“ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း”
=================================
(၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ…
နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ်။
နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြည်းဖြည်းတိုးပြီး နာလာတတ်ပါတယ်။
ဆီးသွားတဲ့အခါမှာ ပူတာ၊ ကျင်တာ၊ အောင့်တာ ဖြစ်တတ်သလို…..ဆီး အနီရောင်၊ အညိုရောင်၊ ပန်းရောင်တွေ သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆီးထဲမှာ အမှုန်တွေ ပါနေတတ်ပြီး၊ ဆီးအနံ့ဟာလည်း အနံ့ဆိုးထွက်နေတာမျိုး ဖြစ်နိုင်ပါတယ်။
မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး၊ တကယ်သွားတဲ့အခါ ဆီးနည်းနည်းပဲ ထွက်တာမျိုးနဲ့…
ချမ်းတုန်ဖျားပြီး ပျို့တာ အန်တာမျိုးအထိလည်း ဖြစ်တတ်ပါတယ်။
..
..
(၂) ဘာကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရတာလဲ
ကျောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ (ဥပမာ။ calcium, oxalate, uric acid ) ခန္ဓာကိုယ်တွင်း များပြားလာပြီး ဆီးမှတစ်ဆင့် ကောင်းမွန်စွာ မစွန့်ပစ်နိုင်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်ပါတယ်။
အဆိုပါဓာတုပစ္စည်းများကို လွယ်လွယ်နဲ့ ကျောက်မဖြစ်သွားအောင် တားဆီးပေးတဲ့ဓာတ်အချို့ အားနည်းရင်လည်း ကျောက်တည်စေပါတယ်။
..
..
(၃) ကျောက်ကပ် ကျောက်တည်ခြင်းဟာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ
လူတိုင်း ကျောက်တည်နိုင်တယ်ဆိုပေမယ့် အသက် ၃၀ – ၄၀ အရွယ် အမျိုးသားတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
အောက်ပါအချက်အလက်တွေဟာ ကျောက်ကပ်ကျောက်တည်တာကို အဖြစ်များစေပါတယ်…
ရေသောက်နည်းခြင်း
ကျောက်ဖြစ်စေသော ဓာတုပစ္စည်းပါဝင်သည့် အစားအစာများ စားသုံးမှု များပြားခြင်း
(ဥပမာ။ အသားနီ၊ ကလီစာ၊ ပင်လယ်စာ အလွန်အမင်း စားသုံးခြင်း )
အချိုနှင့် အငန်ဓာတ် လွန်ကဲစွာ စားသုံးခြင်း
ကျောက်ကပ်ကျောက်တည်သည့် မိသားစုမျိုးရိုးရှိခြင်း
ဆီးလမ်းကြောင်း ကျဥ်းခြင်း/ပိတ်ခြင်း
.
ဒါ့အပြင် အချို့ရောဂါတွေဟာလည်း ကျောက်ကပ်ကျောက်တည်ခြင်းကို အားပေးစေပါတယ်…
သွေးတိုး
ဆီးချို
အဝလွန်ခြင်း
သွေးတွင်း Calcium ဓာတ် မြင့်မားခြင်း
အရိုးပွရောဂါ
ဂေါက်ရောဂါ
ကျောက်ကပ်အရည်အိတ်တည်ခြင်း
နာတာရှည် ဝမ်းလျှောခြင်း
Parathyroid ရောဂါ
Cystic fibrosis ရောဂါ
Inflamatory bowel disease
အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားသော လူနာများ
.
အချို့သောဆေးဝါးများဟာလည်း ကျောက်ကပ်ကို ကျောက်တည်စေနိုင်ပါတယ်…
ဆီးဆေးများ (ဥပမာ။ furosemide)
Calcium အားဖြည့်ဆေးများ
Vitamin C အားဖြည့်ဆေး
ဝမ်းပျော့ဆေးများ
HIV လူနာများတွင် အသုံးပြုသော Crivixan®
ဝက်ရူးပြန်နှင့် အတက်ရောဂါတွင် အသုံးပြုသော Topamax® နှင့် Dilatin®
ပိုးသတ်ဆေးများ Ciprofloxacin & Ceftriaxone
..
..
(၄) ကျောက်ကပ်မှာ ကျောက်တည်ဖို့ အချိန်ဘယ်လောက်ကြာသလဲ
နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ကျောက်ကပ်ထဲမှာ ကျောက်ရှိနေပြီဆိုရင်လည်း ဘာဝေဒနာမှ မခံစားရပါဘူး။ အဲဒီကျောက်ဟာ ကျောက်ကပ်ကနေ ပြုတ်ထွက်တော့မယ်ဆိုမှ နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။
(ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်လိုပါပဲ)
..
..
(၅) ကျောက် ပြုတ်ထွက်ကျဖို့ အချိန်ဘယ်လောက်ကြာသလဲ
အရွယ်အစားပေါ် မူတည်ပါတယ်။ 4mm ထက်သေးတဲ့ကျောက်တွေဟာ ကျောက်ကပ်ကနေ အပြင်အထိထွက်ကျဖို့ တစ်ပတ်၊ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပြီး၊ 4mm ထက်ကြီးတဲ့ကျောက်တွေကတော့ သုံးပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်။
အသက်ကြီးပြီး ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေမှာတော့ (ဆီးကျိတ်ဟာ ဆီးလမ်းကြောင်းကို ဖိမိနေတာကြောင့်) ကျောက်ထွက်ကျဖို့ အချိန်ပိုကြာမြင့်တတ်ပါတယ်။
..
..
