ကူးစက်လွယ် ‘ဝဲ’ ရောဂါ ( Scabies ) ( May, 2022 )
‘ဝဲ’ ဆိုတာ ကျွန်တော်တို့အားလုံးကြားဖူးတဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ ကုတ်ရဖဲ့ရ အလှုပ်ရှုပ်လှတဲ့ ‘ဝဲ’ အရေပြားရောဂါအကြောင်း သိကောင်းစရာတွေ၊ ကိုယ်တိုင်နဲ့ မိမိချစ်ရသူတွေမှာ ဖြစ်ပွားလာခဲ့ရင် ဘယ်လိုကုသရမလဲ နဲ့ ‘ဝဲ’ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်
ဝဲ ဘာလို့ဖြစ်
ဝဲ (Scabies) ဟာ Sarcoptes scabiei လို့ခေါ်ဆိုတဲ့ ဝဲပိုး (Mite) ကောင်လေး ကြောင့်ဖြစ်ရတာပါ။ အင်မတန်သေးငယ်လွန်းလို့ သာမန်မျက်စိနဲ့မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ပါမှ မြင်ရတဲ့ ဒီဝဲပိုးကောင်ငယ်လေးတွေဟာ လူ့ခန္ဓာကိုယ်အရေပြားနေရာအနှံ့တွားသွားပြီး တွင်း(Burrows) တွေတူးဆွတယ်။ မျိုးပွားတယ်။ ဝဲပိုးအမတွေဟာ ဥဥချတယ်။ ဒီလိုနဲ့ ဝဲပိုးအကောင်ငယ်တွေ ထပ်ထပ်ပွားများလာပြီး ဝဲပိုး/ ဝဲပိုးဥ တွေကနေ ထွက်တဲ့ဓာတ်ပစ္စည်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာဓာတ်မတည့်မှုတွေဖြစ်ပြီး အနီစက်/အဖုအပိန့် နဲ့ ယားယံမှုတွေဖြစ်လာရတော့တယ်။
ကူးစက်ခံသူတစ်ယောက်မှာ အရွယ်ရောက်ပြီး ဝဲပိုး (၁၀) ကောင်မှ (၁၂)ကောင်အထိ လက်ခံထားနိုင်ပါတယ်တဲ့။ ပိုဆိုးတတ်တဲ့ Norwegian Scabies (ချပ်ပြားဝဲ)မှာဆိုရင် ထောင်ပေါင်း/သန်းပေါင်းများစွာသော ဝဲပိုးလေးတွေ ပွားများနိုင်ပါတယ်။
ဘယ်လိုနည်းလမ်းတွေကတစ်ဆင့် ကူးစက်တတ်သလဲ
အထိအတွေ့ကတစ်ဆင့် ကူးစက်ပါတယ်။ ကူးစက်လွယ်၊ ကူးစက်မြန်ပါတယ်။ Skin to Skin Contact (အရေပြားချင်းထိတွေ့မှုက တစ်ဆင့်ကူးတယ်)
Formites (ဝဲပိုးတွေရှိနေတဲ့ ပရိဘောဂ၊ အိပ်ရာခင်း၊ အသုံးအဆောင်၊ အဝတ်အစား၊ တဘက်ပဝါ စတာတွေကို ထိတွေ့ရာကတစ်ဆင့်လည်း ကူးစက်ပါတယ်)
ဝဲပိုးဟာ တိရစ္ဆာန်များမှတစ်ဆင့် မကူးစက်ပါ။
ဘယ်သူတွေမှာ ဝဲ ပိုဖြစ်လေ့ရှိသလဲ
ဝဲ ဟာ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ ဆင်းရဲချမ်းသာလူနေမှုအဆင့်အတန်းမရွေးဖြစ်နိုင်တဲ့ အရေပြားရောဂါတစ်ခုပါ။ ညစ်ပတ်လို့/တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းလို့ ဖြစ်ရတာမဟုတ်ဘဲ ဝဲပိုးနဲ့ထိတွေ့မိတဲ့အခြေအနေတွေကြောင့် အဖြစ်များစေတယ်။ အနေနီးတဲ့မိသားစုဝင်တစ်ဦးဦးမှာ ဝဲ ရှိနေရင် သူနဲ့ထိတွေ့တာ၊ အိပ်ရာခင်းစတဲ့ အသုံးအဆောင်တွေ မျှဝေသုံးစွဲတာကနေ မိမိကိုပါ ဝဲ ကူးစက်နိုင်တယ်။
အထိအတွေ့ကနေ ကူးတာဖြစ်လို့ လိင်ထိတွေ့ဆက်ဆံရတဲ့ မိမိလိင်ဆက်ဆံဖော်မှာ ရှိရင်/ ညတစ်လျှောက်လုံးအတူအိပ်ရရင် မိမိမှာလည်း ကူးနိုင်တယ်။
