Q&A Session about Rabies ( July, 2022)

အရင်တစ်ခေါက်က ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပြီဆိုတော့ ဒီနေ့မှာတော့ ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေ ဗဟုသုတအဖြစ် ဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအိမ်မှာ ခွေးလေးတွေ၊ကြောင်လေးတွေ မွေးထားတဲ့ ခွေးချစ်သူ ကြောင်ချစ်သူများအနေနဲ့လည်း သိသင့်သိထိုက်တာလေးတွေ သိထားရင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရထားနိုင်တာပေါ့။

မေး : ခွေးကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်လား?
ဖြေ : ခွေးကိုက်ခံရတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ကိုက်တဲ့ခွေးကို သီးသန့်စောင့်ကြည့်ပြီး အကိုက်ခံရတဲ့သူအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုဆက်လက်ခံယူဖို့ လိုအပ်ပါတယ်။

မေး : ခွေးရူးကိုက်မှ ခွေးရူးပြန်ဖြစ်နိုင်တာလား?
ဖြေ : မဟုတ်ပါဘူး။ ခွေးရူးရောဂါ ကူးစက်ခံထားရတဲ့ ကြောင်၊ ကြွက် ၊ လင်းဆွဲ၊ ကျွဲ၊ နွား၊ မြင်းနဲ့ တခြားသော တိရစ္ဆာန်များ ကိုက်ခံရရင်လည်း ခွေးရူးပြန်ရောဂါ ကူးစက်တတ်ပါတယ်။

မေး : ခွေးကိုက်ခံရပြီဆို ဘယ်လိုကုသရမလဲ?
ဖြေ : ခွေးမှ မဟုတ်ဘူး။ တိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတာနဲ့ ချက်ချင်း ဒဏ်ရာကို ရေနဲ့ဆပ်ပြာသုံးပြီး ၁၀မိနစ်ကနေ မိနစ် ၂၀လောက်အထိ သေသေချာချာ ဆေးကြောရပါမယ်။ ဆပ်ပြာယူဖို့ အဆင်မပြေခဲ့ဖူးဆိုရင်တော့ ရေတစ်မျိုးတည်းနဲ့ သေသေချာချာ ဆေးကြောဖို့ လိုပါတယ်။ ဒါကတော့ ခွေးရူးရောဂါကို မဖြစ်အောင် အဓိကလုပ်ဆောင်ရမယ့် အရေးပေါ်ကုသနည်းပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရက်ပျံနဲ့ သေချာစွာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါပြီးရင်တော့ ဆက်လက် ကုသမှုခံယူနိုင်ဖို့အတွက် နီးစပ်ရာကျန်းမာရေးဌာနကို ခေါ်သွားဖို့ အရေးကြီးလှပါတယ်။

မေး : အဲ့လို အကိုက်ခံရချိန်မှာ ရှောင်ရမယ့် အချက်တွေရောရှိလား?
ဖြေ : ရှိတာပေါ့။ ဒဏ်ရာပေါ်ကို ငရုတ်သီးမှုန့်တို့၊ အရွက်ဖန်ရည်တို့၊ acid, alkali တို့လို အဆိပ်အတောက် ဖြစ်စေနိုင်တဲ့အရည်တွေ ထည့်တာကို လုံးဝ (လုံး)ဝ ရှောင်ကြည်ရပါမယ်။ ဒဏ်ရာကို ပတ်တီးစည်းတာတွေ အုပ်တာတွေ ရှောင်ကျဥ်ရမယ်။

