စစ်ဘေးရှောင် ဆယ်ကျော်သက်များနဲ့ စိတ်ကျန်းမာရေး (မတ်လ၊ ၂၀၂၂ ခုနှစ်)
ကိုယ့်ဇာတိရပ်ရွာနဲ့ အိုးအိမ်ကို စစ်ဘေးဒဏ်ကြောင့် စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ တွေ့ကြုံခံစားကြရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ဖိစီးမှုကြီးမားလှပြီး စိတ်ဒဏ်ရာတွေ အဖြစ် သူတို့ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်ခြိမ်းခြောက်စေနိုင်တာကို လေ့လာမှုတွေက တွေ့ရှိထားပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက်တောင် ခက်ခဲကြမ်းတမ်းလှတဲ့ ဒီအခြေအနေဟာ ဆယ်ကျော်သက် လူငယ်တွေအဖို့ ဆိုဖွယ်ရာမရှိ ပြင်းထန်လွန်းစွာ သက်ရောက်စေနိုင်ပါတယ်။
ဒါကြောင့် သူတို့ရဲ့ နာကျင်ခံစားရမှုတွေ လျော့ပါးသက်သာစေဖို့ ဆိုင်ရာမိဘအုပ်ထိန်းသူတွေ လုပ်ပေး နိုင်တဲ့ နည်းလမ်းအချို့ကို မျှဝေပေးလိုက်ရပါတယ်။
မိဘအုပ်ထိန်းသူတွေ တစ်ခုသတိထားရမှာက ဆယ်ကျော်သက်လူငယ်အယောက်စီတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘဝကို ဖြတ်သန်းကြတာမို့ ကိုယ့်အမြင်သဘောထားတွေကို အတင်း အကြပ် သွတ်သွင်းတာမျိုးမဟုတ်ဘဲ ကိုယ်ကြုံတွေ့ဖြတ်သန်းခဲ့ဖူးတာတွေကို မျှဝေပေးရင်း သူတို့ လိုအပ်တာ ရသွားစေဖို့ ဦးတည်ရမှာဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာအရင်းခံ စောင့်ရှောက်မှုကိုပေးရင်း တိုင်းပြည်ရဲ့ အဖိုးတန်အနာဂတ် လူငယ်တွေကို စိတ်ဒဏ်ရာကြောင့် အနာဂတ်ပျောက်ဆုံးရခြင်းတွေကနေ အတတ်နိုင်ဆုံးကာကွယ်ပေးရမှာဖြစ်ပါတယ်။
၁။ သူတို့တွေနဲ့ စကားပြောပေးပါ။
ဆယ်ကျော်သက်တွေနဲ့ စကားပြောချင်ရင် ခရီးသွားနေရင်း၊ အလုပ်တစ်ခုခုကို အတူတူလုပ်နေရင်း စကားပြောပေးနိုင်ပါတယ်။ သူတို့မေးခွန်းမေးလာရင် ရိုးရိုး သားသားနဲ့အဖြေပေးပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေကိုမေးပြီး လေးလေးစားစားလည်း နားထောင်ပေးပါ။ နေရာသစ်မှာ လူသစ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ စိုးရိမ်မိတဲ့အကြောင်းမျိုး သူတို့ ပြောလာခဲ့တဲ့အခါ သူတို့ရဲ့ခံစားချက်တွေက အရေးမပါသလို၊ ပြဿနာမဟုတ်သလို မဆက်ဆံ၊ မတုံ့ပြန်ပါနဲ့။ သူတို့ကို နားလည်အားပေးတဲ့စကားကို ပြောပါ။ ကိုယ်ပြန်ပြောတဲ့စကားတွေဟာ ချက်ကျလက်ကျဖြစ်ပြီး ယုံကြည်မျှော်လင့်မှုပါတဲ့ စကားဖြစ်ပါစေ။
၂။ မိသားစုရဲ့ခိုလှုံရာဒီအမိုးအကာဟာ ကမ္ဘာပေါ်မှာအနွေးထွေးအလုံးခြုံဆုံးနေရာလို့ ခံစားရပါစေ။
စစ်ဘေးရှောင်ရတဲ့ကာလတွေဟာ ခက်ခဲကြမ်းတမ်းတာမှန်ပေမယ့် မိသားစုချင်း အချိန်ပေးကြရင် ခွန်အားလည်းဖြစ်၊ နားလည်မှုလည်းရပြီး လုံခြုံနွေးထွေးမှုကို ခံစားရစေပါတယ်။
၃။ ကိုယ့်ကလေးတွေ သတင်းတွေနဲ့ ပိမသွားရအောင် ဂရုစိုက် ကြပ်မတ်ပေးပါ။