လူနေထူထပ်သိပ်သည်းတဲ့နေရာတွေမှာ နေကြရရင် (ဥပမာ စာသင်ကျောင်း၊ ကလေးထိန်းကျောင်း၊ အကျဥ်း ထောင်၊ အများသုံးရေချိုး/ရေကူးကန်)
ခန္ဓာကိုယ်ခုခံအားနည်းနေတဲ့အခြေအနေမျိုးတွေ (ဥပမာ Steroids (စတီးရွိုက်) သုံးစွဲနေရရင်၊ Chemotherapy ကင်ဆာဆေးသွင်းနေရရင်၊ HIV/AIDS လို ခုခံအားကျဆင်းတဲ့ရောဂါတွေခံစားနေရရင် စသည်)
ဝဲ လက္ခဏာတွေက ဘာတွေလဲ
ဝဲပိုးကူးစက်ခံရပြီး ဝဲပိုးနဲ့အရေပြား စတင်ထိတွေ့တဲ့အချိန်ကနေ လေးပတ်မှခြောက်ပတ် အတွင်း အောက်ပါလက္ခဏာများ ပြသပါတယ်။
(၁) ကိုယ်အရေပြားအနှံ့ အနီအစက်စက် အဖုအပိန့် ကလေးတွေ အများအပြားရှိနေမယ်။အထူးသဖြင့် လက်ချောင်းကြားနေရာလေးတွေ၊ လက်ချောင်းတွေရဲ့ ဘေးတစ်ဖက်တစ်ချက်၊ လက်ကောက်ဝတ်အတွင်းဖက်၊ တံတောင်ဆစ်အတွင်းဖက်၊ ချိုင်း၊ ရင်သားတစ်ဝိုက်၊ ခါးတစ်ဝိုက်၊ ဝမ်းဗိုက်ပိုင်း၊ ပေါင်အတွင်းသားနေရာ၊ အမျိုးသားလိင်အင်္ဂါနှင့်တစ်ဝိုက်နေရာ၊ တင်ပါး၊ ခြေကျင်းဝတ်၊ ခြေထောက် စတဲ့ နေရာစုံမှာ ဖြစ်နိုင်ပါတယ်။
ကလေးအကြီးပိုင်းနဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဦးခေါင်း၊ မျက်နှာ မှာဖြစ်လေ့မရှိပါ။
( အသက်နှစ်နှစ်အောက် ကလေးငယ်လေးတွေမှာတော့ ဦးခေါင်းအရေပြား၊ မျက်နှာ၊ လည်ပင်း နဲ့ လက်ဖဝါးခြေဖဝါးလေးတွေမှာ အဖြစ်များပါတယ်။ ယားလွန်းလို့ ငိုတာ၊ ညဘက်မအိပ်တာ၊ စိတ်ဆိုးစိတ်တိုနေတတ်တာ၊ ကုတ်နေတတ်တာ ဒါတွေသတိထားမိရင် မေမေတို့ သတိပြုမိပါစေနော် )
(၂) ဝဲ လို့ဆိုလိုက်ရင် ယားယံတာ အားလုံးအသိပါ။
ကိုယ်အရေပြားအနှံံံံ့ ယားယံတတ်တယ်။ အတော့်ကိုယားယံပြီး အထူးသဖြင့် ပူတဲ့အချိန်နဲ့ ဝဲပိုးလေးတွေ တွားသွားလှုပ်ရှားကြတဲ့ ညဘက်တွေမှာ ပိုဆိုးပါတယ်။ ညဘက်အအိပ်ပျက်ရလောက်အောင်ထိကို ယားယံတတ်ပါတယ်။
(၃) ယားယံတဲ့အခါ ကုတ်ရဖဲ့ရတော့ ကိုယ်အနှံ့ ကုတ်ခြစ်ရာ (Scratch marks) တွေရှိနေတတ်တယ်။ အဆက်မပြတ်ကုတ်ဖဲ့တဲ့အခါ ဝဲခြောက်ကနေ အရည်တစိုစိုဖြစ်နေတဲ့ ဝဲစို ဖြစ်သွားတတ်တယ်။ အနာတွေဖြစ်တာ၊ အရေပြားစုတ်ပြဲဒဏ်ရာရတာ တွေဖြစ်နိုင်တယ်။ ဒီကနေမှ ရောဂါပိုးဝင်တာ ၊ အရေကြည်ဖုလို/ဝက်ခြံလို ပြည်တည်နာတွေဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ Sepsis (အန္တရာယ်များလှတဲ့ ကိုယ်တွင်းအနှံ့အပြားရောဂါပိုးဝင်ခြင်း) တွေအထိဖြစ်နိုင်လို့ မပေါ့သင့်တဲ့အရေပြားရောဂါတစ်ခုပါပဲ။
