Salt Reduction (January 2024)

ဆား လျှော့ချခြင်း သို့မဟုတ် ဆိုဒီယမ်ဓာတ် လျှော့ချခြင်း (အငန်ဓာတ် လျှော့ချခြင်း) (Salt reduction)

ဇန်နဝါရီလ၊ ၂၀၂၄ ခုနှစ်

🧂 အဓိကအချက်များ

⭐ လူအားလုံးနီးပါးသည် ဆားဓာတ် သို့မဟုတ် ဆိုဒီယမ် (Sodium) ဓာတ်ကို ပမာဏအလွန်များစွာ စားသုံးနေကြသည်။
⭐ အရွယ်ရောက်ပြီးလူများ၏ တစ်ကမ္ဘာလုံး ပျမ်းမျှ ဆိုဒီယမ်စားသုံးမှုမှာ တစ်နေ့လျှင် ၄,၃၁၀ မီလီဂရမ် ရှိသည်။ (တစ်နေ့လျှင် ဆားပမာဏ ၁၀.၇၈ ဂရမ်နှင့် တူညီသည်။)
⭐ ၎င်းသည် အရွယ်ရောက်ပြီး လူများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် တစ်နေ့လျှင် ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ်အောက် (တစ်နေ့လျှင် ဆားပမာဏ ၅ ဂရမ်အောက်) စားသုံးရမည်ဟူသော ပမာဏထက် ၂ ဆ ပိုများနေသည်။
⭐ ဆိုဒီယမ်ပမာဏ လွန်ကဲစွာ စားသုံးခြင်း၏ ကနဦးကျန်းမာရေးအကျိုးသက်ရောက်မှုများမှာ သွေးတိုးရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါများ ဖြစ်နိုင်ခြေ မြင့်လာခြင်း၊ အစာအိမ်ကင်ဆာ၊ အဝလွန်ခြင်း၊ အရိုးပွခြင်း၊ Meniere’s ရောဂါ (နားတွင်းဖိအားများခြင်း) နှင့် ကျောက်ကပ်ရောဂါတို့ဖြစ်သည်။
⭐ နှစ်စဥ် ခန့်မှန်းခြေလူဦးရေ ၁.၈၉ သန်းသေဆုံးမှုသည် ဆိုဒီယမ်ကို အလွန်အမင်းစားသုံးခြင်းနှင့် ဆက်စပ်နေသည်။
⭐ ဆိုဒီယမ်စားသုံးမှု လျှော့ချခြင်းသည် ကျန်းမာရေးကောင်းမွန်စေရန်နှင့် မကူးစက်တတ်သော ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်စေရန်အတွက် တွက်ခြေကိုက်သော နည်းလမ်းဖြစ်သည်။

🧂 ခြုံငုံသုံးသပ်ခြင်း

ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများသည် ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရတန်ဖိုးများ မပါဝင်သည့် အစားအစာနှင့် အချိုရည်များ (အထူးသဖြင့် စက်ရုံထုတ်အစားအစာများ) အလွန်အမင်း ထုတ်လုပ်ခြင်းနှင့် စားသုံးခြင်းကို ပြုပြင်ရန် အရေးပေါ်လုပ်ဆောင်ချက်များ လိုအပ်သည်။

ဆိုဒီယမ်၊ သကြား၊ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီကဲ့သို့ ကျန်းမာရေးနှင့်မညီသော ဆီများ အလွန်အမင်းစားသုံးနေခြင်းနှင့် လျှော့ကြိတ်ကောက်နှံများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုနည်းပါးခြင်းတို့ကို အထူးအလေးပေး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ အစားအသောက်ထဲရှိ ဆိုဒီယမ်ပမာဏအများစုမှာ အသင့်စားအစားအစာများမှ ရရှိခြင်းဖြစ်သည်။

သွေးတိုးရောဂါနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေမြင့်မားစေသည့် အဓိကအကြောင်းရင်းဖြစ်သော ဆိုဒီယမ် အများအပြားစားသုံးခြင်းသည် နှစ်စဥ် ၁.၈၉ သန်းခန့်သော လူဦးရေသေဆုံးခြင်းနှင့် ဆက်စပ်နေသည်။ ဆိုဒီယမ်စားသုံးမှု လျှော့ချခြင်းသည် ကုန်ကျစရိတ်အလွန်နည်းစွာဖြင့် နှလုံးသွေးကြောရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်သောကြောင့် ကျန်းမာရေးမြှင့်တင်ရန်နှင့် မကူးစက်တတ်သောရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချရန် တွက်ခြေကိုက်သော နည်းလမ်းတစ်ခုဖြစ်သည်။