မေး : ခွေးရူးပြန်ရောဂါက ခန္ဓာကိုယ်ထဲ ဘယ်လိုနည်းလမ်းနဲ့ ပျံ့နှံ့လာလဲ?
ဖြေ : လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးတာနဲ့ အရင်ဆုံး subcutaneous tissue လို့ခေါ်တဲ့ အရေပြားရဲ့ အောက်ဆုံးအလွှာ ဒါမှမဟုတ် ကြွက်သား ဒါမှမဟုတ် အာရုံကြောတွေကနေတစ်ဆင့် virus က ပျံ့နှံ့သွားပါတယ်။ အဲ့ဒီ့လို အာရုံကြောတွေကနေ ပင်မအာရုံကြောမကြီးနဲ့ ဦးနှောက်ဆီကို ရောက်ဖို့အတွက် တစ်နေ့ကို ၁၂-၂၄ မီလီမီတာလောက်နဲ့ ရွေ့လျားနေပါတယ်။ ဦးနှောက်ကို ရောက်သွားပြီဆိုရင်တော့ ကူးစက်ခံရသူဆီမှာ လက္ခဏာတွေ စပြလာပါပြီ။ ရောဂါပျိုးချိန်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ရက်အနည်းငယ်နဲ့ လက္ခဏာစပြတဲ့သူရှိသလို တစ်နှစ်လောက်ထိ ကြာပြီးမှ လက္ခဏာစပြတဲ့သူလည်း ရှိပါတယ်။

မေး : ခွေးတွေ၊ ကြောင်တွေမှာဆိုရင်ရော ခွေးရူးပြန်ရောဂါဖြစ်ဖို့ ဘယ်လောက်ကြာလဲ?
ဖြေ : တိရစ္ဆာန်လေးတွေမှာတော့ ရောဂါပျိုးချိန်က ရက်အနည်းငယ်ကနေ လပေါင်းများစွာထိ ကြာတတ်ပါတယ်။ ရောဂါစဖြစ်တဲ့အချိန်ကနေ ၁ ပတ်လောက်အကြာမှာတော့ သူတို့လေးတွေ သေသွားတတ်ပါတယ်။

မေး : ခွေးတွေမှာ ဖြစ်တတ်တဲ့ ခွေးရူးပြန်လက္ခဏာတွေက ဘာတွေလဲ?
ဖြေ : ဘယ်သူကမှ ရန်စတာ၊ ဆွပေးတာမျိုးမရှိဘဲ လိုက်ကိုက်ခြင်း၊ တုတ်ချောင်း၊ သံ အစရှိတဲ့ စားစရာမဟုတ်တဲ့ပစ္စည်းများ စားနေခြင်း၊ အကြောင်းရင်း ဂဃနဏမရှိဘဲ ပြေးနေခြင်း၊ အသံပြောင်းလာခြင်း (ဥပမာ – အသံပြာပြာနဲ့ ဟောင်ခြင်း၊ အူခြင်း ဒါမှမဟုတ် အသံမထွက်နိုင်ခြင်း)၊ သရေကျခြင်းနှင့် ပါးစပ်ထောင့်မှာ အမြုပ်တစီစီထွက်နေခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရလေ့ရှိပါတယ်။

မေး : ခွေးရူးပြန်ရောဂါက သေတတ်လား?
ဖြေ : ၁၀၀% သေတတ်တဲ့ရောဂါ ဖြစ်ပါတယ်။ တိကျတဲ့ ဆေးကုသနည်းလည်း မရှိတဲ့ ရောဂါပါ။ မှတ်တမ်းအရဆိုရင် ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ကူးစက်ခံရသူထဲကမှ (၇)ယောက်ပဲ ရှင်ဖူးပါတယ်။ သူတို့တွေအားလုံးကလည်း ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားကြလို့ပဲ ဖြစ်ပါတယ်။

မေး : ကုသမှု မယူဘဲနဲ့ ကိုက်တဲ့ခွေးကိုပဲ (၁၀)ရက်လောက် စောင့်ကြည့်ရင်ရော ရနိုင်လား?
ဖြေ : မရပါဘူး။ ခွေး၊ကြောင်ဦးရေများတဲ့ အရပ်ဒေသတွေမှာဆိုရင် အကိုက်ခံရပြီဆိုတာနဲ့ ချက်ချင်း ဆေးကုသမှု ခံယူရမှာဖြစ်သလို ကိုက်လိုက်တဲ့ ခွေးတွေကိုလည်း (၁၀)ရက် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ စောင့်ကြည့်နေတဲ့ (၁၀)ရက်အတွင်းမှာ ခွေးကကျန်းမာနေမယ်ဆိုရင်တော့ ကိုက်ခံရပြီးချိန်အတွက် ကာကွယ်ပြီးသားဖြစ်အောင် ကာကွယ်ဆေး ( post-exposure prophylaxis) ထိုးလိုက်ပါ။ ဒါဟာ နောင်တစ်ချိန်အတွက်လည်း ကြိုတင်ကာကွယ်ထားရာ ရောက်ပါတယ်။