(၄) တွင်းတူးရာ (Red Burrow) လေးတွေတွေ့ရတတ်တယ်။ အရေပြားပေါ်မှာ ဝဲပိုးကောင်လေးတွေ တွင်းတူးထားတဲ့ ခပ်ပါးပါး ခပ်ဖောင်းဖောင်း အတွန့်အကောက် နီနီရဲရဲလမ်းကြောင်းလေးတွေပေါ့။ ဒီလမ်းကြောင်းလေးတွေ တွေ့ရရင် ဝဲလို့ တပ်အပ်ပြောနိုင်လောက်တဲ့ လက္ခဏာတစ်ခုပါ။
(၅) ပိုကူးစက်မြန်/ ပိုပြင်းထန်တဲ့ Norwegian Scabies (ချပ်ပြားဝဲ) မှာဆိုရင် ထူထူခဲခဲချပ်ပြား (Thick Crusts) တွေ ဖြစ်တယ်။
ဝဲ ဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ
အထက်က လက္ခဏာရပ်တွေရှိနေမယ်။ အထူးသဖြင့်ညဘက်လည်းအိပ်မရအောင်ယားယံနေမယ်။ တွင်းတူးဆွထားသလို လမ်းကြောင်းရဲရဲလေးတွေ သတိထားမိမယ်။ အတူနေမိသားစုမှာပါ ပုံစံတူလက္ခဏာတွေရှိနေမယ်ဆိုရင် ဝဲ သံသယ စရှိနိုင်ပါပြီ။
ဒီအခါ တတ်သိနားလည်ကျန်းမာရေးဝန်ထမ်း/ဆရာဝန်/အရေပြားဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က အထက်က ဝဲ လက္ခဏာတွေရှိမရှိစစ်ဆေးအတည်ပြုပါမယ်။ လိုအပ်ရင် ဝဲပိုးတွေအောင်းနေနိုင်လောက်တဲ့နေရာက အရေပြားအသားစကိုခြစ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်မှာကြည့်တဲ့အခါ ဝဲပိုးကောင်/ဥလေးတွေ တွေ့ရရင် ဝဲ လို့ အတည်ပြုနိုင်ပါပြီ။
ဝဲ ကို ဘယ်လိုကုသပါသလဲ
(၁) ယားယံတာအတွက် Calamine lotion (ကယ်လမင်း လိမ်းဆေး) လို ယားယံပျောက်လိမ်းဆေး၊ Antihistamine ပါတဲ့ ယားယံပျောက်သောက်ဆေး သုံးနိုင်တယ်။ ယားယံကျိန်းစပ်နေတဲ့နေရာတွေကို အဝတ်အေးအေးလေးကပ်ပေးတာမျိုးကလည်း အထိုက်အလျောက်သက်သာစေပါတယ်။ ဒီလိမ်းဆေး/သောက်ဆေးတွေဟာ ယားယံမှုက်ိုပဲ သက်သာစေပြီး ဝဲကို ပျောက်ကင်းဖို့ဆိုရင် ဝဲပိုးသေဆေး (Scabicides) တွေသုံးရပါမယ်။
(၂) ဝဲပိုးသေဆေးများ
လိမ်းဆေးနဲ့ သောက်ဆေး ဆိုပြီး နှစ်မျိုးရှိပါတယ်။
လူနာရဲ့ ရောဂါအခြေအနေ ၊ ဝဲရောဂါ ဟုတ်/မဟုတ် ၊ တခြားဆင်တူရိုးမှားအရေပြားရောဂါရှိ/မရှိပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးပမာဏ ၊ အကြိမ်အရေအတွက် ၊ နေ့ရက်အတိအကျ လိုက်နာပြီး ဆေးလိမ်း/ဆေးသောက်ခြင်းဖြင့် မိမိခန္ဓာကိုယ်မှာရှိတဲ့ ဝဲပိုးများကို ပျောက်ကင်းအောင် ကုသနိုင်ိုင်ပါတယ်။
(၃) ဝဲပိုးတွေကို အမြစ်ဖြုတ်ပါ
ဝဲပိုးတွေရှိနေသရွေ့ ဝဲ ဟာ အမြစ်မပြတ်ဘဲ ထပ်တလဲလဲ ဖြစ်နေပြီး အတူနေမိသားစုအားလုံးကို ကူးနေဦးမှာမို့လို့ ဒီ ‘ဝဲ’ သံသရာဖြတ်ဖို့ အိမ်ရှိ အိပ်ရာခင်း၊ စောင်၊ အဝတ်အစား၊ အသုံးအဆောင်၊ ပဝါတဘက်၊ ပရိဘောဂ အားလုံးကို သန့်ရှင်းပစ်ရမယ်။ လျှော်လို့ရတဲ့အရာတွေကို ရေနွေးပူပူနဲ့စိမ်တာဖြစ်ဖြစ်၊ ပြုတ်ပစ်တာဖြစ်ဖြစ်လုပ်ပြီး လျှော်ဖွပ်ပါ။ နေလှန်းပါ။ ရေနဲ့လျှော်မရတဲ့အရာတွေကို အခြောက်လျှော်တာ၊ မီးပူတိုက်တာ စသည်လုပ်နိုင်ပါတယ်။
