“တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှာ နှလုံးကျန်းမာရေးပြဿနာများလည်း တိုင်ပင်ဆွေးနွေးနိုင်ပြီ (၁-၁၂-၂၀၂၁)”
နှလုံးအထူးကုသမားတော်ကြီးနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း…
တယ်လီကျန်းမာအွန်လိုင်းဆေးခန်းများတွင် လူနာများအား အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
လူနာများအနေဖြင့် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားနေရပါက (တယ်လီကျန်းမာအထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာတိုင်ပင်ပြီး) နှလုံးအထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
” နှလုံးအထူးကုသမားတော်နှင့် တိုင်ပင်ကုသသင့်သည့် ရောဂါလက္ခဏာများ ”
(၁) နှလုံးအောင့် (ရင်ဘတ်အောင့်) သော လက္ခဏာခံစားနေရသူများ
(၂) မောပန်းလွယ်ခြင်း၊ အလွန်အမင်း အမောမခံနိုင်ခြင်း၊ ချောင်းဆိုးခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း စသော လက္ခဏာခံစားနေရသူများ
(၃) နှလုံးခုန်မမှန် ရင်တုန်ခြင်း၊ နှလုံးရောဂါကြောင့် ရုတ်တရက် မူးမိုက်သော လက္ခဏာခံစားနေရသူများ
(၄) သွေးတိုး၊ ဆီးချို/သွေးချိုရောဂါစသော ရောဂါများကြောင့် နောက်ဆက်တွဲ နှလုံး အားနည်းပျက်စီးခြင်း လက္ခဏာခံစားနေရသူများ
(၅) သွေးတိုးရောဂါ ထိန်းညှိရန် ခက်ခဲနေသူများ
(၆) နှလုံးသွေးကြောပိတ် ရောဂါရှိသူများ၊ နှလုံးသွေးကြောချဲ့ခြင်းကုသမှု ခံယူထားသော လူနာများ
(၇) နှလုံးအဆို့ရှင် ချို့ယွင်းသောရောဂါ ခံစားနေရသူများ ၊ နှလုံးအဆို့ရှင် လဲလှယ်တပ်ဆင် ပြုပြင်ထားသော လူနာများ
(၈) စည်းချက်မမှန် နှလုံးရောဂါ ခံစားနေရသူများ၊ နှလုံးစက်အကူ တပ်ဆင်ထားသူများ
(၉) မွေးရာပါ နှလုံးရောဂါရှိသူများ (ဥပမာ – နှလုံး အပေါက်ပါခြင်း)
(၁၀) ဗီဇဆိုင်ရာ နှလုံးရောဂါ ခံစားနေရသူများ (ဥပမာ – နှလုံး ကြွက်သားထူသောရောဂါ)
(၁၁) အခြား နှလုံးရောဂါအခံရှိသော လူနာများ၊ နှလုံးရောဂါနှင့် ပက်သတ်သော ဆေးဝါးမှီဝဲနေရသော လူနာများ
အထက်ပါရောဂါလက္ခဏာများ တွေ့ကြုံခံစားနေရပါက နှလုံးအထူးကုသမားတော်နှင့် တိုင်ပင်ကုသမှုခံယူရန် လိုအပ်ပါသည်။
တယ်လီကျန်းမာ၏ အထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာပြသ၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံသို့ စနစ်တကျလွှဲပြောင်းကုသမှု ခံယူနိုင်ပါသည်။
* ဆေးခန်းများအားလုံးမှာ စေတနာဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါသည်*
တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား အခမဲ့ဆေးခန်းပြသနိုင်ပါသည်။
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 1 December 2021
Last Updated: 1 December 2021