🐍 မြွေကိုက်မခံရအောင် သင် ဒါတွေလုပ်ပါ (Jan 2023) 🐍

🐍 မြွေကိုက်မခံရအောင် သင် ဒါတွေလုပ်ပါ (Jan 2023) 🐍

(၁) လုပ်ငန်းခွင်သို့ (သို့မဟုတ်) တောအတွင်း သွားလာရာ၌ တုတ်နှင့်ခြောက်လှန့်ခြင်း၊ ခြေသံပေးခြင်းများ ပြုလုပ်ရန် (အထူးသဖြင့် နံနက်စောစောနှင့် ညနေ နေဝင်ရီတရော အချိန်များ)

(၂) ကောက်ရိတ်ခြင်းနှင့် ကောက်လှိုင်း၊ ချုံနွယ်၊ သစ်ပုံ၊ ဝါးပုံ စသည်တို့ကို ကိုင်တွယ်ရွှေ့ပြောင်းလျှင် ဦးစွာ ရိုက်ပုတ်အသံပေး၊ စစ်ဆေးပြီးမှ ကိုင်တွယ်ခြင်း ပြုလုပ်ရန် (မှတ်ချက်- မြွေသည် နားမရှိသော်လည်း ကျယ်သော အသံ၊ လူသံ၊ ခြေနင်းသံများကြောင့် ဖြစ်ပေါ်လာသော တုန်ခါနှုန်းများကို ခံစားရ၍ ကြောက်တတ်သည်)

(၃) သွားလာရာတွင် လည်ရှည်ဖိနပ်ကို စီးနင်းအသုံးပြုရန်၊

(၄) ညအချိန်တွင် သွားလာရာ၌ လွယ်ကူစွာမြင်နိုင်ရန် ဓာတ်မီး (မီးတုတ်) သို့မဟုတ် မီးအိမ်ကို အသုံးပြုရန်၊

(၅) တွင်းများနှင့် သစ်ခေါင်း စသည်တို့ကို လက်နှင့် ရမ်းနှိုက်ခြင်း မပြုလုပ်ရန်၊

(၆) နေအိမ်နှင့် ခြံဝင်းအတွင်း မြွေများ မခိုအောင်းနိုင်စေရန်အတွက် ချုံပုတ်နှင့် အမှိုက်သရိုက်များကို ရှင်းလင်းထားရန်၊ ထင်းချောင်းပုံထဲတွင် မြွေများ ခိုအောင်းနေတတ်သဖြင့် ထင်းချောင်းများကို အိမ်နှင့် ဝေးရာ၌ ထားရှိပါ၊

(၇) နေအိမ်အတွင်းသို့ မြွေများ မဝင်လာနိုင်စေရန် အိမ်နံရံတွင် မြွေဝင်နိုင်သော အပေါက်များရှိပါက ပိတ်ပါ၊

(၈) မြွေများ အိမ်ပေါ်တက်တတ်၍ အိပ်ရာဝင်ချိန်တွင် အိပ်ရာကို ဂရုပြုစစ်ဆေးရန်၊ အိပ်ရာခုတင်ကို မြေပြင်/ကြမ်းပြင်အထက် မြှင့်ထားရန်၊ ခြင်ထောင် ထောင်အိပ်ရန်၊ ခြင်ထောင်ကြီးကြီး၏ အလယ်တွင် အိပ်ရန်။

(၉) အိမ်မွေးတိရစ္ဆာန်များဖြစ်သော ခွေး၊ ကြောင်၊ ငန်း စသည်တို့၏ အော်သံနှင့် အမှုအရာကို ကြည့်ခြင်းအားဖြင့် မြွေရှိနေခြင်းကို သိနိုင်၍ ၎င်းသတ္တဝါများကို မွေး၍ မြွေဆိုးအန္တရာယ်မှ ကာကွယ်ရန်၊

(၁၀) အဆိပ်မရှိသော မြွေများကို ဘေးမဲ့ပေးရန်၊ မြွေ၏ သဘာဝရန်သူများဖြစ်သော သိန်းငှက်၊ ဇီးကွက်၊ မြွေပါ၊ ဒေါင်းငှက်များကို ဘေးမဲ့ပေးရန်၊

(၁၁) မြွေ၏ အစာဖြစ်သော ကြွက်၊ ကြက်၊ ခို စသည်တို့အား အိမ်အနီးဝန်းကျင်တွင် မထားရှိရန်၊ နေအိမ်ထဲတွင် ဟင်းစား တိရစ္ဆာန်များကို မွေးမြူခြင်း မပြုရန်၊

(၁၂) မြွေများသည် နေအိမ်အတွင်းသို့ အစာလာရှာတတ်သည့်အတွက် အစားအစာများနှင့် ရေများကို အဖုံးပိတ်ထားသော အိုးခွက်ဖြင့် ထားရန်၊ အိမ်အတွင်းရှိ အိုးခွက်များအတွင်း မြွေများ မခိုအောင်းနိုင်ရန် ဖုံးအုပ်ထားခြင်း၊ မှောက်ထားခြင်းများ ပြုလုပ်ရန်၊

(၁၃) မြွေနှင့် ရင်ဆိုင်တွေ့ပါက ဒေါသထွက်အောင် ရန်ပြုခြင်းမှ ရှောင်ကြဉ်ရန်၊

(၁၄) မြွေအသေကို ကိုင်တွယ်ရာတွင်လည်း သတိထားရှိရန် (အစွယ်များနှင့် မတော်တဆ ထိမိရာမှလည်း အဆိပ်ဝင်နိုင်ပါသည်)

