“Sleep Paralysis” (December 2023)

အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း (Sleep paralysis)

Sleep paralysis ကိုတော့ မြန်မာလူမျိုးတွေမှာ ဘီလူးစီးတယ်၊ သရဲစီးတယ်လို့ ‌တော်တော်များများ ယူဆသတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က လှုပ်မရဖြစ်ပြီး အသက်ရှူကျပ်တာ ဒါမှမဟုတ် အလွန်ကြောက်စရာကောင်းတဲ့ အရာတွေကို မြင်တွေ့ရလို့ ဖြစ်ပါတယ်။

ဒါဆို ဒီလိုတွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး သိဖို့လည်း လိုအပ်တာပေါ့။

Sleep paralysis ဆိုတာ လုံးဝဥဿုံ အိပ်ပျော်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က လှုပ်လို့မရ၊ စကားပြောလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအခြေအနေမှာ ထင်ယောင်ထင်မှားတွေပါ မြင်ယောင်လာတတ်ပါတယ်။

ဒါကို နားလည်နိုင်ဖို့ဆို လူတွေရဲ့ အိပ်ပျော်ခြင်းဖြစ်စဥ်အဆင့်ဆင့်ကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

လူတွေ အိပ်ပျော်တဲ့အခါမှာ NREM (Non rapid eye movement) အဆင့် (၃) ဆင့်နဲ့ REM (rapid eye movement) ဆိုပြီး အဆင့်တွေ ရှိပါတယ်။

NREM အဆင့်တွေမှာတော့ စစချင်းအိပ်ပျော်တဲ့အဆင့်ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကြွက်သားတွေ လှုပ်ရှားနိုင်မှု လျော့ကျလာပြီး ဦးနှောက်လှိုင်းတွေ နှေးလာပါတယ်။ နောက်ထပ် REM အဆင့်မှာတော့ မျက်လုံးလှုပ်ရှားမှုတွေ မြန်လာပါတယ်။ ဒါ့အပြင် ဒီအဆင့်ဟာ လုံးဝနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး အိပ်မက်မက်တဲ့ အဆင့်လည်း ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အိပ်မက်မက်နေစဥ် အိပ်မက်ထဲကအတိုင်း အပြင်မှာ လိုက်မလုပ်မိအောင် ကာကွယ်တဲ့အနေနဲ့ ဦးနှောက်ကနေ ကြွက်သားတွေကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားပါတယ်။

ဒါပေမယ့် ဒီအဆင့်မှာ ဦးနှောက်ရဲ့ လုပ်ငန်းစဥ် မှားယွင်းတဲ့အခါ Sleep paralysis ဖြစ်ပေါ်လာရပါတယ်။ လူက အိပ်မက်မက်နေရာကနေ နိုးပြီး အသိပြန်ဝင်လာပေမယ့် ဦးနှောက်ရဲ့ သတ်မှတ်ချက်က REM အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်ကြောင့် ကြွက်သားတွေက လှုပ်မရတဲ့အပြင် စကားပြောမရတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။

ဒါ့အပြင် REM အဆင့်မှာ သတိပြန်ဝင်လာတာဖြစ်တဲ့အတွက်ကြောင့် လူက အိပ်မက်လိုလို လက်တွေ့လိုလို ရောထွေးပြီး ကြောက်မက်ဖွယ်တွေ မြင်ယောင်နေတာ ပါ။

ဒီလို ဘီလူးစီးတယ်လို့ ခေါ်ကြတဲ့ sleep paralysis ဖြစ်စဥ်ဟာ စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းထိ ကြာတတ်ပါတယ်။

Sleep paralysis ကို အမျိုးအစား (၂) မျိုး ခွဲခြားလို့ ရပါတယ်။

Isolated sleep paralysis – သူကတော့ အကြောင်းရင်း၊ ရောဂါတစ်ခုခုကြောင့် မဟုတ်ဘဲ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။

Recurrent sleep paralysis – သူကတော့ အကြိမ်ကြိမ် sleep paralysis ဖြစ်တတ်ပြီးတော့ narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာ အလွန်နုံးချည့်နွမ်းနယ်ပြီး အိပ်ပျော်တတ်တဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒီလို sleep paralysis ဖြစ်တဲ့အခါမှာ စက္ကန့်ပိုင်းကနေ မိနစ် (၂၀) လောက်ထိ ကြာတတ်ပြီးတော့ အများစုကတော့ (၆) မိနစ်လောက်ထိ ကြာမြင့်တတ်ပါတယ်။ အများအားဖြင့် ဘေးနားက တစ်စုံတစ်ယောက်ကနေ လာနှိုးမှ နိုးတတ်လေ့ ရှိပါတယ်။

