သင်ဟာ အိပ်ချိန်မှာ ဟောက်တတ်တဲ့ လူတစ်ယောက်လား? ဒါမှမဟုတ် သင့်မိသားစုထဲမှာ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူရှိလို့ ညဘက် မအိပ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်နေရလား?
ကိုယ်ကိုယ်တိုင် အိပ်တဲ့အချိန် မဟောက်တတ်ဘူးဆိုရင်တောင်မှ အိမ်မှာ လူကြီးသူမတွေ အိပ်နေတုန်း ဟောက်တဲ့အသံကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တချို့ကတော့ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့နေ့တွေဆို ညဘက်အိပ်တဲ့အချိန်တွေမှာ ဟောက်တတ်တယ်လို့ ဆိုကြပါတယ်။ ဒါဆို ညအိပ်ချိန် ဘာကြောင့်ဟောက်ရတယ်ဆိုတာ ဆက်လက်ပြီး ဖော်ပြပေးပါရစေ။
ဘယ်သူတွေက အိပ်တဲ့အချိန် ဟောက်လေ့ရှိကြလဲ?
– အဝလွန်တဲ့သူတွေ (အဝလွန်တဲ့သူတွေမှာ လည်ချောင်းမှာ ပိုလျှံနေတဲ့ တစ်သျှူးတွေကြောင့် လေပြွန်ပိတ်တာမျိုး ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ)
– အသက်အရွယ်ကြီးသူတွေ
– ပက်လက်အိပ်တတ်သူတွေ
– အရက်အလွန်အကျွံ သောက်သူတွေ
– ငုံ့ရပြုရ လှုပ်ရှားရခက်ခဲတဲ့ လည်ပင်းအနေအထားမမှန်တဲ့သူတွေ
– စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတို့လို ဆေးတွေသောက်နေရသူတွေ
– နှာခေါင်းဓာတ်မတည့်ခြင်းနဲ့ နှာခေါင်းပိတ်တတ်တဲ့သူတွေ
– Nasal polyp ရှိနေခြင်း ၊ အာသီးရောင်ခြင်း /ကြီးခြင်းနဲ့ ပြင်ပအရာဝတ္ထုပစ္စည်းများ ပိတ်ဆို့ခြင်း အစရှိတဲ့ အကြောင်းတွေကြောင့် လူတွေဟာ ညဘက်အိပ်တဲ့အချိန်မှာ ဟောက်လေ့ရှိကြပါတယ်။
ဟောက်တာက အန္တရာယ်မရှိတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရွားလာမယ်၊ အိပ်နေတုန်း ၁၀စက္ကန်ု့ထက်ပိုပြီး အသက်ရှူရပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ obstructive sleep apnea (OSA)လို့ခေါ်တဲ့ အိပ်နေစဥ် ခေတ္တအသက်ရှူရပ်တဲ့ ရောဂါ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။ ညဘက် ပြင်းပြင်းထန်ထန်ဟောက်တတ်တဲ့သူတွေကတော့ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒါဆို ဟောက်တတ်တဲ့ အကြောင်းရင်းတွေထဲက အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ OSAအေကြာင်းကိုလည်း သိထားသင့်တာပေါ့။
အသက် ၃၀ကနေ ၆၀ကြား ညအိပ်ရင်ဟောက်တတ်တဲ့ အမျိုးသမီး ၂၈%လောက်နဲ့ အမျိုးသား ၄၀%လောက်မှာတော့ OSA ရှိတတ်ပါတယ်။ အဓိကအားဖြင့်တော့ အဝလွန်တဲ့သူတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။
အိပ်နေတဲ့အချိန်မှာ လည်ချောင်းမှာရှိတဲ့ကြွက်သားတွေက ပျော့နေတဲ့အတွက် လေပြွန်ကို အတိုငိးအတာတစ်ခုထိ သွားပိတ်နိုင်ပါတယ်။ အဲ့ဒီအတွက် ကျဥ်းနေတဲ့ လေပြွန်ကြားကနေ အသက်ရှူနေရတဲ့အတွက် ဟောက်သံအကျယ်ကြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုဆိုးဝါးလာပြီး လေပြွန်ကို လုံးဝပိတ်သွားမယ်ဆိုရင်တော့ အသက်ရှူရပ်တာအထိ ဖြစ်နိုင်ပါတယ်။
အဲ့ဒီအတွက် အိပ်နေရင်းမောပြီး လန့်နိုးလာတာတွေ၊ အိပ်ရေးမဝတာ၊ မလန်းဆန်းတာ၊ အာရုံမစူးစိုက်နိုင်တာ၊ နေ့လည်ဘက်တွေမှာ အိပ်ချင်တာ၊ လိင်စွမ်းဆောင်ရေးလျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။
အဆိုးဆုံးပြဿနာကတော့ ကိုယ့်ရဲ့ဟောက်သံကြောင့် ဘေးလူ အိပ်မရတဲ့အထိ ဖြစ်တာပါပဲ။
OSA ဟာ အန္တရာယ်များပါတယ်။ အသက်ရှူရပ်တဲ့အကြိမ်ရေများလာမယ်။ ကြာလာမယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
ဒီလို အခြေအနေတွေထိ ဆိုးရွားခဲ့ရင်တော့ သာမာန်ဟောက်တာလေးပဲဆိုပြီး မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တာလို့ ပြောတာပါ။
ဟောက်တာကို ဘယ်လို ကုသကြမလဲ?
• သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။
• စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေ စွဲသောက်တာမျိုး ရှောင်ကြဉ်ပါ။ ( မိမိဘာသာ ဆေးရပ်တာထက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ ပိုသင့်တော်ပါတယ်။)
• အရက်နဲ့ ဆေးလိပ်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
• နှာခေါင်းပိတ်တာ၊ နှာခေါင်းဓာတ်မတည့်တာတွေရှိရင် ကုသပါ။ Nasal decongestantလို့ခေါ်တဲ့ နှပ်ခဲပျော်စေတဲ့ နှာခေါင်းတွင်းဖြန်းဆေးတွေ၊ အစက်ချဆေးတွေကိုတော့ အလွန်အကျွံ မသုံးပါနဲ့။
• လည်ပင်းအနေအထား အဆင်မပြေတဲ့သူတွေအတွက် ပျော့ပျောင်းတဲ့ neck collarတွေသုံးပြီး ညအိပ်ပါ။
• အိပ်နေတဲ့အချိန် အသက်ရှူလမ်းကြောင်း ပွင့်နေဖို့အတွက် အထောက်အကူပေးတဲ့ နှာခေါင်းတွင်း (ဒါမှမဟုတ်) ပါးစပ်တွင်းထည့်ရတဲ့ ကိရိယာတွေ အသုံးပြုလို့ ရပါတယ်။
• ပက်လက်အိပ်တာထက် စောင်းအိပ်တာက လေကြောင်းပွင့်စေဖို့အတွက် ပိုအထောက်အကူ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ညအိပ်ချိန် ဟောက်တတ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ရရှိပြီး ဖြစ်တယ်လို့ ထင်ပါတယ်။ မိမိအနေနဲ့ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူဆိုရင် အထက်မှာ ပြောပြခဲ့တဲ့နည်းလမ်းလေးတွေနဲ့ နှစ်ခြိုက်တဲ့ညအိပ်စက်ခြင်းရနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 310, 329
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 20 October 2022
Last Updated: 20 October 2022