မေး : အကိုက်ခံရပြီးချိန် ဘယ်လိုအခြေအနေတွေမှာ ဆေးထိုးဖို့ လိုအပ်လဲ?
ဖြေ : ခွေးရူးပြန်ရောဂါရှိနေတယ်လို့ သံသယရှိတဲ့ ခွေး၊ကြောင်နဲ့ တိရစ္ဆာန်တွေ အကိုက်ခံရရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။
– အကိုက်ခံလိုက်ရတဲ့နေရာက အရေပြားပြဲသွားရင်၊ သွေးထွက်ရင်
– ကိုယ်ရဲ့အရေပြားက အမြှေးလေးတွေက ကိုက်လိုက်တဲ့တိရစ္ဆာန်ရဲ့ တံတွေးနဲ့ ထိတွေ့မိသွားရင်
– ကိုက်လိုက်တဲ့ တိရစ္ဆာန်က သေသွားရင်၊ စောင့်ကြည့်နေဆဲကာလမှာ ပျောက်သွားရင်၊ မူမမှန်တဲ့ ရန်လိုတဲ့ အပြုအမူတွေ ဖြစ်လာရင်၊ ဓာတ်ခွဲခန်းရလဒ်အရ ကိုက်လိုက်တဲ့တိရစ္ဆာန်ရဲ့ ဦးနှောက်ကို စစ်ဆေးရာမှာ positive လို့ အဖြေထွက်ခဲ့ရင် မဖြစ်မနေ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါလိမ့်မယ်။

မေး : ကာကွယ်ဆေးထိုးထားတဲ့ခွေးကိုက်ခံရရင်ရော ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါသလား?
ဖြေ။ : မလိုပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးမထိုးထားတဲ့ ခွေးဆိုရင်တော့ post-exposure prophylaxis (ကိုက်ခံရ၊ ထိတွေ့ခံရဖူးပြီးချိန် ကာကွယ်ဆေးထိုးခြင်း) ယူဖို့ လိုပါတယ်။

မေး : အကယ်၍ ကြွက်ကိုက်ခံရရင်ရော post-exposure prophylaxis လိုအပ်လား?
ဖြေ : မလိုပါဘူး။ ကြွက်ကဖြစ်တဲ့ ခွေးရူးပြန်ရောဂါ အလွန်ရှားပါတယ်။ ဒါကြောင့် အိမ်ကြွက်အကိုက်ခံရတာမျိုးဆိုရင်တော့ ကာကွယ်ဆေးမလိုပါဘူး။ ဒါပေမယ့် ကြွက်တို့လို ကိုက်ဖြတ်တတ်တဲ့သတ္တဝါတွေ ကိုက်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

မေး : လင်းဆွဲအကိုက်ခံရတယ်ဆိုရင်ရော ဘာတွေလုပ်သင့်လဲ?
ဖြေ : အရှေ့တောင်အာရှမှာတော့ လင်းဆွဲကြောင့် ခွေးရူးပြန်ဖြစ်တဲ့ မှတ်တမ်းတော့ မတွေ့ရပါဘူး။ ဒါပေမယ့် လင်းဆွဲကိုက်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသတာတော့ ပိုကောင်းပါတယ်။ ဒါ့အပြင် လင်းဆွဲတွေကို လက်လွတ်စပယ် မထိဖို့ မကိုင်တွယ်ဖို့လည်း အကြံပြုပါရစေ။

