Restless Legs Syndrome (RLS) ( February 2022)

အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ ? ( February 2022 )

တချို့လူတွေ ခံစားဖူးကြပါမယ်။ အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာဖြစ်၊ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်၊ နာတာလည်းမဟုတ်၊ ကိုက်တာလည်း မဟုတ်၊ ရောင်ရမ်းတာလည်းမရှိ၊ တခြားလူကို ဘယ်လိုရှင်းပြရမယ်မှန်းလည်းမသိ။ အဲဒါမျိုးဖြစ်တာကို Restless legs syndrome (RLS)လို့ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ ?

ဖြစ်ရတဲ့ အကြောင်းအရင်းကို ခုချိန်ထိ တိတိကျကျ  ရှင်းလင်းချက်မရှိသေးပါဘူး။ တချို့လေ့လာမှုတွေအရ ဦးနှောက်က Dopamin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အထွက်နည်းလို့ဆိုပေမယ့် တချို့လေ့လာမှုတွေကတော့ အဲဒါနဲ့လည်းမဆိုင်ဘူးလို့ဆိုပါတယ်။ လူနာတွေအတွက် ခံစားရခက်ပြီး သူများကို ​ပြောပြရခက်တဲ့ရောဂါဖြစ်သလို ဆရာဝန်တွေအတွက်လည်း ဖြစ်စဉ်ကိုရှင်းပြဖို့ ခုချိန်ထိ ပဟေဠိဖြစ်နေတုန်းပါပဲ။

ရောဂါလက္ခဏာများ

သူ့ရဲ့ထူးခြားတဲ့ လက္ခဏာကတော့ အိပ်တော့မယ့်၊  နားတော့မယ့် အချိန်မှ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်လောက်​အောင် ဆာတာတာ၊ ညောင်းတောင်းတောင်းဖြစ်တာပါပဲ။ လှုပ်ရှားလိုက်ရင်ခဏတစ်ဖြုတ် သက်သာသလိုရှိပြီး ခဏနေတာနဲ့  ခြေထောက်ကို မလှုပ်ရမနေနိုင်ပြန်ပြီး ခံစားလာရတတ်ပါတယ်။ တချို့မှာတော့ မလှုပ်ရှားဘဲ စာအုပ်ဖတ်မယ်၊ တီဗွီကြည့်တော့မယ်ဆိုရင် ဖြစ်လာတတ်ပါတယ်။ RLS ကြောင့် တချို့လူနာတွေမှာ အချိန်အကြာကြီးကားစီးဖို့၊ လေယာဉ်စီးဖို့တောင် အခက်အခဲ ဖြစ်ကြရပါတယ်။ အများအားဖြင့် ခြေ နှစ်ဖက်လုံးဖြစ်တတ်ပြီး အနည်းငယ်မှာတော့ ခြေတဖက်တည်းမှာဖြစ်တာ၊ လက်မှာဖြစ်တာ ကြုံရတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ ?

လူအယောက် ၁၀၀ မှာ ၅ ယောက်လောက်က RLS ကိုခံစားနေရတတ်ပါတယ်။ အောက်ဖော်ပြပါ လူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။
– လူလတ်ပိုင်းနဲ့  လူကြီးပိုင်း
– အမျိုးသမီးများ
– ကိုယ်ဝန်ဆောင်ချိန်
– မိဘမှာ ဖြစ်ဖူးရင် (မျိုးရိုးလိုက်တတ်ပါတယ်)

အောက်ပါရောဂါအခြေအနေရှိသူတွေမှာလည်း RLS ခံစားရနိုင်ပါတယ်။
– သံဓါတ်ချို့တဲ့သူ
– ကျောက်ကပ်ပျက်စီးနေတဲ့သူတွေ
– သိုင်းရွိက်ဟော်မုန်းချို့တဲ့ရောဂါရှိသူတွေ
– တချို့ဆေးဝါးများ (နှာစေးချောင်းဆိုးပျောက်ဆေးတချို့၊ သွေးတိုးကျဆေးတချို့၊ စိတ်ငြိမ်ဆေးတချို့)

နောက်ဆက်တွဲ ရောဂါတွေဖြစ်နိုင်လား ?

RLS တစ်မျိုးတည်းအနေနဲ့ဆိုရင်တော့ ဆိုးရွားတဲ့ရောဂါမဟုတ်သလို အသက်အန္တရာယ်လည်းမရှိပါဘူး။ RLS ကြောင့် အိပ်မပျော်တာတွေ၊ အနားမရတာတွေဖြစ်တာများလာရင်တော့ နောက်ဆက်တွဲအနေနဲ့ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ တချို့လူနာတွေမှာ အရမ်းဆိုးလာရင်တော့ အိပ်မပျော်တာများပြီး ဒေါသကြီး၊ စိတ်ဓာတ်ကျတာတွေကနေ သတ်သေချင်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ကုသနည်း

သံဓာတ်ချို့တဲ့နေရင် သံဓာတ်နဲ့ ဗီတာမင်စီဓာတ်ပါတဲ့ အားဆေးသောက်ပါ။ ကျောက်ကပ်၊ သိုင်းရွိုက်ရောဂါအခံတွေရှိမရှိစစ်ဆေးပါ။ ကိုယ်ဝန်ဆောင်တွေမှာ မီးဖွားပြီးရင် သက်သာသွားတတ်ပါတယ်။ တခြားရောဂါတွေကြောင့်မဟုတ်ရင် လူနာအများစုမှာ အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ အရမ်းဆိုးဆိုးရွားရွားခံစားနေရရင်တော့ ဆရာဝန်က ဆေးပေးပါလိမ့်မယ်။

အိမ်တွင်းကုထုံးများ

အိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ပါ။
မအိပ်ခင် ခြေထောက်အကြောလျှော့ လေ့ကျင့်ခန်းကို (၅) မိနစ် အနည်းဆုံးကြာအောင်လုပ်ပါ။ အကြောလျော့နည်းကိုပုံမှာကြည့်ပါ။ (အကြောလျော့ရုံပါပဲ ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်တွေ လုပ်ရင် ပိုဆိုးတတ်ပါတယ်)။

ခြေထောက်ကို ရေခပ်နွေးနွေးလေးစိမ်ရင်း နှိပ်နယ်ပေးပါ။ ပြီးရင်ခြောက်နေအောင်ပြန်သုတ်ပါ။
ခြေသလုံး ကြွက်သားရေနွေးအိတ်ကပ်လို့ရသလို တချို့က ရေခဲကပ်ရင်လည်း သက်သာပါတယ်။ (ကိုယ့်အတွက် ဘာနဲ့ အဆင်ပြေနိုင်လဲ စမ်းကြည့်ပါ။တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး)

တချို့တွေမှာ ကော်ဖီသောက်တာ ရပ်လိုက်ရင်လည်း သက်သာသွားတတ်ပါတယ်။ အိပ်ရာကထပြီးလမ်းထလျှောက်တာ၊ ပြေးတာက မသက်သာစေပါဘူး။

***အိပ်မပျော်လို့ စိတ်ပြောင်းသွားအောင် ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေကလည်း အိပ်မပျော်တာကို ပိုဆိုးစေပါတယ်***

References:
1. NHS: Restless legs syndrome
2. Murtagh’s Patient Education, sixth edition: Restless legs syndrome
3. Better Health Channel: Restless legs syndrome

” NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ “

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်
https://m.me/telehealthmm )

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 2 February 2022
Last Updated: 2 February 2022