“Puerperial Sepsis” (November 2023)

မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း (Puerperial Sepsis)

Puerperal sepsis ဆိုတာ မီးဖွားစဉ် သို့မဟုတ် မီးဖွားပြီးနောက် ၄၂ ရက်အတွင်းဖြစ်ပွားတဲ့ အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း ဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် သားအိမ်နဲ့ အနီးနားက အစိတ်အပိုင်းတွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒီလို ပိုးဝင်ရောက်မှုဖြစ်စဥ်ဟာ ကမ္ဘာတစ်ဝှမ်း မိခင်သေဆုံးမှုရဲ့ တတိယမြောက်အဖြစ်အများဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။

..

..

🔺မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ

ဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားထားပါတယ်။

Endometritis — သားအိမ်အတွင်းနံရံ ပိုးဝင်ခြင်းဖြစ်ပြီး အဖြစ်အများဆုံးလည်း ဖြစ်ပါတယ်။

Myometritis — သားအိမ်ကြွက်သားပိုးဝင်ခြင်း ဖြစ်ပါတယ်။

Parametritis — သားအိမ်တစ်ဝိုက်တစ်သျှူးတွေ ပိုးဝင်ခြင်း ဖြစ်ပါတယ်။

..

..

🔺ရောဂါလက္ခဏာတွေက ဘာတွေလဲ

ပုံမှန်တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့…

– သားအိမ်ပိုးဝင်တာကြောင့် တင်ပါးဆုံရိုးနဲ့ ခါးအောက်ပိုင်းတစ်ဝိုက် နာကျင်ခြင်း

– သွေးသွန်တာများတဲ့အခါ ဖြူဖျော့နေခြင်း

– မိန်းမကိုယ်မှ အနံ့နံသော အရည်များဆင်းခြင်း

– နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေစတင်ဖို့ ရက်အနည်းငယ် ကြာနိုင်ပါတယ်။ တစ်ခါတလေ မီးဖွားအပြီး ဆေးရုံကနေ ဆင်းတဲ့အထိ ပိုးဝင်တာကို မသိလိုက်တာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဆေးရုံကဆင်းရရင်တောင် ရောဂါပိုးတွေကို သတိထားဖို့ အရေးကြီးပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေအပြင် ပုံမှန်ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့

– ဖျားခြင်း၊ ကိုယ်ပူခြင်း

– ချမ်းတုန်ခြင်း

– ကိုက်ခဲခြင်း

– အစားအသောက်ပျက်ခြင်း

– မအီမသာဖြစ်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။

..

..

🔺မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ

Streptococcus, Staphylococcus နဲ့ အခြားသော အရေပြားမှာရှိတဲ့ ဘက်တီးရီးယားတွေက ထိခိုက်ဒဏ်ရာရှိတဲ့ အရေပြားနဲ့ တစ်သျှူးတွေထဲသို့ ဝင်ရောက်ခြင်းဖြင့် ပိုးကူးစက်စေနိုင်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းဟာ ပူနွေးစိုစွတ်တာကြောင့် ဘက်တီးရီးယားပေါက်ဖွားဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကလေးမွေးပြီးနောက်မှာ သားအိမ်တွင်း ပိုးဝင်ခြင်းက ဖြစ်နိုင်ခြေများပါတယ်။ ဒါ့အပြင် ရေမြွှာအိတ်နဲ့ ရေမြွှာရည် မကောင်းဘဲ ပိုးဝင်တဲ့အခါမှာလည်း သားအိမ်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။

..

..

🔺ဘယ်လိုအချက်တွေက ပိုးဝင်ခြင်းကို ပိုဖြစ်စေနိုင်သလဲ

မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း ဖြစ်နိုင်ခြေဟာ ကလေးမွေးဖွားတဲ့ပေါ်လည်း မူတည်ပါတယ်။ သဘာဝအတိုင်း မွေးဖွားခြင်းဟာ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။ ကြိုတင်ရက်သတ်မှတ်ပြီး ခွဲမွေးခြင်းဟာ အန္တရာယ်အနည်းငယ်ရှိပြီး၊ အရေးပေါ်ခွဲမွေးရခြင်းကတော့ ပိုးကူးစက်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။

အခြား ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေကတော့….