စိတ်မချမ်းမြေ့ဖွယ်သတင်းမျိုးတွေကို တောက်လျှောက် မြင်နေကြားနေရတာမျိုး၊ ရယူနေတာမျိုးက စိုးရိမ်ပူပန်မှု ပိုစေတတ်တာမို့ ဘေးကနေ ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ သတင်းတွေကြည့်ရင် သူတို့မှာ ဘယ်လိုစိတ်ခံစားမှုတွေ အတွေးတွေ ဖြစ်ပေါ်သလဲ မေးမြန်းဆွေးနွေးတာမျိုး လုပ်ပေးပါ။
၄။ စစ်ဘေးရှောင်ရခြင်းဟာ ရှိရင်းစွဲ စိတ်ဖိစီးမှုတွေကိုပါ တိုးစေတာမို့ နားလည်မှုရှိရှိ ကိုင်တွယ်ပါ။
ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေအများကြီးဖြစ်နေတာမို့ စိတ်အတက်အကျ မြန်လေ့ရှိကြပါတယ်။ စစ်ဘေးရှောင်ကာလမှာ ကြုံရတဲ့ မသေချာမရေရာမှုတွေက ဆယ်ကျော်သက် တွေကို ပိုမိုပြင်းထန်တဲ့ စိတ်အတက်အကျဒဏ်ကို ခံစားရစေနိုင်ပါတယ်။ သူတို့ဟာ ဒီအချိန်မှာ စိတ် ဖိစီးမှုကို ဒေါသနဲ့ တုံ့ပြန်တတ်တယ်ဆိုတာကို လူကြီးတွေအနေနဲ့ ကြိုတင်နားလည်ထားပြီး ကြမ်း ကြမ်းတမ်းတမ်းမဟုတ်ဘဲ ကျိုးကြောင်းသင့် ကိုင်တွယ်နိုင်ဖို့ ကြိုးစားရမှာပါ။
၅။ စိတ်တည်ငြိမ်မှုနဲ့ ရေရာသေချာမှုရစေဖို့ အိမ်ထဲမှာ နေ့စဉ်ပြုဖွယ်ကိစ္စတွေ သတ်သတ်မှတ်မှတ် စီ စဉ်ထားရှိပေးပါ။
ဆယ်ကျော်သက်လူငယ်တွေဟာ အပြင်မှာ ဘဝကို စိတ်ကြိုက် ရှင်သန်တာမျိုး ဖြစ်လာပေမဲ့ အိမ်ကို တော့ သူတို့အတွက် ရေရာသေချာမှုပေးတဲ့ နေရာအဖြစ်သာ လိုချင်တတ်ကြပါတယ်။ ဒါကြောင့် မရေရာလွန်းတဲ့ ပြင်ပကမ္ဘာကြီးကို ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင် ဆယ်ကျော်သက်တွေအတွက် အိမ်မှာ ရေရာသေချာမှုကို ပိုပြီးခံစားရအောင် အိမ်မှာ သူတို့အတွက် နေ့စဥ်ပြုဖွယ်ကိစ္စတွေ သတ်သတ်မှတ်မှတ်ရှိပြီး သူတို့လုပ်ခွင့်ရနေအောင် စီမံထားရှိပေးပါ။
၆။ ဆယ်ကျော်သက်တွေကို စောင့်ရှောက်မှုပေးမဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်သင့်ပါတယ်။
အခက်အခဲကြုံနေရချိန်မို့ ကိုယ်တိုင်လည်း စိတ်မလန်းမဆန်းနဲ့ စိတ်ရှည်သည်းခံနိုင်မှုတွေ လျော့နည်းနေချိန် ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကိုယ်နဲ့သူတို့အကြားမှာ ပွတ်တိုက်မှုတွေ နည်းနိုင်သမျှနည်းပြီး အပြန်အလှန် ပိုစောင့်ရှောက်နိုင်ဖို့ ကိုယ့်ရဲ့စိတ်ခွန်အားကို ဂရုစိုက်မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။
၇။ အရေးပေါ်အစီအမံတွေကို သူတို့နဲ့အတူ ပြင်ဆင်ပါ။
အရေးပေါ်အခြေအနေနဲ့ ကြုံတဲ့အခါ မိသားစုဝင်တွေထဲ ဘယ်သူဘာလုပ်မယ်၊ အတူရှိနေတဲ့အချိန်မှာ ဘယ်လိုလုပ်ရမယ်၊ တကွဲတပြားစီရောက်နေကြချိန်ဆို ဘာတွေဘယ်လိုလုပ်ရမယ် အစရှိတာတွေကိုပါ သူတို့နဲ့အတူ စီမံပါ။ အသေးစိတ်တိုင်ပင်ထားပါ။ သူတို့ ဘယ်ကိစ္စမှာ ဘယ်လို ပါဝင်ရမယ် ဆိုတဲ့ တာဝန်ပေးမှု ရှိရပါမယ်။ သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်နဲ့ လုပ်နိုင်စွမ်းတွေကို အသိအမှတ်ပြုပေး အသုံးပြုပေးရမှာ ဖြစ်ပါတယ်။
၈။ သူတို့ရဲ့ စိတ်ခံစားမှုအခြေအနေကို အမြဲဂရုစိုက် စောင့်ကြည့်ပြီး စောင့်ရှောက်ပံ့ပိုးပါ။