နိုင်ငံများအနေဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် ၎င်းတို့၏ ဆက်စပ်ကုန်ကျစရိတ်များကို ကာကွယ်ရန် ဆိုဒီယမ်နှင့်ပတ်သက်သည့် တွက်ခြေအကိုက်ဆုံးသော မူဝါဒများကို မဆိုင်းမတွ ဖော်ဆောင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါသည်။ ထိုမူဝါဒများ၌ အစားအစာများတွင် ဆိုဒီယမ်ပါဝင်မှုပမာဏ လျှော့ချခြင်း၊ ထုပ်ပိုးစားသောက်ကုန်များတွင် ပါဝင်ပစ္စည်းအညွှန်းများဖော်ပြခြင်း၊ လူထုဆက်သွယ်ရေး ကမ်ပိန်းများပြုလုပ်ခြင်းနှင့် အများပြည်သူအတွက် အစားအစာဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်သည်။

🧂 ဆားပမာဏ လျှော့ချခြင်းအတွက် အကြံပြုချက်များ

☀️ အရွယ်ရောက်ပြီး လူများအတွက် တစ်နေ့လျှင် ဆား ၅ ဂရမ်နှင့်ညီသော ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ် (လက်ဖက်စားဇွန်း ၁ ဇွန်း) အောက်သာ စားသုံးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။
☀️ ၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများအတွက် ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်အပေါ်မူတည်၍ လူကြီးပမာဏထက်နည်းသော ဆားကို ညှိ၍ ကျွေးရန် အကြံပြုထားသည်။ ၎င်းကလေးများအတွက် အကြံပြုချက်သည် မိခင်နို့တိုက်ကျွေးနေသော ၆ လအောက်ကလေးများနှင့် ဖြည့်စွက်စာကျွေး၍ မိခင်နို့ဆက်တိုက်နေသော ကလေးများအတွက် မပါဝင်ပါ။
☀️ အိုင်အိုဒင်းဓာတ်သည် သန္ဓေသားနှင့် ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လူကြီးများ၏ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်မှု ပိုမိုကောင်းမွန်စေရန် အရေးပါသောကြောင့် စားသုံးနေသော ဆားများအားလုံးတွင် အိုင်အိုဒင်း ပါဝင်သင့်သည်။

🧂 ဆိုဒီယမ် (Sodium) အကြောင်း

☀️ ဆိုဒီယမ်သည် သွေးရည်ကြည်ပမာဏ၊ အက်ဆစ်-အယ်ကာလီမျှခြေ၊ အာရုံကြောလှုံ့ဆော်မှုများ ပို့ပေးခြင်းနှင့် ပုံမှန်ဆဲလ်လုပ်ငန်းများ ထိန်းသိမ်းရန်လိုအပ်သော မရှိမဖြစ်အာဟာရ ဖြစ်သည်။
☀️ ဆိုဒီယမ်ချို့တဲ့မှုသည် ကျန်းမာသော လူများအတွက် ဖြစ်နိုင်ခဲလှသည်။
☀️ ဆိုဒီယမ်လွန်ကဲမှုသည် သွေးပေါင်ချိန်မြင့်တက်ခြင်းကဲ့သို့ ကျန်းမာရေးအန္တရာယ်များနှင့် ဆက်စပ်နေသည်။
☀️ ဆိုဒီယမ်စားသုံးမှုသည် လူသားမျိုးစု၏ ဓလေ့ထုံးစံနှင့် အစာစားသုံးမှု အလေ့အထတို့ပေါ် တွင် အဓိကမူတည်သည်။
☀️ သဘာဝအားဖြင့် နို့၊ အသားနှင့် အခွံမာရေ သတ္တဝါ စသည့် အစားအစာများတွင် ဆိုဒီယမ်ဓာတ် ပါဝင်သည်။ ပေါင်မုန့်၊ ပြုပြင်ထားသော အသား၊ မုန့်ပဲသရေစာနှင့် ငံပြာရည်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များတွင် ဆိုဒီယမ်ပမာဏ မြင့်မားစွာ ပါဝင်သည်ကို တွေ့ရလေ့ရှိသည်။
☀️ ဆိုဒီယမ်ကို ကမ္ဘာအနှံအပြားတွင် အစားအစာထပ်တိုးပစ္စည်းအဖြစ် သုံးသော အချိုမှုန့် သို့မဟုတ် ဆိုဒီယမ်ဂလူတမိတ် (Sodium glutamate) တွင်လည်း ပါဝင်သည်။