(၆) ကျောက်ကပ်ကျောက်တည်ခြင်းကို ဘယ်လိုကုသလို့ ရပါသလဲ
အရွယ်အစားသေးငယ်တဲ့ ကျောက်တွေအတွက် အဓိကက ရေများများသောက်ပါ။ တစ်ရက်ကို ရေ ၂ လီတာမှ ၃ လီတာခွဲအထိ သောက်ပါ။
နာကျင်မှု လျော့ကျစေဖို့အတွက်တော့ ဆရာဝန်က သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေး ပေးပါလိမ့်မယ်။ ကျောက်မြန်မြန်ကျဖို့အတွက် ဆီးလမ်းကြောင်း ပျော့ပျောင်းစေမယ့် Alpha Blocker လို ဆေးမျိုးလည်း ညွှန်ကြားနိုင်ပါတယ်။
အရွယ်အစားကြီးမားပြီး သူ့အလိုလိုပြုတ်ကျဖို့ ခဲယဥ်းနေတဲ့ ကျောက်တွေအတွက်ကတော့…
အသံလှိုင်းနဲ့ ကျောက်ခြေနည်း (ESWL)
အရေပြားမှာ အပေါက်လေးဖောက်ပြီး ခွဲစိတ်ကုသနည်း (Percutaneous Nephrolithotomy)
ဆီးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်၍ ခွဲစိတ်ကုသနည်း (Ureteroscope) စတဲ့နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
Parathyroid ရောဂါကြောင့် ကျောက်တည်တဲ့လူနာတွေမှာတော့ လည်ပင်းနားက parathyroid အကျိတ်ကို ခွဲစိတ်ကုသဖို့အထိလည်း လိုအပ်နိုင်ပါတယ်။
…
…
(၇) ကျောက်မတည်အောင် ဘယ်လိုကာကွယ်ရမလဲ
ခုနကပြောခဲ့သလို ရေများများသောက်ပါ။ တစ်နေ့ကို ၂ လီတာ အနည်းဆုံးသောက်ပါ (ရေသန့်ဘူး ၂ဘူးစာ) မိမိရဲ့ဆီးဟာ ဖွေးပြီးကြည်နေရင် သင့်မှာ ကျောက်တည်ဖို့အခွင့်အလမ်း နည်းပါလိမ့်မယ်။
အသားနီဓာတ်၊ ဆား နဲ့ oxalate ပါဝင်သော အစားအစာများကို လျှော့စားပါ။
Calcium ပါဝင်သော အစားအသောက်များကိုတော့ ပုံမှန်အတိုင်း စားသုံးနိုင်ပါတယ်။ အစားအစာထဲမှာပါဝင်တဲ့ ကယ်လစီယမ်ထက်၊ Calcium အားဆေးတွေ သောက်သုံးခြင်းက ပိုမို၍ ကျောက်ဖြစ်စေကြောင်း တွေ့ရှိထားရပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အားဆေးတွေ မသောက်သင့်ပါဘူး။
Citrate ပါဝင်တဲ့ အသီးဖျော်ရည်များ (ဥပမာ။ သံပုရာသီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရိုသီး၊ ဖရဲသီး) စတဲ့ဖျော်ရည်များသောက်သုံးခြင်းဟာ ကျောက်ကပ်ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်။
ကော်ဖီသောက်သုံးခြင်းကလည်း ကျောက်တည်ဖို့ အခွင့်အလမ်းနည်းစေကြောင်း တွေ့ရှိထားရပါတယ်။
…
…
(၈) သောက်ဆေးနဲ့ရော ကျောက်မဖြစ်အောင် ကာကွယ်လို့ရပါသလား
ခွဲစိတ်ကုသပြီး ရရှိလာတဲ့ကျောက်ကို ဓာတ်ခွဲကြည့်တဲ့အခါ သင့်ရဲ့ကျောက်ဟာ…
Calcium Stone ဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ကို Thiazide အမျိုးအစား ဆီးဆေး (သို့) phosphate ပါဝင်သော ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်။
Uric Acid Stone ဖြစ်နေမယ်ဆိုရင်တော့ allopurinol လိုဆေးမျိုးကို ညွှန်ကြားပါလိမ့်မယ်။
Struvite Stone ဆိုရင်တော့ သင့်ရဲ့ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ကင်းစင်နေအောင် ပိုးသတ်ဆေးတစ်မျိုးမျိုး သောက်ရမှာပါ။
Cystine Stone အတွက်ဆိုရင် သင့်ဆီးထဲမှာရှိတဲ့ cystine ဓာတ် ပျော်ဝင်နှုန်းနည်းစေမယ့် ဆေးတစ်မျိုးမျိုး ညွှန်ကြားပါလိမ့်မယ်။
*** အထက်မှာပြောခဲ့တဲ့ဆေးတွေဟာ မိမိရဲ့ကျောက်ကို စနစ်တကျ လေ့လာစမ်းသပ်ပြီးမှ ဆရာဝန်က ညွှန်ကြားရတာမို့ မိမိသဘောဖြင့် မသောက်ရပါ ***
.
ဒီလောက်ဆိုရင်တော့ ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတအချို့ ရရှိမယ်လို့ မျှော်လင့်ပါတယ်။
ပြည်သူများ ကျောက်ကပ်ကျောက်တည်ခြင်းမှ ကင်းဝေးကြပါစေ….။
ကျောက်ကပ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ
Credits: References from Mayo and Cleveland Clinic website
(၁၂၊ ၁၊ ၂၀၂၂) ရက်နေ့က တင်ခဲ့သောပိုစ့်အား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#renalstone#ကျောက်ကပ်ကျောက်တည်ခြင်း
Ministry of Health,
National Unity Government.

Published on: 19 August 2023
Last updated: 19 August 2023