Sleep paralysis က လူဦးရေ ငါးယောက်မှာ တစ်ယောက် ဖြစ်လေ့ရှိပါတယ်။

ဘာတွေကြောင့် Sleep paralysis ဖြစ်တတ်လဲ

• နေ့ဘက်တွေမှာ နုံးချည့်နွမ်းနယ်ပြီး အိပ်ငိုက်‌နေတတ်တဲ့ Narcolepsy လို့ခေါ်တဲ့အာရုံကြောရောဂါတစ်မျိုးကြောင့်

• ညဆိုင်း အလုပ်ဆင်းရတဲ့သူတွေ

• ညအိပ်မပျော်တဲ့သူတွေ

• Obstructive sleep apnea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူလမ်းကြောင်းပိတ်တဲ့ရောဂါရှိတဲ့သူတွေ… စတာတွေမှာ Sleep paralysis အဖြစ်များတာ တွေ့ရပါတယ်။

.

Sleep paralysis ဖြစ်တဲ့အချိန်မှာ

– ခြေတွေလက်တွေ လှုပ်မရဖြစ်နေမယ်

– စကားမပြောနိုင် ဖြစ်မယ်

– အသက်ရှူကျပ်သလို ခံစားရမယ်

– ထင်ယောင်ထင်မှားတွေ မြင်ယောင်မယ်

– ကြောက်နေမယ်

– အကူအညီမဲ့သလို ခံစားရမယ်

– နေ့လယ်ဘက်တွေ အိပ်ငိုက်မယ် အစရှိတာတွေ ခံစားရနိုင်ပါတယ်။

Sleep paralysis မှာ ခံစားရတဲ့ ထင်ယောင်ထင်မှားတွေကို (၃) မျိုး ခွဲခြားလို့ရပါတယ်။

• အခန်းထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့အရာ ဒါမှမဟုတ် တစ်စုံတစ်ယောက် ရောက်နေတယ်လို့ ခံစားရတာ

• ရင်ဘတ်မှာ တစ်စုံတစ်ခုဖိထားသလိုဖြစ်ပြီး အသက်ရှူကျပ်တယ်လို့ ခံစားရတာ

• လေထဲပျံနေသလို ခံစားရတာ စသည်ဖြင့် ခံစားရနိုင်ပါတယ်။

Sleep paralysis ဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် အကြိမ်ကြိမ် ဖြစ်နေတယ်ဆိုရင်တော့ ကာယကံရှင်အနေနဲ့ အိပ်ရမှာကို ကြောက်ရွံလာတာ၊ အိပ်ရေးဝဝ မအိပ်ရတာတို့ကြောင့် အလုပ်အကိုင်မှာ အာရုံမစိုက်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကို ကာကွယ်ဖို့အနေနဲ့…

• နေ့တိုင်း အိပ်ရာဝင်မယ့်အချိန်၊ မနက်ထမယ့်အချိန်တွေကို စနစ်တကျသတ်မှတ်ပြီး လိုက်နာပါ။

• အိပ်တဲ့အခါမှာ မိမိအိပ်ရာကို သက်တောင့်သက်သာဖြစ်‌အောင် ပြင်ဆင်ပါ။

• ညနေဘက်တွေမှာ အရက်၊ ကော်ဖီနဲ့ ကဖင်းဓာတ်ပါတဲ့ အရည်တွေသောက်တာ ‌ရှောင်ပါ။

• အိပ်ရာမဝင်ခင် တစ်နာရီအလိုကတည်းက ဖုန်း၊ tablet အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ဝေးရာမှာထားပါ။

• စိတ်ဖိစီးမှုကင်းဝေးအောင် နေပါ။

• အိပ်ရာမဝင်ခင် စိတ်ကြည်နူးစေနိုင်တဲ့ သီချင်းနားထောင်တာတို့၊ စာဖတ်တာတို့ ပြုလုပ်ပေးပါ။

Sleep paralysis ဖြစ်တဲ့အခါမှာ မိမိခံစားရတဲ့ ခံစားမှုတွေ၊ ကြောက်ရွံ့မှုတွေကို မိသားစု၊ မိတ်ဆွေ သူငယ်ချင်း‌တွေကို ပြောပြပါ။ အကြိမ်ကြိမ်ဖြစ်လာရင်တော့ မပေါ့ဆဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုပါတယ်။

References – https://my.clevelandclinic.org /health/diseases/21974-sleep-paralysis

https://www.sleepfoundation.org/parasomnias/sleep-paralysis#:~:text=Sleep%20paralysis%20is%20a%20temporary%20inability%20to%20move%20or%20speak,paralysis%20can%20blur%20these%20boundaries.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: 18 December 2023
Last updated: 18 December 2023