ထိပ်ကပ်နာ (Sinusitis) ( May, 2022 )
ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်….Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။
Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။
sinuses ရှိတဲ့နေရာတွေကတော့
– Frontal sinuses ( မျက်လုံးအပေါ်ပိုင်းရှိ နဖူး )
– Ethmoidal sinuses ( မျက်လုံးနှစ်လုံးကြား )
– Maxillary sinuses ( နှာခေါင်းဘေးနှစ်ဖက် )
– Sphenoidal sinuses ( နှာခေါင်းအနောက် မျက်လုံးကြား ) မှာရှိပါတယ်။
အဲဒီ့ Sinuses လေးတွေရောင်ပြီး အရည်တွေနဲ့ပိတ်သွားတဲ့အခါ ထိပ်ကပ်နာ (Sinusitis)လို့ခေါ်လိုက်ပါတယ်။
Sinuses လေးတွေဘာလ်ို့ရောင်ရတာလဲ
အဓိက ကတော့ အသက်ရှူလမ်းကြောင်းမှာ virusပိုးဝင်ပြီး နှာခေါင်းမှတစ်ဆင့် sinuses တွေဆိီကိုပျံ့သွားတာပါ။
အဲဒီ့အခါ ရောင်နေတဲ့အမှေးပါးက ပုံမှန်စီးဆင်းရမယ့်အချွဲတွေကို ပိတ်စေပြီး ၊ sinuses အတွင်းမှာအရည်တွေနဲ့ပြည့်စေပါတယ်။ ပိတ်နေတဲ့sinuses အတွင်း bacteria ပိုးပါထပ်ဆင့်ဝင်တတ်ပါတယ်။
တခြားသောဖြစ်စေတဲ့အကြောင်းတွေကတော့…
– ဓာတ်မတည့်တာ (Allergy)၊
– အအေးပတ်တာ
– နှာခေါင်းအတွင်း ရေဝင်သွားတာ
– ဆေးလိပ်ငွေ့ရှူမိတာ
– နှာခေါင်းအတွင်းအသားပိုရှိတာ(nasal polpys)
– နှာခေါင်းထဲပစ္စည်းတစ်ခုခု(foreign body)ဝင်သွားတာ တို့ကြောင့်လည်းဖြစ်တတ်ပါတယ်။
ထိပ်ကပ်နာရဲ့လက္ခဏာတွေက ဘာတွေဖြစ်မလဲ
– ဖျားခြင်း၊ နေရထိုင်ရမကောင်းခြင်း
– နှာစေးခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အနံ့ကောင်းကောင်းမရခြင်း
– စိမ်းဝါရောင်ရှိသော အနံ့ဆ်ိုးသောနှာရည်များကျခြင်း
– ခေါင်းကိုက်ခြင်း(အိပ်ရာအထမှာ၊ ခေါင်းငုံ့တဲ့အခါတွေမှာ ပ်ိုဆိုးတတ်ပါတယ်)
– sinuses ရှိတဲ့နေရာများတင်းနေခြင်း၊ ဖိလိုက်တဲ့အခါနာခြင်း
– နားကိုက်ခြင်း၊ ကြားတဲ့အသံမကြည်ခြင်း စတာတွေဖြစ်စေပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေရှိမလဲ
နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis) ဖြစ်သွားတတ်ပါတယ်
( လက္ခဏာများမသက်သာပဲ ၃လထိရှိနေသေးရင် နာတာရှည်ဖြစ်ပြီလို့ခေါ်လို့ရပါတယ် )
နောက်တစ်ခုကတော့ ရောဂါပိုးတွေ sinuses ကနေတခြားနေရာဆီ ပျံ့သွားပြီး…
မျက်လုံးရောင်တာ၊ မျက်လုံးပြည်တည်တာ
ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ပြည်တည်တာ
ဦးနှောက်သွေးပြန်ကြောသွေးခဲတာ
ဦးခေါင်းခွံရောင်တာ တွေအထိဖြစ်နိုင်ပါတယ်။
ဘာတွေစစ်ကြည့်လို့ရမလဲ
– ဆရာဝန်ရဲ့ စမ်းသပ်မှုများအပါအဝင်
– ဦးခေါင်းဓာတ်မှန်ရိုက်ခြင်း (X ray Head)
– ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT head)
– နှာခေါင်းအတွင်းပြွန်ချောင်းဖြင့်ကြည့်ခြင်း(Nasal endoscopy) စတာတွေ စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။
ဘယ်လိုကုသလို့ရမလဲ
မိမိအိမ်မှာတင် ပြုလုပ်လို့ရတာတွေကတော့
– ရေနွေးငွေ့ရှူခြင်း
– ပါရာစီတမော(paracetamol)သောက်ခြင်း
– နှာရည်အထွက်နည်းစေသော နှာခေါင်းဖျန်းဆေးဖျန်းခြင်း(Nasal decongestants ဥပမာ epinephrine 0.5% nasal spray)
– နှာခေါင်းက်ို saline နှင့်ကျင်းခြင်း
( ပြုလုပ်နည်း-
(၁) ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
(၂) Baking soda လက်ဖက်ရည်ဇွန်း ၁ဇွန်း
(၃) ရေကျက်အေး 500 ml တို့ကိုခွက်သန့့်သန့် တစ်ခွက်မှာရောမွှေပါ။
20cc ဆေးစုပ်ပြွန်နဲ့ နှာခေါင်းတစ်ဖက်က်ိုပိတ်ပြီး ကျန်တစ်ဖက်ထဲ ဖျော်ထားတဲ့အရည်ထည့်ပြီး ကျင်းပေးပါ။
နှာခေါင်းတစ်ဖက်ကို ၄ကြိမ်စီ နေ့စဥ်လုပ်ပေးရပါမယ် )
Nasal douching (သို့) Nasal irrigationလို့ ရိုက်နှိပ်ပြီး Youtubeမှာ ရှာဖွေနိုင်ပါတယ်
ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေးသောက်ဖို့ လိုပါမယ်။
သောက်ဆေးနဲ့မပျောက်ရင်တော့ စုနေတဲ့အရည်တွေကိုခွဲစိတ်စုပ်ထုတ်ရတာအထိ လုပ်ရနိုင်ပါတယ်။
ဒါ့ကြောင့် ဒီလိုလက္ခဏာတွေခံစားနေရရင် အရင်ဆုံး ဆရာဝန်နဲ့အမြန်ဆွေးနွေးဖို့တိုက်တွန်းပါရစေ။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.153
Oxford Handbook of clinical specialities 10th edition pg556,557,558,561)
ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
Ministry of Health,
National Unity Government.

Published on: 28 May 2022
Last Updated: 28 May 2022