ဒီကာလမှာ ကိုယ့်မိသားစုအဝန်းအဝိုင်းအထဲက အထူးစောင့်ရှောက်မှုလိုအပ်သူတွေကို ပုံမှန်ထက်ပိုပြီး ဖေးမကူညီပြုစုစောင့်ရှောက်နေရသူတွေအများကြီးမို့ သူတို့အတွက် စိတ်ဝင်စားစရာအချက်အလက်တွေကို ဝေမျှလိုက်ပါတယ်။
၁။ အခြေခံအကျဆုံးအချက်က အလိုအပ်ဆုံးသူတွေကို စောင့်ရှောက်နေတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းနေဖို့ကိုလည်း ဂရုစိုက်ပါမှ လိုအပ်သူတွေကို ပိုပြီး စောင့်ရှောက်နိုင်တယ်ဆိုတဲ့အကြောင်းပါ။
၂။ ဒါကြောင့် စောင့်ရှောက်ပေးသူတွေဟာ ပေးနေသူရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ညီညွတ်မျှတအောင် ဂရုစိုက်နိုင်တဲ့ စွမ်းရည်ရှိဖို့ လိုအပ်ပါတယ်။
၃။ အရေးတကြီးသတိထားရမဲ့အချက်က မနိုင်ဝန်ထမ်းနေရသလို ခံစားလာရရင် နီးစပ်ရာကနေ အကူအညီ တောင်းခံရယူဖို့လည်း လိုတယ်ဆိုတာကို မမေ့ပါနဲ့။
၄။ ကိုယ့်မိသားစုအဝန်းအဝိုင်းအထဲမှာ အထူးစောင့်ရှောက်မှုပေးရမဲ့သူ ရှိနေပြီဆိုရင် အနစ်နာခံရမှုတွေ ရှိတယ်ဆိုတာကို နားလည်လက်ခံထားရပါတော့မယ်။
၅။ ဒါပေမဲ့ စောင့်ရှောက်ပေးသူလိုအပ်တဲ့ ကိုယ်ပိုင်အချိန်နဲ့ အပြည့်အဝအနားယူမှု ရနေနိုင်အောင်လည်း ဝိုင်းဝန်းစီမံထားရှိရပါမယ်။
၆။ ပြီးတော့ ကိုယ့်မိသားစုအဝန်းအဝိုင်းအထဲမှာ အထူးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဗဟုသုတနဲ့ သတင်းအချက်အလက်တွေ အလွယ်တကူရရှိအောင်၊ လိုအပ်တဲ့ နည်းစနစ်တွေကို အလွယ်တကူ သင်ယူရရှိအောင်၊ လိုအပ်လာခဲ့ရင် ပတ်ဝန်းကျင်ရဲ့ အကူအညီတွေ အလွယ်တကူရရှိအောင်၊ ကူညီပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ချိတ်ဆက်မိအောင် ဝိုင်းဝန်းစီမံထားရှိသင့်ပါတယ်။
၇။ ဂရုစိုက်ရမဲ့အချက်က စောင့်ရှောက်မှုပေးနေရတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုအသွင် ဆောင်လာခဲ့ရင် စောင့်ရှောက်ပေးသူဟာ ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျတာတွေ ခံစားလာရပြီး ခွန်အားမရှိသလို ခံစားရတာ၊ ကိုယ်စောင့်ရှောက်ပေးသူနဲ့ ဆက်ဆံရေးအဆင်မပြေတာ၊ ပုံမှန်လုပ်နေကျအလုပ်တွေကိုပါ လုပ်ဖို့ ခက်ခဲတာတွေ ဖြစ်လာတတ်တာမို့ ဖြစ်ဖြစ်ခြင်း အကူအညီယူ ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်တယ် ဆိုတာပါပဲ။
၈။ ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင် သုတေသနတွေ့ရှိချက်တွေအရ စောင့်ရှောက်ဖေးမမှု ပြုတဲ့သူတွေဟာ အသက်ရှည်ရှည်နေရဖို့ အခွင့်များတယ်လို့ဆိုပါတယ်။ အထိုင်အထနဲ့ လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကိုလည်း အသက်ကြီးတဲ့အထိ ထိန်းသိမ်းထားနိုင်ပါသတဲ့။
၉။ နောက်ထပ်ကောင်းတဲ့အချက်က စောင့်ရှောက်ဖေးမမှုပြုတဲ့သူတွေဟာ နိုးကြားမှု၊ တက်ကြွမှုနဲ့ သတိစွမ်းအားကို တိုးတက်အောင်လေ့ကျင့်ပြီးသား ဖြစ်နေပါသတဲ့။
၁၀။ ထပ်ပြီးကောင်းတာက စောင့်ရှောက်ဖေးမမှုပြုတဲ့သူတွေဟာ ဘဝအပေါ် ရှုမြင်ပုံ၊ ဘဝရဲ့ တန်ဖိုး ကို သိမြင်တန်ဖိုးထားပုံတွေမှာလည်း သူများထက်ပိုမိုသာလွန်ပြီး ကျန်းမာတဲ့ဘဝအပေါ် ပိုပြီးကျေးဇူးတင် တန်ဖိုးသိတတ်သူတွေ၊ ကျန်းမာရေးကို အလေးထားသူတွေလည်း ဖြစ်လာပါသတဲ့။
၁၁။ စောင့်ရှောက်ဖေးမမှုပြုတဲ့သူတွေဟာ မေတ္တာ၊ စေတနာနဲ့ တာဝန်ယူမှုတွေကို ပေါင်းစပ်ပြီး လူ့အသိုင်းအဝိုင်းရဲ့အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနေသူတွေလည်း ဖြစ်တာမို့ ဘဝရဲ့ အဓိပ္ပာယ်ကို ပိုမိုခံစားရသူတွေလည်း ဖြစ်ကြပါသတဲ့။
မှီငြမ်း –
https://psychologybenefits.org/2015/11/13/surprise-caregiving-helps-the-caregiver-too/
https://www.apa.org/pi/about/publications/caregivers/consumers/self-family-care
Ministry of Health,
National Unity Government.
Published on: 5 January 2022
Last Updated: 5 January 2022