Rotavirus Diarrhoea (ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ) (November, 2022)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

🔴 ၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea) 🔴

ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါသည် ရိုတာဗိုင်းရပ်စ် ပိုးအမျိုးအစားများကြောင့် ဖြစ်သော အလွန်ကူးစက်တတ်သည့် ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်သည်။ အူသိမ်ပိုင်းတွင် ရောဂါဖြစ်စေသည်။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါသည် တစ်ကမ္ဘာလုံးတွင် တစ်နှစ်အောက်နှင့် ကလေးငယ်များတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အဓိက အကြောင်းအရင်း တစ်ခု ဖြစ်ပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်လျက် ရေကောင်းရေသန့် ရရှိသော နိုင်ငံများတွင်လည်း ဖြစ်နိုင်ပါသေးသည်။ အသက် (၃) လ မှ (၁၂) လ အရွယ် ကလေးများသည် ပထမဆုံး ရောဂါပိုးဝင်သောအခါ ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လျက် အရည်ခန်းခြောက်ခြင်း ဖြစ်လွယ်ပြီး သေဆုံးနိုင်ပါသည်။

😰 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ ကူးစက်ပြန့်ပွားပုံ

ရိုတာဗိုင်းရပ်စ်ပိုးသည် မစင်မှ ပါးစပ်သို့ ဝင်ရောက်သော နည်းလမ်းဖြင့် ပျံနှံ့ပါသည်။ ရောဂါပိုးဝင်နေသော ကလေး၏ မစင်ထဲတွင် ရိုတာဗိုင်းရပ်စ်ပိုး မြောက်များစွာကို ရောဂါစတင်ပြီးရက် နောက်ပိုင်းရက်များတွင် စွန့်ထုတ်ပါသည်။ ပိုးသည် ပြင်ပ ပတ်ဝန်းကျင်တွင် တာရှည်စွာ အသက်ရှင်နိုင်သောကြောင့် ရောဂါပိုးဝင်သော အစားအစာ၊ ရေနှင့် ပစ္စည်းများမှ ရောဂါ ကူးစက်ပျံ့နှံ့နိုင်ပါသည်။

😰 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ လက္ခဏာများ

သာမန်ဝမ်းလျှောသည်မှ ပြင်းထန်စွာ အရည်များစွာ ပါခြင်း၊ အန်ခြင်းများ ဖြစ်လျက် အရည်ခန်းခြောက်ခြင်း ဖြစ်တတ်ပါသည်။ ပိုးဝင်ပြီး နောက်တစ်ရက်မှ သုံးရက်တွင် ရောဂါလက္ခဏာ ပြသပါသည်။ ဝမ်းမလျှောမီ ဖျားခြင်း၊ အန်ခြင်းများ ဖြစ်တတ်သည်။ ဝမ်းလျှောဝမ်းပျက်ခြင်းသည် ပျမ်းမျှ (၃) ရက်မှ (၇) ရက် ကြာတတ်ပါသည်။

😰 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ

အန်ခြင်း၊ အရည်ဝမ်းလျှောခြင်း ဖြစ်သည်နှင့် တစ်ပြိုင်နက် ကလေးသည် လျင်မြန်စွာ ပြင်းထန်သော အရည်ခန်းခြောက်ခြင်း ဖြစ်လာပြီး သွေးလန့်ခြင်း၊ ကျောက်ကပ်နှင့် အသည်း ပျက်စီးခြင်း ဖြစ်လျက် သေဆုံးနိုင်ပါသည်။

😰 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါကို ကုသခြင်း

ကုသရန် တိကျသော သီးသန့်ဆေး မရှိပါ။ အခြားအကြောင်းများကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများကဲ့သိုပင် အထောက်အကူပြု ကုသခြင်းဖြစ်သော အရည်ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည်တိုက်ခြင်း၊ ဇင့်ဓာတ် ဖြည့်စွက်ခြင်းများနှင့် ကုသနိုင်ပါသည်။ ပြင်းထန်သော အရည်ခန်းခြောက်ခြင်းဖြစ်ပါက ဓာတ်ဆားရည်အပြင် အကြောအတွင်း အရည်များ သွင်းပေးခြင်းဖြင့် အရည်နှင့်ဓာတ်ဆားများကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်သည်။

