သင်ဟာ လူကြောက်တတ်သူ တစ်ယောက်လား
Social phobia (လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း) ( September, 2022 )
Social phobia ဆိုတာ
ကျွန်တော်တို့ လူသားတွေအတွက် ဟောပြောပွဲ၊တွေ့ဆုံပွဲစတဲ့ အခမ်းအနားတွေမှာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့တယ်ခံစားရတာ ပုံမှန်အခြေအနေတစ်ခုပါ။ ဒါပေမယ့် Social phobia( social anxiety disorder) ရှိတဲ့သူတွေမှာဆိုရင်တော့ နေ့စဉ် လူမှုဆက်ဆံရေးမှာ တခြားသူတွေက သူတို့ကို စောင့်ကြည့်အကဲဖြတ်ကာ အဆိုးမြင်နေတယ်လို့ ယူဆပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မလုံခြုံမှုတွေ၊ကြောက်စိတ်တွေခံစားလာရတာဖြစ်ပါတယ်။
ဘယ်လောက်အဖြစ်များသလဲ
Social phobia က စိုးရိမ်ပူပန်ခြင်း အမျိုးအစားခွဲတွေထဲမှာ အဖြစ်များဆုံးပါ။ လူသား ၇ဦးမှာ ၁ဦးဟာ ဘဝရဲ့တစ်ချိန်ချိန်မှာ ဒီကြောက်ရွံ့ခြင်းကိုရင်ဆိုင်ရနိုင်တယ်လို့ လေ့လာတွေ့ရှိပါတယ်။
Social phobia ရှိသူအများစုဟာ ဆယ်ကျော်သက်အရွယ်ကနေ စတင်ဖြစ်လေ့ရှိပါတယ်။
ဘယ်လိုအခြေအနေမှာ ကြောက်ရွံ့လေ့ရှိသလဲ
– သူစိမ်းတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံ စကားပြောချိန်
– အထက်လူကြီး၊ ပညာရှင်နှင့် အလုပ်အတူတိုင်ပင်ချိန်
– အစည်းအဝေးပွဲ၊ လူတွေ့ စာမေးပွဲများ၊ပါတီပွဲများ
– အများရှေ့မှာ စားသောက်ရတဲ့အခါ
– စာရေးနေချိန် စောင့်ကြည့်ခံရရင်
– လူအများ ထိုင်နေတဲ့ အခန်းထဲတစ်ယောက်တည်းဝင်ရချိန်
– အများသုံးအိမ်သာအသုံးပြုချိန်တွေမှာ ကြောက်နေတတ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး ကြောက်ရွံ့ခြင်းဖြစ်နိုင်တဲ့ အခြေအနေတွေမတူနိုင်ပေမယ့် တူညီတဲ့အချက်ကတော့ သူတို့ဟာ လူတွေရဲ့အာရုံစိုက်ခံရခြင်းနှင့်အတူ စောင့်ကြည့်ဝေဖန်ခံရမယ်လို့ တွေးထင်နေတာပါ။
ဘာကြောင့်ဖြစ်ရသလဲ
Genetic- မျိုးရိုးဗီဇအရ
မိမိကြီးပြင်းလာသော လူမှုပတ်ဝန်းကျင် (eg.ဝေဖန်အပြစ်တင်တတ်သော ပတ်ဝန်းကျင်)
ငယ်ဘဝအတွေ့အကြုံဆိုးများ (အနိုင်ကျင့်ခံရခြင်း၊အရှက်ကွဲခံရခြင်း)
ဖိအား(stress)(သို့မဟုတ်) စိတ်လှုပ်ရှားစရာအဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်က ဟော်မုန်းတွေအရှိန်အဟုန်နဲ့ ထွက်လာပါတယ်။
အဲ့ထဲက adrenalineဟော်မုန်းရဲ့ နှိုးဆော်မှုနဲ့အတူ “ရင်ဆိုင်မလား၊ထွက်ပြေးမလား” (fight or flight ) ဆိုတဲ့ တုံ့ပြန်မှုဖြစ်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံ့ပြန်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။
Social phobia ရှိတဲ့သူတွေမှာ အခြေအနေအရ ဟော်မုန်းတွေပိုထွက်ပြီး ဒီစနစ်က ပုံမှန်ထက် active ဖြစ်လွန်းနေတတ်ပါတယ်။
Social phobia ရောဂါလက္ခဏာများ
๏ နှလုံးခုန်မြန်ခြင်း
๏ ချွေးထွက်ခြင်း
๏ ခြေ၊လက် တုန်ယင်ခြင်း
