🐞 ကမျဉ်းနီကောင် အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ (Scrub Typhus) 🐞
Scrub typhus သို့မဟုတ် Bush typhus ရောဂါသည် Orientia tsutsugamushi ဘက်တီးရီးယားပိုးကို သယ်ဆောင်ထားသော ကမျဉ်းနီကောင် (Chiggers: larval mites) ကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ ကူးစက်ဖြစ်ပွားသော ရောဂါဖြစ်ပါသည်။
Scrub typhus ရောဂါကူးစက်ခံရသည့်ဖြစ်စဉ် အများစုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံ မြောက်ပိုင်းတို့၏ ကျေးလက်ဒေသများတွင် အတွေ့များပါသည်။ Scrub typhus အဖြစ်များသောဒေသများတွင် နေထိုင်သူများ (သို့မဟုတ်) ထိုဒေသများသို့ ခရီးသွားရောက်ဖူးသူများတွင် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။
🐞 ရောဂါလက္ခဏာများ
Scrub typhus ရောဂါလက္ခဏာများသည် ကမျဉ်းနီကောင် အကိုက်ခံရပြီး (၁၀) ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါသည်။
👉 အဖြစ်များသော ရောဂါလက္ခဏာများ
- ဖျားခြင်း၊ ချမ်းတုန်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ကိုယ်လက်များကိုက်ခဲခြင်း၊
- အရေပြားပေါ်တွင် အနီကွက်များဖြစ်ပေါ်ခြင်း။
👉 အခြားရောဂါလက္ခဏာများ - ကမျဉ်းနီကောင်ကိုက်ခံရသော အရေပြားတွင် ညိုမည်းသော အနာဖေးကွက် (Eschar) ဖြစ်ပေါ်လာခြင်း၊
- စိတ်ကယောင်ကတမ်းဖြစ်ခြင်းနှင့် သတိလစ်ခြင်း၊
- ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း။
ရောဂါပြင်းထန်သော လူနာများတွင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ သွေးယိုခြင်းများ ဖြစ်စေပြီး ကောင်းစွာ ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။
🐞 ရောဂါအမည်တပ်ခြင်းနှင့် စစ်ဆေးခြင်း
Scrub Typhus ရောဂါလက္ခဏာများသည် အခြားရောဂါများ၏ ရောဂါလက္ခဏာများနှင့် လွန်စွာဆင်တူလေ့ရှိပါသည်။ Scrub Typhus ရောဂါ ဖြစ်ပွားမှုရှိနေသော ဒေသများတွင် နေထိုင်/သွားရောက်ခဲ့ပြီးနောက် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့်ပြသ၍ ကုသမှုကို ဆောလျင်စွာ ခံယူသင့်ပါသည်။
ရောဂါဖြစ်ပွားနေသောဒေသများသို့ ခရီးသွားရောက်ခဲ့ဖူးခြင်းရှိပါက ကျန်းမာရေးဝန်ထမ်းများကို မည်သည့်နေရာသို့ မည်သည့်အချိန်တွင် သွားရောက်ခဲ့ဖူးကြောင်း ပြောပြပါ။
🐞 ရောဂါကုသခြင်း
Scrub Typhus ရောဂါကုသရန်အတွက် Doxycycline ပဋိဇီဝဆေးကို ကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမည်။ Doxycycline ပဋိဇီဝဆေးကို ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီး စောစောသောက်ပါက ပိုမိုထိရောက်ပြီး လျင်မြန်စွာ ပျောက်ကင်းနိုင်ပါသည်။
🐞 ရောဂါကာကွယ်ခြင်း
Scrub Typhus ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။
ရောဂါပိုးသယ်ဆောင်သော ကမျဉ်းနီကောင်များနှင့် ထိတွေ့မှုမရှိစေရန် သတိပြုနေထိုင်ခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေကို လျှော့ချပါ။
Scrub Typhus ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသတွင် နေထိုင်/ ခရီးသွားပါက ကမျဉ်းနီကောင်များကို တွေ့ရလေ့ရှိသည့် ခြုံနွယ်ထူထပ်သည့် နေရာများကို အထူးရှောင်ကြဉ်ရပါမည်။
👉 အိမ်အပြင်ဘက်တွင် အချိန်ကြာကြာ နေထိုင်ရပါက
- Environmental Protection Agency (EPA) အသိအမှတ်ပြု DEET ပါဝင်သော အရေပြားဖျန်းဆေး/ လိမ်းဆေးများကို အဝတ်အစားလွတ်နေသည့် အရေပြားနေရာများနှင့် အဝတ်အစားများပေါ်တွင် ဖျန်း၍ ပိုးမွှားကာကွယ်ရေးအတွက် အသုံးပြုနိုင်ပါသည်။
- အဝတ်အစားများဖြင့် ဖုံးအုပ်ထားမည့် အရေပြားနေရာများသို့ မဖြန်းရ/ မလိမ်းရပါ။
- နေရောင်ခြည်ဒဏ်ခံလိမ်းဆေး (sunscreen) ကို အသုံးပြုပါက ထိုလိမ်းဆေးကို အရင်လိမ်းပြီးမှ ဖျန်းဆေးကို အပေါ်ကဖျန်းပါ/လိမ်းပါ။
👉 မိမိတွင် ကလေးငယ်များ ရှိပါက –
- ကလေးငယ်များကို လက်နှင့် ခြေထောက်များပါ လုံသော အဝတ်အစားများကို ဝတ်ဆင်ပေးပါ။
- ခြင်လုံဆန်ခါ (ဇကာ) ပါသော ကလေးပုခက်၊ ကလေးတွန်းလှည်းများကို အသုံးပြုပါ။
- အရေပြား ဖျန်းဆေး/လိမ်းဆေးများကို ကလေးငယ်၏ လက်၊ မျက်လုံး၊ ပါးစပ်နှင့် အနာဖြစ်နေသော အရေပြားပေါ်သို့ တိုက်ရိုက်မဖျန်းရပါ။
- လူကြီး၏ လက်အတွင်းသို့ အရေပြားဖျန်းဆေးကိုဖျန်းပြီးမှသာ ကလေးငယ်၏ မျက်နှာပေါ်သို့ လိမ်းကျံပေးရပါမည်။
👉 တောတွင်းစခန်းချ နေထိုင်သူများအနေဖြင့် အဝတ်အစား၊ ဘွတ်ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများကို ကမျဉ်းနီကောင်များအား သေစေသော (0.5% Permethrin ပါဝင်သည့်) ဆေးရည်ဖြင့် ပိုးသတ်သန့်စင်နိုင်ပါသည်။
Permethrin ဆေးရည်များသည် အဝတ်အစားများပေါ်တွင် အသုံးပြုရန် ထုတ်လုပ်ထားသော ဆေးရည်ဖြစ်သဖြင့် အရေပြားပေါ်သို့ တိုက်ရိုက်ဖျန်း၍ အသုံးမပြုရပါ။
Reference:
https://www.cdc.gov/typhus/scrub/index.html
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းတွင် အခမဲ့ပြသရန် (8 am to 6 pm daily)
https://facebook.com/telehealthmm
Ministry of Health,
National Unity Government.

Published on: 12 June 2022
Last Updated: 12 June 2022