Soothing A Crying Baby ( March, 2022 )

👶 ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် (March, 2022) 👶

တချို့ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီးငိုလွန်းတာမျိုး/ ချော့ဖို့လိုအပ်တာမျိုးရှိပါတယ်။

တကယ်တော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကို တုန့်ပြန်ပုံခြင်းမတူကြလို့ပါ (ဥပမာတခုအနေနဲ့ပြောရရင် တချို့လူတွေက စကားကို တိုးတိုးပြောတတ်ပေမယ့် တချို့က ကျယ်ကျယ်ပြောတတ်တယ်၊ တချို့အချင်းချင်းစိတ်ဆိုးစိတ်ကောက်ကြရင် ချော့လို့လွယ်ပေမယ့် တချို့က ချော့ရခက်ပါတယ်။ ဒီသဘောမျိုးပါပဲ။ တချို့ကလေးတွေက အေးတယ်၊ တချို့ကလေးလေးတွေက အရမ်းငိုတယ်) ဒါပေမယ့် ကလေးလေးတွေ ငိုတိုင်းလည်း ဂျီကျချင်လို့ငိုတာ မဟုတ်ပြန်ပါဘူး။

အထူးသဖြင့် စကားမပြောတတ်သေးတဲ့ ကလေးလေးတွေမှာ သူတို့ရဲ့ အဆင်မပြေမှုတွေ၊ ခံစားချက်တွေကို ဖေဖေမေမေတို့နဲ့ ပြောပြနိုင်ဖို့ ငိုခြင်းကသာ သူတို့အတွက် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းပါ။

အတွေ့အကြုံမရှိသေးတဲ့ သားဦးမိဘတွေ၊ ဘေးမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးမယ့်သူမရှိတဲ့ ဖေဖေမေမေ အသစ်ကျပ်ချွတ်လေးတွေအတွက် ကလေးလေး အရမ်းငိုနေတာက စိတ်ဖိစီးမှုအကြီးကြီးဖြစ်စေပါတယ်။ ဖေဖေမေမေတို့အတွက်လည်း တစ်နေ့လုံးအလုပ်တွေနဲ့ ခြေကုန်လက်ပန်းကျနေတဲ့ ညနေခင်း၊ ညဦးပိုင်းအချိန်လောက်ကလည်း ကလေးလေးတွေ အငိုဆုံးအချိန်ဖြစ်နေတတ်ပါတယ်။ တချို့ မွေးကာစ သားဦးမိဘတွေဆိုရင် ညနေရောက်မှာ ကြောက်တဲ့စိတ် ဝင်လာတာမျိုးအထိ စိတ်ဖိစီးမှုတွေ ခံစားကြရပါတယ်။

👍 လုပ်ပေးရမယ့် အချက် ၃ ချက်

(၁) နေမကောင်းဖြစ်နိုင်တဲ့ အခြေအနေတွေရှိလား စစ်ဆေးကြည့်ပါ

  • လေနာထနေလို့လား
  • နှာခေါင်းပိတ်နေလို့လား
  • အဖျားရှိလို့လား
  • နားကိုက်နေလို့/ နားထဲအကောင်ဝင်နေလို့လား (နားရွက်လေးကို ထိ/ကိုင်ပြီးငိုနေလား သတိထားကြည့်ပါ)
  • ခန္ဓာကိုယ်မှာ အနီစက်တွေထွက်နေလား (အထူးသတိထားရမှာက ကလေးက ညနေတိုင်းငိုနေတာ၊ သူ့အကျင့်ပါနေလို့ဆိုပြီး ပစ်ထားတာမျိုးမလုပ်ပါနဲ့၊ မနေ့က နေကောင်းပေမယ့် ဒီနေ့ နေမကောင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးငယ်လေ ရောဂါဒဏ်ကို ပိုပြင်းပြင်းထန်ထန် ခံစားရလေဖြစ်ပြီး အချိန်တိုအတွင်းမှာ အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်ပါတယ်)

(၂) နေမကောင်းတဲ့ လက္ခဏာတွေလည်းမရှိ၊ ကလေးကလည်း ငိုတာမရပ်ဆိုရင် မိမိစိတ်မှာ ဒါမျိုးနှလုံးသွင်းပါ “ကလေးလေးက ငါ့ကို စကားပြောနေတာ၊ တစ်ခုခု တောင်းဆိုနေတာပဲ။ သူ့မှာ စကားမပြောတတ်သေးတော့ ငိုပြီးပြောနေရတာ”။ ဒါဆိုရင် ကလေးငိုသံကြောင့်လည်း မိဘတွေမှာ စိတ်ဖိစီးမှု လျော့သွားပါမယ်။

(၃) ကလေးဘက်ကနေ စဉ်းစားကြည့်ပြီး လိုအပ်သလိုဖြည့်ဆည်းပေးပါ။

  • ဗိုက်ဆာ/ ရေဆာနေလို့
  • အနှီးစိုနေလို့
  • အနှီး/ အဝတ်အစား အရမ်းကျပ်နေလို့
  • ပျင်းနေလို့
  • ချော့မြူတာခံချင်လို့/ အချီခံလို့
  • ရာသီဥတု အရမ်းပူ/ အရမ်းအေးနေလို့
  • အကောင်ကိုက်လို့