(၁၅) မြွေအသေနှင့် အခြားသူများကို စနောက်ခြင်းမှ ရှောင်ကြဉ်ရန် (မြွေမှာ မသေသေးဘဲ အန္တရာယ်ဖြစ်နိုင်ပါသည်)
+++++++++++++++++++++++++

🐍 အယူအဆ အမှားများ 🐍

🐍 မြွေဆိပ်ကို ပိုမိုပျံ့နှံ့စေပြီး အသက်အန္တရာယ်ရှိစေနိုင်သည့် အယူအဆများမှာ-

(က) မြွေကိုက်ဒဏ်ရာကို ဓားနှင့် ခွဲခြင်း၊
(ခ) မြွေကိုက်ဒဏ်ရာကို မီးစဖြင့် ထိုးခြင်း၊
(ဂ) မြွေကိုက်ဒဏ်ရာကို စုတ်ဖြင့် ထိုးခြင်း (မြွေကိုက်ဒဏ်ရာ တစ်ဝိုက်ကို သွေးအသွားအလာ ပိုမိုများစေပြီး အဆိပ်ကို ပိုမိုလျင်မြန်စွာ ပျံ့နှံ့စေပါသည်)
(ဃ) မြွေကိုက်ခံရသူအား အရက်တိုက်ခြင်း (အရက်သည် သွေးကြောကို ကျယ်စေသောကြောင့် အဆိပ်ကို ပိုမိုပျံ့နှံ့စေပါသည်)

🐍 မှန်ကန်ထိရောက်သော ကုသမှု ခံယူရရှိရန် နှောင့်နှေးစေသော အယူအဆများ

(က) မန်းမှုတ်ခြင်း၊
(ခ) မြွေမြီးကို ဖြတ်၍ မျိုခြင်း (မြွေဆိပ်မတက်စေရန် တားမြစ်နိုင်သည်ဟု ယူဆခြင်း)

🐍 အခြားအယူအဆ အမှားများ

(က) ကိုယ်ဝန်ဆောင်ကို မြွေကိုက်လျှင် မြွေဆိပ်မတက်ဘဲ ကလေးမွေးပြီးမှ မြွေဆိပ်တက်လာသည်ဟု ယူဆခြင်း၊
(ခ) မြွေဆိပ်ပြီးစေသည့် ဆေးမင်ကြောင်များ ထိုးထားခြင်းဖြင့် မြွေကိုက်ပါက အဆိပ်ပြီးသည်ဟု ယူဆခြင်း၊
(ဂ) ပထမအကြိမ် မြွေကိုက်ခံရစဉ်က အဆိပ်မတက်သူသည် နောက်ထပ် မြွေအကိုက်ခံရပါကလည်း မြွေအဆိပ်မတက်နိုင်ဟု ယူဆခြင်း၊
(ဃ) လယ်ယာလုပ်ငန်းလုပ်ကိုင်စဉ် လည်ရှည်ဖိနပ်ကိုစီးလျှင် ကွင်းပိုင် မကြိုက်သဖြင့် ဒုက္ခရောက်နိုင်သည်ဟု ယူဆခြင်း၊
(င) မြွေကိုက်ခံရပြီး ဆီးမထွက်သူအား ရေများများသောက်ခိုင်းခြင်း၊ အုန်းရည်တိုက်ခြင်း (ဆီးအထွက်များမှသာ အုန်းရည်တိုက်ခြင်း၊ ရေများများ သောက်ခြင်းတို့ ပြုလုပ်ရပါမည်။ အုန်းရည်တွင် ပိုတက်စီယမ်ဓာတ်များသဖြင့် နှလုံး ရုတ်တရက် ရပ်နိုင်ပါသည်)
(စ) မြွေကိုက်ဒဏ်ရာကို ပါးစပ်နှင့် စုပ်ခြင်းဖြင့် မြွေဆိပ်များကို ပြန်လည် စုပ်ထုတ်ယူနိုင်သည်ဟု ယူဆခြင်း (မြွေ၏ အစွယ်မှ အဆိပ်များသည် ခန္ဓာကိုယ်ထဲသို့ ဆေးထိုးပြွန်ဖြင့် ထိုးသွင်းသကဲ့သို့ ဝင်ရောက်သွားပြီးဖြစ်သဖြင့် ပါးစပ်ဖြင့် အဆိပ်ကို စုပ်ယူရန် ကြိုးစားခြင်းသည် ထိရောက်မှုမရှိပါ)
(ဆ) မြွေကိုက်ခံရသူအား ငရုတ်သီးကျွေးပြီး စပ်ပါက မြွေဆိပ် မတက်ဟု ယူဆခြင်း။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+++++++++++++++++++++++++

🐍 မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (Oct 2021)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02iPx9ykM6yYuzRvc78BJ3YCfNUmE8XPXwofTHCv9CezzAe9R47g7qSrrXEzXdcJLAl

🐍 မြွေကိုက်လူနာများတွင် သွေးခဲမခဲ သိရှိနိုင်ရန် 20-Minute Whole Blood Clotting Test (20WBCT) လုပ်ဆောင်ပုံအဆင့်ဆင့် (Nov 2022)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02DuAc3opzsTPHrPC9huaSguFygLfMBheEMoRXTUNDYJLySnaBNJCmp4s437owyfQ2l

🐍 မြွေကိုက်လူနာ ကုသရေး စံကိုက်လုပ်ငန်းလမ်းညွှန် (Nov 2022)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0nWFSARibx7252RXsM8Y7Mmc7gGqACRGNrybW4MHxsJpMFqgJh4Eg1nguHVTjqndBl

nugmoh #snake #snakebite #snakebiteawareness

Ministry of Health,

National Unity Government.

Published on: 5 January 2023
Last Updated: 5 January 2023