🧂 ဆိုဒီယမ်စားသုံးမှုကို မည်ကဲ့သို့ လျှော့ချမည်နည်း

အသက်များစွာ ကယ်တင်ရန်၊ ကျန်းမာစွာ နေထိုင်ရမည့် နှစ်ကာလများစွာ ရရန်၊ ရောဂါကာကွယ်ရန်နှင့် ကျန်းမာရေးကုန်ကျစရိတ် ရှောင်ရှားရန် မျှော်မှန်းကာ မကူးစက်တတ်သော ရောဂါများကို ထိန်းချုပ်ရန် အထောက်အထားရှိသည့် ချက်ချင်းလုပ်ဆောင်သင့်သော တွက်ခြေကိုက်နည်းလမ်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ထုတ်ထားသည်။

ဆိုဒီယမ်လျှော့ချခြင်းအတွက် တွက်ခြေအကိုက်ဆုံးသော နည်းလမ်း ၄ မျိုးမှာ

(၁) ဆားပါဝင်မှုနည်းရန် အစားအစာထုတ်ကုန်များ၏ ဖော်မြူလာကို ပြန်ပြင်ခြင်းနှင့် အစားအစာများတွင် ပါဝင်ရမည့် ဆားပမာဏ သတ်မှတ်ခြင်း၊
(၂) ဆေးရုံ၊ ကျောင်း၊ လုပ်ငန်းခွင်များနှင့် စောင့်ရှောက်ရေးဂေဟာများကဲ့သို့ အများဆိုင်ရာ နေရာများတွင် ဆိုဒီယမ်ပါဝင်မှုနည်းသော အစားအစာများ ရွေးချယ်ခွင့် ထားပေးခြင်းဖြင့် ဆိုဒီယမ်စားသုံးမှု လျော့နည်းစေရန် အထောက်အပံ့ပေးသည့် ပတ်ဝန်းကျင် တည်ထောင်ပေးခြင်း၊
(၃) ထုပ်ပိုးစားသောက်ကုန်များတွင် အညွှန်းစာသားများ ဖော်ပြစေခြင်း
(၄) အမူအကျင့်ပြောင်းလဲရေးနှင့် လူထုဆက်သွယ်ရေးလှုပ်ရှားမှု (Mass media campaign) များ ပြုလုပ်ခြင်း

🧂 သင့်အနေဖြင့် သင်၏ ဆိုဒီယမ်စားသုံးမှုကို မည်ကဲ့သို့ လျှော့ချနိုင်မည်နည်း

☀️ လတ်ဆတ်သော၊ ပြုပြင်မှုနည်းသော အစားအစာအများစုကို စားသုံးပါ။
☀️ ဆိုဒီယမ်နည်းသော ထုတ်ကုန်များကို ရွေးချယ်ပါ။
☀️ ဆားနည်းနည်း သို့မဟုတ် ထပ်တိုးဆား မထည့်ဘဲ ချက်ပြုတ်ပါ။
☀️ အစားအစာ အရသာရှိစေရန် ဆားအစား ဟင်းခတ်အမွှေးအကြိုင်နှင့် အပင်များကို အသုံးပြုပါ။
☀️ စီးပွားဖြစ် ထုတ်ထားသော အသင့်စား ဟင်းအနှစ်များနှင့် အသင့်သုံး ပစ္စည်းများ အသုံးပြုခြင်းကို တတ်နိုင်သမျှ လျှော့ပါ။
☀️ ပြုပြင်ထားသော အစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှ လျှော့ပါ။
☀️ စားပွဲတင် ဆားဘူးများကို စားပွဲပေါ်မှ ဖယ်ရှားပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,
National Unity Government.

Source:
https://www.who.int/news-room/fact-sheets/detail/salt-reduction

#nugmoh #salt #sodium #SaltReduction #SodiumReduction #NCD

Published on: January 9, 2024
Last updated: January 9, 2024