်ပါတယ်။ လမစေ့ခင် ရေမြွှာစောပေါက်တာကိုတော့ Preterm Premature Rupture of Membrane (PPROM) လို့ ခေါ်ပါတယ်။
ရေမြွှာအိတ်လေး (Amniotic sac) ဟာ ကိုယ်ဝန်စရှိပြီး ၁၂ ရက်မြောက်မှာ စတင်ဖြစ်လာပြီး ရေမြွှာရည် (Amniotic fluid) လည်း ဖြစ်လာတာပါ။
ရေမြွှာရည်ဆိုတာက သန္ဓေသားလေးအသက်ရှင်ဖို့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
ရေမြွှာရည်ဟာ သန္ဓေသားကို ပြင်ပဒဏ်နဲ့ ရောဂါပိုးမွှားဝင်ရောက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် ကြွက်သား၊ ခြေလက်အင်္ဂါများ၊ အဆုတ်နဲ့ အစာခြေစနစ်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူပေးပါတယ်။
..
..
ရေမြွှာ ဘယ်ချိန်ပေါက်သလဲ
ပုံမှန်အားဖြင့် ကလေးကို မီးဖွားဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ဗိုက်နာပြီး သားအိမ်အဝ အပြည့်ပွင့်ခါနီးလောက်မှာမှ ရေမြွှာရည်အိတ်ပေါက်ပြီး ရေမြွှာရည်တွေ ဆင်းလေ့ရှိပါတယ်။
တကယ်လို့ ရေမြွှာပေါက်တာစောခဲ့ရင် ကလေးကို ရောဂါပိုးဝင်နိုင်ခြေများတာမို့ ရေမြွှာစောပေါက်ပါက အထူးဂရုစိုက်ဖို့ လိုပါတယ်။
..
..
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေရှိသလဲ
– အရင်ကိုယ်ဝန်တွေမှာ ရေမြွှာစောပေါက်ဖူးသော ရာဇဝင်ရှိသူများ၊ လမစေ့မီ ကလေးစောမွေးသူများ
– ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သူများ
– ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးဆင်း၊ ရေဆင်းသူများ
– မိန်းမကိုယ်အတွင်း ပိုးဝင်ခြင်း
– ရေမြွှာရည်များသူများ၊ အမွှာကိုယ်ဝန်… စတာတွေမှာ ရေမြွှာစောပေါက်နိုင်ခြေ များပါတယ်။
..
..
လက္ခဏာများ
• မိန်းမကိုယ်မှ ရေဆင်းလာခြင်း
• ဖြည်းဖြည်းချင်း စိမ့်ထွက်လာခြင်း
• ထဘီ၊ အတွင်းခံမှာ စိုခြင်း
ရေမြွှာရည် ဟုတ်/မဟုတ် ဆရာဝန်မှ ဘဲပါးစပ်ပုံကိရိယာကို မိန်းမကိုယ်အတွင်းထည့်ပြီး ရေမြွှာရည် ရှိ/မရှိ၊ ရေမြွှာရည်အရောင် ပုံမှန်ဟုတ်/မဟုတ် ကြည့်ရပါတယ်။
Ultrasound ရိုတ်ပြီးလည်း ရေမြွှာရည် နည်း/မနည်း စစ်ဆေးလို့ရပါတယ်။
..
..
ကုသမှုအနေနဲ့
မိခင်အခြေအနေ
➤ သန္ဓေသားအခြေအနေ သေချာစောင့်ကြည့်ဖို့ လိုတာမို့ နီးစပ်ရာ ဆေးရုံဆေးခန်းသွားပါ။
➤ ၃၇ ပတ်ကျော်ပြီး နေ့စေ့လစေ့အချိန် ရေမြွှာပေါက်ပါက ၂၄ နာရီအတွင်း ဗိုက်စနာပြီး ကလေးမွေးဖွားလေ့ရှိပါတယ်။
➤ ၃၇ ပတ်မပြည့်သေးပါက ကလေးကို ပိုးဝင်နိုင်ခြေ များတာမို့ ပိုးသတ်ဆေး ရက်ပြည့်အောင် (သို့) မွေးဖွားချိန်ထိ ပေးရပါမယ်။ ကလေး အဆုတ်ဖွံ့ဖြိုးမှုအတွက် မိခင်ကို စတီးရွိုက် ထိုးပေးဖို့လိုပါတယ်။
• စောင့်ကြည့်နေစဉ်အတွင်းမှာ ပိုးဝင်တဲ့လက္ခဏာ ရှိ/မရှိ
• မိခင် ကိုယ်အပူချိန်၊ သွေးခုန်နှုန်း
• သားအိမ်နေရာက နာခြင်း
• ရေမြွှာရည် သွေးရောင် (သို့) အစိမ်းရောင်ပြောင်းသွားခြင်း၊ အနံ့နံလာခြင်း
• ကလေး နှလုံးခုန်နှုန်း၊ လှုပ်/မလှုပ် စတာတွေ စမ်းသပ်ဖို့လိုပါတယ်။
..
..
ရေမြွှာစောပေါက်ပြီးနောက် အချိန်မီကုသမှု မရရှိပါက
– ရေမြွှာနှင့် အချင်းသို့ ပိုးဝင်ခြင်း (Chorioamnionitis)
– သားအိမ်မှတစ်ဆင့် မိခင်သွေးထဲပါ ပိုးပျံ့ခြင်း
– ရေမြွှာပေါက်ပြီးနောက် ချက်ကြိုး အရင်ထွက်ကျလာခြင်း (cord prolapse)
– သားအိမ်မှ အချင်းကွာကျခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်တာမို့ မိခင်ရော သန္ဓေသား အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ရေဆင်း၊ သွေးဆင်း၊ ဗိုက်နာ တစ်ခုခုဖြစ်ပါက မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသဖို့ အထူးသတိပေးချင်ပါတယ်ရှင်။
Reference
https://www.urmc.rochester.edu/encyclopedia/content.aspx?ContentTypeID=90&ContentID=P02496
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
Ministry of Health,
National Unity Government.

Published on: September 24, 2023
Last updated: September 24, 2023