๏ ကြက်သီးထခြင်း
๏ မူးခနဲ မိုက်ခနဲဖြစ်ခြင်း
๏ ခေါင်းကိုက်ခြင်း
๏ ဗိုက်ထဲမအီမသာဖြစ်၍ ပျို့အန်ခြင်း
๏ ဝမ်းလျှောခြင်း
๏ လည်ပင်း၌ တစ်စို့စို့ခံစားရခြင်း
๏ ဂနာမငြိမ်ဖြစ်ခြင်း
๏ ကြွက်သားများ တောင့်တင်းနာကျင်ခြင်း
နောက်ဆက်တွဲ ပြဿနာအနေနဲ့
နေ့စဉ်လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေဖြစ်လာမယ်။ကြောက်စိတ်လွန်ကဲခြင်း(panic attack)နှင့်အတူ ကိုယ်စွမ်းကိုယ်စလျော့ကျလာကာ ယုံကြည်ချက်ပျောက်ဆုံးသွားနိုင်ပါတယ်။
လူမှုဆက်ဆံရေး ပျက်သုဉ်းခြင်း၊အရက်အလွန်အကျွံသောက်သုံးခြင်း၊မူးယစ်ဆေးစွဲခြင်း၊ စိတ်ကျခြင်းစတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေအထိ ခံစားရလာနိုင်ပါတယ်။
ကဲ…ဒါဆို လူကြောက်တာကို ကျော်လွှားနိုင်ဖို့ ဆရာဝန်အကူအညီမရယူခင် ကိုယ့်ဘာသာကိုယ်အရင် ဘယ်လိုကြိုးစားကြမလဲ?
နေ့စဉ် လူမှုဆက်ဆံရေးမှာ ကိုယ်ကြုံတွေ့ရတဲ့ စိုးရိမ်ပူပန်မှုအကြောင်းအရာကို ဒိုင်ယာရီမှာချရေးပါ။
ကိုယ့်အနေနဲ့ လူမှုဆက်ဆံရေးမှာ ဝင်ဆံ့နိုင်ဖို့ တစ်ဆင့်ချင်း ကြိုးစားကြည့်ပါ။
ကြောက်စိတ်လွန်ကဲလာချိန် ဝင်လေထွက်လေမှတ်ကြည့်ပါ။
တစ်ဦးတည်း အဆိုးမြင်တဲ့ယူဆချက်တွေမတွေးဘဲ အများနဲ့ ပြောဆိုဆက်ဆံမှုအပေါ် အာရုံစိုက်ကြည့်ပါ။
Counselling
Social phobia အတွက် အထိရောက်ဆုံး စိတ်ကုထုံးကတော့ cognitive behavior therapy (CBT) အမူအကျင့်ကိုပြောင်းလဲသော စိတ်ကုထုံးနည်းပါ။
မိမိရင်ဆိုင်နေရတဲ့ စိုးရိမ်ပူပန်မှု သဘောသဘာဝကိုသိရှိပြီးအဆိုးတွေကို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲမြင်၍ လိုက်လျောညီထွေ နေတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။ မိမိကြောက်တတ်သော အခြေအနေများကို ဖြည်းဖြည်းချင်း ထိတွေ့စေပြီးယုံကြည်မှုရှိစွာ တုံ့ပြန်နိုင်အောင် ပြုလုပ်ပေးပါတယ်။
Medication
ကြောက်စိတ်လွန်ကဲခြင်းနှင့် စိတ်ကျခြင်းပါ ပူးတွဲခံစားရလာပြီဆိုရင် ဆရာဝန်ထံမှ ဆေးဝါးအကူအညီရယူသင့်ပါတယ်။
အရေးကြီးတဲ့ ပွဲအစီအစဉ်၊ လူအများရှေ့ စင်ပေါ်တက်ရမယ့်အခမ်းအနားတွေမှာဆို ကြောက်စိတ်လျော့ချနိုင်ဖို့ ပွဲမစခင် ဆေးကြိုသောက်လို့ရတာတွေ ရှိပါတယ်။
ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေနိုင်တာမို့ ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာဖို့တော့ လိုအပ်ပါတယ်နော်။
ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုဆက်ဆံနိုင်သူများ ဖြစ်ကြပါစေ။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp330.
https://www.nhs.uk/mental-health/conditions/social-anxiety/
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.

Published on: 12 September 2022
Last Updated: 12 September 2022