ဆယ်ကျော်သက်တွေမှာ သူတို့ ဖွင့်မပြောပြတတ်တဲ့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတတ်ပါတယ်။ သူတို့တွေ ပြုမြဲအမူအကျင့်တွေကနေ ပြောင်းလဲနေပြီး အာရုံစူးစိုက်မှု နည်းလာတာ၊ ဒေါသကြီးလာတာမျိုးတွေကို သတိထားမိရင် သူတို့ဝါသနာပါတဲ့ ပန်းချီ၊ ဂီတ စတဲ့အနုပညာတွေနဲ့ ထိတွေ့ပါစေ။ ခံစားနေရတာကို မပြောပြတတ်ဘူး ဖြစ်နေခဲ့ရင် ဒိုင်ယာရီရေးရင်း၊ မှတ်တမ်းတွေရေးရင်း ဖော်ထုတ်ဖို့၊ ဒါမှမဟုတ် ကိုယ်ခံစားနေရတာတွေကို အနုပညာ ပုံစံတစ်ခုခုကနေ ဖွင့်ထုတ်နိုင်ဖို့ အားပေးပါ။
၉။ အိမ်မှုကိစ္စ ကူညီတာပဲဖြစ်ဖြစ်၊ မိသားစုရဲ့ ကိစ္စကြီးငယ်တွေမှာ အကြံပေးတာပဲဖြစ်ဖြစ် သူတို့ပေးတဲ့ အကူအညီတိုင်းကို တန်ဖိုးထားပေးပါ။
အိမ်ရဲ့ကိစ္စတွေကို တာဝန်ယူလုပ်ဆောင်စေတာ၊ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ပါဝင်ခွင့်ပေးတာ၊ သူတို့ရဲ့ ပါဝင်လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတာတွေဟာ ဆယ်ကျော်သက်တွေကို မိမိကိုယ်မိမိ ယုံကြည်စိတ် ရစေတိုးစေပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်ဟာ မိသားစုအတွက် အသုံးဝင် အရေးပါနေတယ်ဆိုတဲ့ ခံစားချက်ဟာ ဆယ်ကျော်သက်အရွယ်တွေအတွက် အရေးကြီးခံစားချက်တစ်ခုဖြစ်တဲ့ ‘ကိုယ့်ဘဝကိုကိုယ် ပိုင်နိုင်အစိုးရနေတယ်ဆိုတဲ့ ခံစားချက်ကို ရစေပါတယ်။
၁၀။ ကြုံတွေ့နေရတာတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေးတောသိမြင်နိုင်စေဖို့ ကူညီပေးပါ။
ကိုယ်နဲ့ ကိုယ့်ကလေးနှစ်ယောက်စလုံးအတွက် ပထမဦးဆုံးအတွေ့အကြုံ ဖြစ်နေနိုင်တဲ့ ဒီစစ်ပွဲကြီး ဘယ်တော့များပြီးမလဲ တွေးပူနေတာမျိုး သူတို့မှာ ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲ မရှိတဲ့အကြောင်း သူ့တို့ကို ပြောပြပါ။ ကြုံနေရတဲ့ ခက်ခဲဖိစီးမှုတွေကြောင့် ဘာမှဆက်မတွေးချင် တော့တာမျိုး သူတို့မှာ ဖြစ်နေနိုင်ပါတယ်။ ဘဝမှာ သူတို့ ကြုံခဲ့ရပြီး အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်ခဲ့ဖူးတဲ့ကိစ္စတွေ အများကြီးကို ပြန်ပြောင်း သတိရစေပါ။ အဆိုးအကောင်း ဒွန်တွဲနေတတ်တဲ့ လောကဓမ္မတာကို သိမြင်စေပါ။ အဆိုးပြီးရင် အကောင်းလာမယ်လို့ သိမြင်ယုံကြည်စေပါ။
မှီငြမ်း-
https://www.apa.org/topics/resilience/teen-war
Please donate:
https://moh.nugmyanmar.org/donate/
International Society of Myanmar Scholars and Professionals
https://ismsp-mm.org/
စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်ရန်-
👉 တယ်လီကျန်းမာ ဆေးခန်း (နေ့စဉ် နံနက် ၈ နာရီမှ ၆ နာရီအထိ)
https://m.me/telehealthmm
👉 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw
Ministry of Health,
National Unity Government.




Published on: 8 March 2022
Last Updated: 8 March 2022