– ကိုယ်ဝန်ဆောင်မိခင်က အသက်ငယ်လွန်းခြင်း၊ ကြီးလွန်းခြင်း

– အဝလွန်ခြင်း

– သွေးတိုးခြင်း

– သွေးအားနည်းခြင်း

– ကိုယ်ခံအားစနစ် မကောင်းခြင်း

– မီးမဖွားခင် မိန်းမကိုယ်စစ်ဆေးမှု အကြိမ်ကြိမ်လုပ်ခြင်း

– မွေးဖွားချိန်ကြာမြင့်ခြင်း သို့မဟုတ် ရေမြွှာပေါက်တာနောက်ကျခြင်း

– အချင်းကပ်၍ ခွာထုတ်ရခြင်း

– မွေးဖွားပြီးနောက် အချင်းပြည့်စုံစွာ မထွက်ခြင်း

– အချင်းမှာ ကလေးရဲ့ မစင်ပါလာခြင်း

– မွေးဖွားစဉ် ဆီးပိုက်ထည့်ရခြင်း

– လိင်ပိုင်းဆိုင်ရာ ပိုးကူးစက်မှုရှိခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

..

..

🔺ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ

မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်းကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဖျားတာ၊ သွေးထွက်တာနဲ့ အနံ့ဆိုးထွက်တာ ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။ သွေးစစ်ပြီး သွေးဖြူဥပမာဏကိုလည်း စစ်ဆေးနိုင်ပါတယ်။ စောစီးစွာသိရှိပါက ပိုးဆိပ်တက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

..

..

🔺ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်လဲ

မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်းကို အစောပိုင်းမှာ မကုသနိုင်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့…

– ပြည်တည်ခြင်း

– အစာအိမ်အလွှာ ရောင်ရမ်းခြင်း

– တင်ပါးဆုံတွင်း သွေးကြောပိတ်ခြင်း

– သွေးခဲတွေ ဖြစ်လာပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ပိတ်ဆို့နိုင်ခြင်းနဲ့

– အပြင်းထန်ဆုံးအခြေအနေမှာဆိုရင် ပိုးဆိပ်တက်ပြီး ရှော့ (shock) ရနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

..

..

🔺မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ

ဆေးရုံတက်ပြီး ပိုးအများစုကို သေစေနိုင်တဲ့ ပိုးသတ်ဆေးသွင်းတာမျိုးတွေ လုပ်ရပါမယ်။ ဆေးရုံမှဆင်းပြီးနောက်မှာလည်း ရောဂါလက္ခဏာတွေ ဆက်လက်တွေ့ရှိရပါက ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးသောက်ဆေးတွေလည်း သောက်ရနိုင်ပါတယ်။ ဘက်တီးရီးယားအမျိုးအစားသိရဖို့ သွေးစစ်တာမျိုးတွေ လုပ်ရပါမယ်။ ရောဂါပိုးဝင်ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသရပါမယ်။ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးခြင်းမှ ကာကွယ်ဖို့ ဆေးရည်သွင်းတာတွေ လုပ်ရပါမယ်။

..

..

🔺ဘယ်လို ကာကွယ်နိုင်သလဲ

ဗိုက်ခွဲမွေးတဲ့အမျိုးသမီးတွေမှာ ပိုးဝင်မှုဖြစ်စဥ် ရနိုင်ခြေကို လျှော့ချဖို့ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါတယ်

– ဆီးစပ်အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့အခါမှာ ဇာဂနာကို အသုံးပြုပါ။

– ခွဲစိတ်မှုမတိုင်ခင်ညမှာ ပိုးသတ်ဆပ်ပြာဖြင့် ရေချိုးပါ။

– ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးတွင်းသကြားဓာတ် နည်းအောင် ထိန်းထားပါ။

.

ခွဲစိတ်ကုသနေစဉ်အတွင်း ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် အောက်ပါအဆင့်တွေကို လုပ်ဆောင်နိုင်ပါတယ်

– ခွဲစိတ်ထားတဲ့နေရာကို ပိုးသတ်ခြင်း

– ခွဲစိတ်မှုမပြုလုပ်မီ ပဋိဇီဝဆေးထိုးပေးခြင်း

– မိန်းမကိုယ်ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးပေးခြင်း

– ဗိုက်ခွဲမွေးရမယ့် မိခင်တွေဟာ မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်းလို ရောဂါဖြစ်စဥ်တွေအကြောင်း ကြိုတင်သိရှိထားပြီး ဆရာဝန်နဲ့ စနစ်တကျ ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။

ကိုးကား

Reference: 📚

https://mylofamily.com/article/puerperal-sepsis-symptoms-causes-risks-treatment-215402

.

——————————————–

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: October 31, 2023
Last updated: October 31, 2023