(၄) တစ်ဦးတည်းနှင့်မရ၊ အားလုံးကုသမှုခံမှရမည်
မိမိတစ်ဦးတည်း ဝဲ ဖြစ်ပွားနေသည့်တိုင် အိပ်ရာခင်းကအစ မျှဝေသုံးစွဲနေရတဲ့ အတူနေမိသားစုအဖို့ ကူးစက်နေနှင့်ပြီ (သို့) အနှေးနှင့်အမြန်ကူးစက်နိုင်လို့ တစ်ချိန်တည်းမှာ မိသားစုအားလုံး အတူတကွ ကုသမှုယူရပါမယ်။ ဆေးအတူလိမ်း အတူသောက် အိပ်ရာခင်းတွေအားလုံးလျှော်ဖွပ်ပစ်ကြရပါမယ်။
‘ဝဲ’ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ
ဝဲ ရှိနေတဲ့သူနဲ့ ထိတွေ့တာ၊ လတ်တလော အတူနေထိုင်တာ ရှောင်မယ်။
အတတ်နိုင်ဆုံး အဝတ်အစား၊ အသုံးအဆောင်၊ ပဝါတဘက်တွေကို အတူမျှဝေသုံးတာ ရှောင်မယ်။
ထပ်တလဲလဲ ဝဲသံသရာမလည်ရအောင် မိသားစုဝင်အားလုံး ကုသမှုခံမယ်။
ဝဲပိုးတွေ နေမရအောင် အဝတ်အစား ၊ ပဝါသဘတ် ၊ စောင်ခြင်ထောင် စတာတွေကို လျှော်ဖွပ်၊နေလှန်း၊မီးပူထိုးမယ်။
အနှစ်ချုပ်ရရင် ဝဲဟာ အလွန်ယားယံတဲ့အတွက် ကုပ်ဖဲ့ရင်းကနေ နောက်ဆက်တွဲ အန္တရာယ်များလှတဲ့အတွက် အဆက်မပြတ်ကုတ်ဖဲ့တာမျိုးကို အတတ်နိုင်ဆုံးရှောင်ပါ။ လက်သည်းကနေပိုးဝင်တတ်လို့ လက်သည်းညှပ်ပါ။ ယားယံပျောက်လိမ်းဆေးသောက်ဆေးတွေဟာ ယားယံတာအတွက်သာဖြစ်ပြီး၊ ဝဲကို ကုသဖို့က ဝဲပိုးသေ လိမ်းဆေး၊ သောက်ဆေး တွေအသုံးပြုရပါမယ်။ ဒီမှာ ဝဲပိုးသေလိမ်းဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မှန်ကန်စနစ်ကျစွာ လိမ်းဖို့လိုပါတယ်။ အတူနေမိသားစုပါ ကုသမှုခံယူပါ။ ဒါဟာ အထိအတွေ့ကတစ်ဆင့် ကူးစက်တာမို့လို့ ကုသမှုခံနေစဥ်တစ်လျှောက် လိင်ဆက်ဆံတာလို အရေပြားချင်းထိကပ်ရမယ့်ကိစ္စတွေ ခေတ္တရှောင်ပါ။ ကုသပြီးသည့်တိုင်အောင် ယားယံတာက ကာလတစ်ခုကြာ ဆက်ကျန်နေနိုင်တာ သတိပြုပါ။ အိပ်ရာခင်း၊ စောင်ခြင်ထောင်လျှော်ဖွပ်နေလှန်းဖို့ဟာ လိမ်းဆေးသောက်ဆေးတွေလိုပဲ ပဓာနကျတယ်ဆိုတာသိနားလည်ထားပါ။
ဝဲ သေ ဝဲကင်း ဖို့ အမြစ်ပြတ်အောင် သေချာကုသကြပါစို့နော်
References :
John Murtagh’s Patient Education, Sixth Edition ; Scabies pg-152
Oxford Handbook of Medical Dermatology, Second Edition ; Scabies pg-172 to 175
AAD : American Academy of Dermatology Association ; Scabies
CDC : Centers for Disease Control and Prevention ; Prevention of Scabies
NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 24 May 2022
Last Updated: 24 May 2022