ခွေးရူးပြန်ရောဂါ (Rabies) (မတ်လ၊ ၂၀၂၃ ခုနှစ်)
🐕 အဓိကအချက်အလက်များ
🔴 ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင် တွေ့ရှိရသည်။ နှစ်စဥ် သောင်းနှင့်ချီ၍ သေဆုံးစေနိုင်သောရောဂါဖြစ်ပြီး အာရှနှင့်အာဖရိကတွင် အဓိကတွေ့ရှိရသည်။ သေဆုံးမှု၏ (၄၀) ရာခိုင်နှုန်းမှာ အသက် (၁၅) နှစ်အောက် ကလေးများဖြစ်သည်။
🔴 ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုများ၏ (၉၉) ရာခိုင်နှုန်းမှာ ခွေးများမှတစ်ဆင့် လူသို့ ရောဂါကူးစက်မှုကြောင့်ဖြစ်သည်။ ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်းနှင့် ခွေးကိုက်မခံရအောင် ကာကွယ်ခြင်းတို့ဖြင့် ခွေးရူးပြန်ရောဂါကို ကာကွယ်နိုင်ပါသည်။
🔴 ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်နှင့် အန္တရာယ်ဖြစ်နိုင်ဖွယ်ရာ ထိတွေ့မိပါက ဒဏ်ရာကို ရေနှင့် ဆပ်ပြာတို့ဖြင့် (၁၅) မိနစ်ကြာ ဆေးကြောသန့်စင်ခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ရေပြည့်ထိုးနှံခြင်းနှင့် လိုအပ်ပါက အသက်ကယ်တင်နိုင်သော ခွေးရူးပြန်ရောဂါ ပဋိပစ္စည်းများ ထိုးနှံခြင်း စသည့် ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (Post-exposure prophylaxis – PEP) နည်းလမ်းကို အသုံးပြု၍ အသက်အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်ပါသည်။
🔴 ကမ္ဘာအနှံ့ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဥ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၈.၆) ဘီလီယံခန့် ရှိပါသည်။
🔴ကဏ္ဍပေါင်းစုံနှင့် ရပ်ရွာဒေသခံများ စုပေါင်းပြီး ပြည်သူလူထုသတိပြုမိစေရန် ပညာပေးခြင်းနှင့် ခွေးများကို အစုလိုက် ကာကွယ်ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ရာတွင် လူ၊ တိရစ္ဆာန်နှင့် ဂေဟစနစ် အားလုံး သဟဇာတဖြစ်ရန် ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးပုံစံ (One Health Approach) ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
🐕 ခြုံငုံသုံးသပ်ခြင်း
ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်စေတတ်သော၊ ပင်မအာရုံကြောစနစ်ကို ထိခိုက်စေသော ဗိုင်းရပ်စ်ရာဂါဖြစ်သည်။
ရောဂါလက္ခဏာများစတင်ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ခွေးရူးပြန်ရောဂါသည် ရာနှုန်းပြည့် သေစေနိုင်သောရောဂါ ဖြစ်သည်။
(၉၉) ရာခိုင်နှုန်းသော ခွေးရူးပြန်ရောဂါခံစားရသူများသည် လမ်းဘေး လေလွင့်ခွေးများ၊ ပိုင်ရှင်မဲ့ခွေးများအပါအဝင် အိမ်မွေးခွေးများမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် အိမ်မွေးတိရစ္ဆာန်များသာမက တောရိုင်းတိရစ္ဆာန်များကိုပါ ခွေးရူးပြန်ရောဂါကြောင့် ထိခိုက် ခံစားရနိုင်ပါသည်။
အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်းနှင့် မျက်စိ၊ ပါးစပ် နှင့် ပေါက်ပြဲဒဏ်ရာ စသည်တို့၏ အမြှေးပါးကို တိုက်ရိုက်ထိတွေ့ခြင်းစသည့် နည်းလမ်းများဖြင့် တံတွေးမှတစ်ဆင့် လူနှင့် တိရစ္ဆာန်များကို ကူးစက်စေနိုင်ပါသည်။ အသက်(၅) နှစ် နှင့် (၁၄) ကြားအရွယ်ကလေးများမှာ ရောဂါကူးစက်ခံရလေ့ရှိသူများ ဖြစ်သည်။
ခွေးရူးပြန်ရောဂါသည် အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးများအားလုံးတွင် တွေ့ရှိရပြီး သေဆုံးမှု၏ (၉၅) ရာခိုင်နှုန်းကျော်သည် အာရှနှင့် အာဖရိကတိုက်မှ ဖြစ်သည်။ သို့သော် ခွေးရူးပြန်ရောဂါကို သတင်းပေးပို့ခြင်း နည်းပါးသဖြင့် စာရင်းရှိ အချက်အလက်များနှင့် ကွာခြားလျက်ရှိသည်။
ခွေးရူးပြန်ရောဂါသည် ဆင်းရဲ၍ ထိခိုက်လွယ်သော၊ လစ်လျူရှုခံထားရသော လူထုကို အများအားဖြင့် ထိခိုက်စေသည့် အမေ့လျော့ခံ အပူပိုင်းဒေသရောဂါတစ်မျိုး ဖြစ်သည်။ ခွေးရူးပြန်ရောဂါအတွက် အစွမ်းထက်သည့် ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများရှိသော်လည်း အမှန်တကယ်လိုအပ်သူများအတွက် လက်လှမ်းမီရရှိရန် မလွယ်ကူပါ။
🐕 ကာကွယ်ခြင်း
🔴 ခွေးများတွင် ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းခြင်း
ခွေးရူးပြန်ရောဂါသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည့်ရောဂါ ဖြစ်သည်။ ခွေးငယ်ကလေးများအပါအဝင် ခွေးများအား ကာကွယ်ဆေးထိုးပေးခြင်းသည် ရောဂါကို ပင်မရင်းမြစ်မှ ကာကွယ်ခြင်းဖြစ်ပြီး ထိရောက်သော နည်းဗျူဟာဖြစ်သည်။ ထို့ပြင် ခွေးများကိုကာကွယ်ဆေးထိုးခြင်းသည် ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (PEP) နည်းလမ်းလိုအပ်ချက်ကို လျှော့ချပေးသည်။
ကလေးနှင့် လူကြီးများအား ခွေးများ၏ အမူအကျင့်များကို သင်ကြားပေးခြင်းနှင့် ခွေးကိုက်မခံရအောင် သင်ကြားပေးခြင်းတို့သည်လည်း ခွေးရူးကာကွယ်ဆေးထိုးခြင်း တိုးချဲ့အစီအစဥ်တွင်ပါဝင်ပြီး ရောဂါဖြစ်ပွားမှုနှင့် ရောဂါကုသစရိတ်တို့ကို လျှော့ချနိုင်သည်။
🔴 လူများကို ကာကွယ်ဆေးထိုးခြင်း
ခွေးရူးပြန်ရောဂါပိုးနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကာကွယ်ဆေးထိုးရန် အကျိုးအာနိသင်ပြည့်ဝသော ကာကွယ်ဆေးများ ရှိပါသည်။
ရောဂါမထိတွေ့မီ ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis – PrEP) ကို တချို့သော အန္တရာယ်ရှိသည့် လုပ်ငန်းခွင် (ခွေးရူးပြန်ရောဂါပိုး ကိုင်တွယ်နေရသည့် ဓာတ်ခွဲခန်း ဝန်ထမ်းများ) နှင့် လင်းနို့ သို့မဟုတ် ခွေးရူးပြန်ရောဂါ ရှိနိုင်ခြေများသည့် နို့တိုက်တိရစ္ဆာန်များနှင့် လုပ်ငန်းသဘာဝအရ ထိတွေ့နေရသူများကို ထိုးနှံရန် အကြံပြုထားသည်။ ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုများပြီး ခွေးရူးပြန် ကုသကာကွယ်ရေးအတွက် အကန့်အသတ်ရှိသည့် ဒေသတွင် နေထိုင်သူများ သို့မဟုတ် ထိုဒေသများသို့ သွားရောက်မည့် သူများကိုလည်း ရောဂါပိုး မထိတွေ့မီ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးရန် အကြံပြုထားသည်။