နံပါတ် (၃) အဆင့်မှာတင်ပဲ ကလေးတော်တော်များများမှာ ငိုတာလုံးဝရပ်သွားတာ၊ မဟုတ်ရင်တောင် စိတ်ကျေနပ်သွားကြပါတယ်။

❗️ သိထားသင့်သည့်အချက်များ

  • ကလေးကို နို့တိုက်လိုက်တာ၊ နို့ဘူးပေးစို့တာ၊ ချိုလိမ်ပေးထားတာကလည်း ကလေးကို စိတ်ကျေနပ်မှု ဖြစ်သွားစေနိုင်ပါတယ်။
  • ကလေးကို ချီလွန်းရင် လက်ကြိုက်သွားမှာပေါ့ဆိုတာ မဟုတ်ပါဘူး။
  • ကလေးကို ကျောပိုးထားတာ၊ ရင်ဘက်မှာ သိုင်းချည်ပိုးထားတာမျိုးက အမေအဖေအတွက် သက်သာသလို ကလေးကိုလည်း နွေးထွေးမှုခံစားရစေပါတယ်။
  • ပုခက်၊ ကြမ်းပြင်ပေါ်ချထားရင် သူ့အပေါ်ကနေ တွဲလောင်း အရုပ်ပျော့လေးတွေ ချိတ်ပေးထားတာကလည်း သူတစ်ယောက်တည်း အထီးကျန်ခံစားရတာမျိုးကို သက်သာစေပါတယ် (ကလေးငယ်လေးတွေရဲ့ ပုခက်၊ အိပ်ယာထဲမှာ အရုပ်ပျော့တွေ၊ ခေါင်းအုံးတွေ မထည့်ပေးရပါဘူး၊ အသက်ရှူပိတ်သွားနိုင်ပါတယ်)
  • စကားတိုးတိုးလေး ပြောပေးတာ၊ သီချင်းအေးအေးလေးတွေကို တိုးတိုးလေး ဖွင့်ပေးတာကလည်း ကလေးကို စိတ်ကြည်နူးစေပါတယ်။
  • ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ၊ ဖွဖွလေးနှိပ်ပေးတာလည်း တချို့ကလေးလေးတွေ ကြိုက်ပါတယ် (ကလေးတွေရဲ့ အရေပြားက အရမ်းနူးညံ့လို့ လူကြီးတွေသုံးတဲ့ ဒဏ်ကြေဆေး၊ ပရုတ်ဆီ၊ အနှိပ်ဆီတွေ လုံးဝမသုံးရပါဘူး၊ အရေပြား လောင်သွားနိုင်ပါတယ်)

❗️ သတိထားရန်

တစ်ခါတလေ ကလေးလေးက ငိုလွန်းလို့ ဘာနဲ့မှလည်း ချော့မရ၊ ငါဘာမလုပ်နိုင်ဘူး၊ အသုံးမကျဘူးဆိုပြီး စိတ်ရှုပ်ထွေး ဒေါသထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ မိဘတိုင်းကြုံရတဲ့ကိစ္စပါ။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ အပြစ်တင်တာတွေကို လျစ်လျူရှုပါ။ ပတ်ဝန်းကျင်က နာရီပိုင်း၊ မိနစ်ပိုင်းလေး ကူကြည့်ပေးပြီး အပြစ်တင်တာပါ။ ကိုယ်တိုင်က ၂၄ နာရီပတ်လုံး ဂရုတစိုက် ကြည့်ရှုနေရတာပါ။ ခဏတစ်ဖြုတ် နားခွင့်ရှိပါတယ်။

အမျိုးသားကို (သို့မဟုတ်) စိတ်ချရတဲ့ တစ်ယောက်ကို တစ်လှည့် ကလေးထိန်းခိုင်းပါ။ ဒါမှမဟုတ် ကလေးကို စိတ်ချရတဲ့ တစ်နေရာမှာ (ပုခက်ထဲဖြစ်စေ) ခဏလေးထားပြီး လေကောင်းလေသန့် ရှူပါ၊ စိတ်ကိုလျော့ချပါ။

အထက်မှာရေးထားသလိုပဲ ကလေးမှာ ကျန်းမာရေးပြဿနာမရှိရင် ကလေးငိုနေတာက ငါ့ကို စကားပြောနေတာလို့ သတ်မှတ်ပြီး စိတ်အေးအေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပါ။ ကလေးငိုလို့ ဘယ်လောက်ပဲ စိတ်တွေရှုပ်ထွေးနေပါစေ၊ ကလေးငယ်ကို လက်မောင်းနှစ်ဖက်/ ရင်ဘတ်ကဆွဲကိုင်ပြီး ခါတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ (ကြမ်းကြမ်းတမ်းတမ်း ခါရမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များကို အရင်တင်ထားတဲ့ post မှာ ဖတ်ကြည့်နိုင်ပါတယ်)

References:

  1. The royal children’s hospital Melbourne: kid’s health information, Crying and unsettled babies-colic
  2. NHS: Soothing a crying baby

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် (နေ့စဥ် မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ)
https://m.me/telehealthmm

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 18 March 2022
Last Updated: 18 March 2022