😰 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်ရေးနည်းလမ်းများ

လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကာလအတွင်း ကမ္ဘာပေါ်တွင် အခြားအကြောင်းများကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုများသည် အာဟာရအခြေအနေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု တိုးတက်ကောင်းမွန်လာခြင်း၊ ပါးစပ်မှတိုက်သော ဓာတ်ဆားရည်နှင့် ဇင့်ဓာတ် ဆေးပြား အသုံးပြုလာခဲ့ခြင်းတို့ကြောင့် သိသိသာသာ လျော့နည်းကျဆင်းခဲ့ပါသည်။ သို့ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ် တိုးတက်ကောင်းမွန်လာခြင်းနှင့် ရေကောင်းရေသန့်ကို လွယ်ကူစွာ လက်လှမ်းမီ ရရှိခြင်းများသည် ရိုတာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားခြင်းကို လျှော့ချရာတွင် ထိရောက်မှု နည်းသည်တို့ကို တွေ့ရပါသည်။ ထို့ကြောင့် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှော ရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးပေးခြင်းသည် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်လာပါသည်။ ရောဂါပိုး ပထမအကြိမ် ဝင်ခြင်းသည် ကာကွယ်မှု တချို့တစ်ဝက် ပေးနိုင်သော်လည်း ရောဂါခုခံကာကွယ်မှုကို အပြည့်အဝ မပေးနိုင်ပါ။ ထပ်မံ၍ ရောဂါ တစ်ကြိမ်ဖြစ်တိုင်း ပြင်းထန်မှု လျော့နည်းသွားတတ်သော သဘာဝ ရှိပါသည်။

🔴 ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အဓိကသိသင့်သော အချက်များ

⭐ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါသည် တစ်နှစ်အောက်ကလေးများနှင့် ကလေးငယ်များတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသော အဓိက အကြောင်းအရင်း တစ်ခုဖြစ်ပါသည်။
⭐ ရိုတာဗိုင်းရပ်စ်ပိုးသည် မစင်မှ ပါးစပ်သို့ ဝင်ရောက်သော နည်းလမ်းဖြင့် ပျံ့နှံ့ပါသည်။ ပတ်ဝန်းကျင်တွင် ကာလကြာရှည် ရှင်သန်နိုင်ပါသည်။
⭐ ရောဂါပြင်းထန်သောအခါ လျင်မြန်စွာ အရည်ခန်းခြောက်ခြင်း ဖြစ်စေလျက် ဓာတ်ဆားရည်တိုက်ခြင်း၊ လိုအပ်လျှင်အကြောဆေးပေးသွင်းခြင်းဖြင့် ရေနှင့်ဓာတ်ဆားများကို လျင်မြန်စွာ ဖြည့်စွက်ခြင်း မပြုလုပ်နိုင်ပါက သွေးလန့်ခြင်းနှင့် သေဆုံးခြင်း ဖြစ်စေနိုင်ပါသည်။
⭐ ရေကောင်းရေသန့်နှင့် အခြားသန့်ရှင်းရေး ကောင်းမွန်စေခြင်းသည် အခြားဝမ်းပျက် ဝမ်းလျှောရောဂါများကို ကာကွယ်နိုင်သော်လည်း ရိုတာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါများကို ထိရောက်စွာ မကာကွယ်နိုင်ပါသောကြောင့် ကာကွယ်ဆေးတိုက်ခြင်းသာလျှင် အကောင်းဆုံးသော ကာကွယ်နည်း ဖြစ်ပါသည်။
⭐ ရိုတာဗိုင်းရပ်စ်ပိုးကာကွယ်ဆေးသည် ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါများကိုသာ ကာကွယ်သည်။ ရိုတာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး အသုံးပြုခြင်းသည် ပြီးပြည့်စုံသော အခြားကာကွယ်ရေးနည်းလမ်းများပါဝင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှိမ်နင်းရေး နည်းဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါသည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်)

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles) ရောဂါ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

nugmoh #VPD #rotavirus #diarrhoea #diarrhea #GE #gastroenteritis

Ministry of Health,

National Unity Government.

Published on: 18 November 2022
Last Updated: 18 November 2022