🐕 ရောဂါလက္ခဏာများ
ရောဂါအစပျိုးချိန်သည် ပုံမှန်အားဖြင့် (၂) လမှ (၃) လအထိ ကြာလေ့ရှိသော်လည်း ဗိုင်းရပ်စ်ဝင်ရောက်သည့် နေရာနှင့် ဗိုင်းရပ်စ်ပမာဏပေါ်မူတည်၍ (၁) ပတ်မှ (၁) နှစ်အထိ အပြောင်းအလဲရှိနိုင်ပါသည်။
အစပျိုးလက္ခဏာများမှာ ယေဘုယျလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နာကျင်ခြင်း၊ ဒဏ်ရာ၌ ထူးထူးခြားခြား တဆစ်ဆစ် တရွရွ ခံစားရခြင်း၊ ပူလောင်နေခြင်းတို့ ဖြစ်သည်။ အဓိကပင်မအာရုံကြောစနစ်သို့ ဗိုင်းရပ်စ်ပိုးရောက်ရှိသွားသည့်အချိန်၌ တဖြည်းဖြည်းဆိုးရွားလာပြီး ဦးနှောက်နှင့်ကျောရိုးနာဗ်ကြိုးရောင်ရမ်းခြင်း ဖြစ်ပေါ်ကာ သေဆုံးစေနိုင်သည်။
ခွေးရူးပြန်ရောဂါလက္ခဏာများကို ကုသပေးနိုင်သော်လည်း ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ ပြင်းထန်သည့် အာရုံကြော ချို့ယွင်းမှုများ ပျောက်ကင်းအောင် မကုသနိုင်ပါ။
🐕 ခွေးရူးပြန်ရောဂါ ပုံစံ (၂) မျိုး ရှိသည်။
၁။ ရန်လိုသောပုံစံ ခွေးရူးပြန်ရောဂါသည် အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ ဆောက်တည်ရာမရ ဖြစ်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ ညှိနှိုင်းပြောဆို၍ မရခြင်း၊ ရေကြောက်ခြင်း၊ ရေဆာသော်လည်း ရေမသောက်ရဲခြင်းနှင့် လေကို ကြောက်ခြင်း၊ လေတိုက်မခံနိုင်ခြင်းတို့ကို ဖြစ်စေသည်။ နှလုံးနှင့် အသက်ရှုစနစ် အလုပ်မလုပ်ခြင်းကြောင့် ရက်အနည်းငယ်အကြာတွင် သေဆုံးနိုင်သည်။
၂။ အကြောသေခွေးရူးပြန်ရောဂါသည် ရောဂါခံစားရသူ စုစုပေါင်း၏ ၂၀% ခန့်တွင် တွေ့ရှိရသည်။ ဤခွေးရူးပြန်ရောဂါပုံစံသည် အများအားဖြင့် ရန်လိုသော ခွေးရူးပြန်ရောဂါပုံစံထက် ရောဂါဖြစ်ပွားချိန် ပိုကြာရှည်သည်။ ကြွက်သားများသည် ဒဏ်ရာနေရာမှ စတင်၍ တဖြည်းဖြည်း အကြောသေ ချည့်နဲ့လာသည်။ ကိုမာ (Coma) သတိလစ်မေ့မျောခြင်း တဖြည်းဖြည်း ဖြစ်လာပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးရသည်။ ဤပုံစံ ခွေးရူးပြန်ရောဂါကို မကြာခဏ ရောဂါနာမည်တပ် မှားယွင်းနိုင်ပြီး သတင်းပေးပို့ခြင်းမရှိဘဲ အချက်အလက် မရရှိတတ်ပေ။
🐕 ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာမပြခင် ခွေးရူးပြန်ရောဂါကို ရှာဖွေတွေ့ရှိရန် သင့်လျော်သည့် ရောဂါရှာဖွေရေး ကိရိယာများ မရှိသေးပါ။
ခွေးရူးပြန်ရောဂါ၏ သီးခြားလက္ခဏာဖြစ်သော ရေကြောက်ခြင်း သို့မဟုတ် လေကြောက်ခြင်းများ သို့မဟုတ် ရောဂါရှိသည်ဟု သံသယရှိသော၊ သို့မဟုတ် ရောဂါရှိကြောင်း သေချာသော တိရစ္ဆာန်နှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းတို့ မရှိပါက ရောဂါအမည်သတ်မှတ်ခြင်း ပြုလုပ်ရန် ခက်ခဲပါသည်။