မေး : ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားမိရင်ရော ခွေးရူးပြန်ရောဂါ ကူးစက်တတ်လား?
ဖြေ : ရောဂါပိုးရှိတဲ့အသားကို စားမိရင်တော့ post exposure prophylaxisလိုအပ်ပါတယ်။ ကျက်အောင်ချက်ထားတဲ့အသားကတော့ ပိုးမကူးစက်တတ်ပါဘူး။ ဘယ်လောက်ပဲ ဒီလိုပြောပါစေ ရောဂါပိုးရှိတဲ့အသားကိုတော့ မစားဖို့ အကြံပေးပါရစေ။

မေး : Single dose vaccine (တစ်ကြိမ်တည်း ထိုးသော ကာကွယ်ဆေး) တွေက တစ်သက်သာ ကာကွယ်နိုင်စွမ်းရှိလား?
ဖြေ : Single dose vaccineတွေက တစ်သက်သာ ကာကွယ်နိုင်စွမ်းတော့မရှိပါဘူး။ single dose vaccineတွေက အချိန်အတိုင်းအတာတစ်ခုအထိပဲ ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

မေး : ခွေးရူးပြန်ရောဂါ ကာကွယ်ဖို့အတွက် ဘာတွေ လုပ်ဆောင်သင့်လဲ?
ဖြေ :
● တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ ညွှန်ကြားတဲ့အတိုင်း အိမ်မွေးခွေးလေးတွေ၊ ကြောင်လေးတွေကို ကာကွယ်ဆေးထိုးထားဖို့ လိုအပ်ပါတယ်။
● ကာကွယ်ဆေးမှတ်တမ်းတွေကို သိမ်းထားပါ။
● ခွေးရူးရောဂါရှိတဲ့ ဒါမှမဟုတ် ရောဂါရှိတယ်လို့ သံသယရှိတဲ့ ကျွဲတွေ၊နွားတွေရဲ့ နို့ကို ရောင်းချခြင်း၊ သောက်သုံးခြင်း မပြုလုပ်ပါနဲ့။

မေး။ : အိမ်မွေးခွေးလေးတွေကို အချိန်ဇယားအရ ဘယ်အချိန်တွေမှာ ကာကွယ်ဆေးထိုးသင့်သလဲ?
ဖြေ : မိခင်ခွေးမကြီးမှာ ကာကွယ်ဆေးထိုးထားတယ်ဆိုရင်တော့ သူကပေါက်တဲ့ ခွေးကလေးတွေမှာ ကာကွယ်ဆေးချက်ချင်း မလိုအပ်ပါဘူး။ အမေဆီကရတဲ့ antibodyတွေက ၃လလောက်အထိ ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ၃လပြည့်တဲ့အချိန်မှာ တစ်ကြိမ် ၊ နောက်ထပ် ၉လပြည့်တဲ့အချိန်မှာ တစ်ကြိမ် နှစ်တိုင်း ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ ကာကွယ်ဆေးမထိုးခင်မှာတော့ သန်ချဆေးတိုက်ဖို့တော့ လိုပါလိမ့်မယ်။
● လမ်းဘေးခွေးလေးတွေကို မွေးစားမယ်ဆိုရင်လည်း အထက်ကပြောပြခဲ့တိုင်း အချိန်ဇယားအတိုင်း ကာကွယ်ဆေးထိုးရပါမယ်။
● အကယ်၍ အရွယ်ရောက်ပြီးသား လမ်းဘေးခွေးကို မွေးမယ်ဆိုရင်တော့ တိမွေးကုဆရာဝန်နဲ့တိုင်ပင်ပြီး ချက်ချင်း ကာကွယ်ဆေးထိုးထားပေးဖို့ လိုအပ်ပါတယ်။

အခုဆို ခွေးရူးရောဂါနဲ့ပတ်သက်လို့ အမေးများတဲ့ မေးခွန်းလေးတွေကို ဖြေကြားထားတာပဲ ဖြစ်ပါတယ်။ အားလုံး ခွေးရူးရောဂါကို ဂရုတစိုက်နဲ့ သတိထားကာကွယ်ကြဖို့ တိုက်တွန်းပါရစေ။

Reference📚 – FAQ on Rabies World Health Organization (WHO)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 21 July 2022
Last Updated: 21 July 2022