ရောဂါကူးစက်ခံရပြီးနောက် အသက်ရှင်စဥ် သို့မဟုတ် သေဆုံးပြီးနောက် ဦးနှောက်၊ အရေပြား၊ တံတွေး စသည်တို့၌ ဗိုင်းရပ်စ်ပိုး၊ ဗိုင်းရပ်စ်အန်တီဂျင် သို့မဟုတ် နူကလိယအက်ဆစ်ကို ရှာဖွေတွေ့ရှိပါက ခွေးရူးပြန်ရောဂါဟု သတ်မှတ်အတည်ပြုနိုင်သည်။
🐕 ရောဂါကူးစက်ခြင်း
ခွေးရူးပြန်ရောဂါရှိသည့် တိရစ္ဆာန်များ အကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းတို့မှတစ်ဆင့် ရောဂါကူးစက်ခံရသည်။ ရောဂါဖြစ်ပွားသော တိရစ္ဆာန်များ၏ (၉၉) ရာခိုင်နှုန်းသည် ခွေးများဖြစ်သည်။
ရောဂါရှိသည့် တိရစ္ဆာန်၏ တံတွေးနှင့် လူ၏ မျက်လုံး၊ ပါးစပ်အစရှိသည့် အမြှေးပါး သို့မဟုတ် လတ်တလော ရရှိထားသည့် အရေပြားဒဏ်ရာများ တိုက်ရိုက်ထိတွေ့မိခြင်းမှလည်း ရောဂါကူးစက်ခံရနိုင်သည်။
🐕 ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (Post-exposure prophylaxis – PEP)
ရောဂါပိုး ထိတွေ့ပြီးနောက် ကာကွယ်ခြင်း (PEP) သည် ခွေးရူးပြန်ရောဂါအတွက် အရေးပေါ်ချက်ချင်း တုံ့ပြန်လုပ်ဆောင်ရမည့် အရာဖြစ်သည်။ PEP သည် မလွဲမသွေ သေဆုံးစေနိုင်သည့် ရောဂါပိုးက အဓိက ပင်မအာရုံကြောစနစ်သို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။
PEP တွင် အောက်ပါအချက်များပါဝင်သည်။
🔴 ခွေးရူးပြန်ရောဂါပိုးနှင့် သံသယဖြစ်ဖွယ် ထိတွေ့မှုရှိပါက မြန်နိုင်သမျှ အမြန်ဆုံး ဒဏ်ရာကို ရေနှင့် ဆပ်ပြာတို့ဖြင့် အနည်းဆုံး (၁၅) မိနစ်ကြာအောင် သေချာ ဆေးကြောပြီး ဒဏ်ရာအား ကုသမှုပေးပါ။
🔴 WHO စံနှုန်းမီသည့် ထိရောက်ပြီး အာနိသင်ကောင်းသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပါ။
🔴 လိုအပ်ပါက ဒဏ်ရာကို ခွေးရူးပြန်ရောဂါ ပဋိပစ္စည်း (immunoglobulin or monoclonal antibodies) ထိုးနှံပါ။
Source: World Health Organization (WHO)
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
🐶 ခွေးကိုက်ခံရခြင်းမှ ကာကွယ်ရန် အချက် (၅) ချက် (ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02w4KBLPaQrxtXYrve9CCDhokPJ8BoZADkXQFXX15eHWREzb1TpkeqdnmRgoDLxNzwl
🐶 Rabies in Myanmar (သင်ကြားရေး ရုပ်သံဗီဒီယို) (ဩဂုတ်လ၊ ၂၀၂၂ ခုနှစ်)
https://fb.watch/j4mHlCcfXK/
🐶 ခွေးရူးပြန်ရောဂါ သိမှတ်ဖွယ်ရာ အမေးအဖြေကဏ္ဍ (ဇူလိုင်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02PJhpY37ybySoYb8if4jqxYewsiRq9AYRVvG15dqAs9GaP3JEPBrD6NEwbV1sZZebl
🐶 ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ (ဇွန်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02KQK3yuZB6Nxj4vBrvxcbUveuiYvo1Qp2tHHLZ9dcJdkoE68EhmeZWmvEXy8hCoqQl
nugmoh #rabies #PEF #PrEP #dog #dogbites #canine
Ministry of Health,
National Unity Government.

Published on: 5 March 2023
Last Updated: 5 March 2023