“တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှာ ခွဲစိတ်ရမည့် ကျန်းမာရေးပြဿနာများလည်း တိုင်ပင်ဆွေးနွေးနိုင်ပြီ (၁၆-၁၁-၂၀၂၁)”
ခွဲစိတ်ဆေးခန်းတွင် ပြသခြင်း
“စုစု” ဆိုသော လူနာတစ်ဦး ခွဲစိတ်ဆရာဝန်ကြီးနှင့် ကုသမှုခံယူချင်သောအခါ…
စုစု >> မင်္ဂလာပါရှင့်…တယ်လီကျန်းမာမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေနဲ့ ဘယ်အချိန်မှာ ဘယ်လိုပြရမလဲရှင့်?
အဖြေ >> တယ်လီ ကျန်းမာရဲ့အထွေထွေရောဂါကုဆေးခန်းများမှာ ဦးစွာပြသပြီး ၊ လိုအပ်သောလူနာများကို ခွဲစိတ်အထူးကုဆေးခန်းမှာ ဆက်လက်ပြသနိုင်ပါတယ်။
စုစု >> ဘယ်လို လူနာတွေက တယ်လီခွဲစိတ် ဆေးခန်းမှာ ပြသင့်ပါသလဲရှင့်?
အဖြေ >> ခွဲစိတ်ဆေးခန်းဆိုတာ ခွဲစိတ်ဖို့ လိုမှ ပြရတာ မဟုတ်ပါဘူး။
– မိမိရောဂါကို ယခင်က ခွဲစိတ်ဆရာဝန်နှင့် ကုသမှု့ခံယူဖူးသူများ…
– မိမိခံစားနေရသော ဝေဒနာများသည် ခွဲစိတ်ဆရာဝန်နှင့် ပြသရန် လိုအပ်သည်ဟု ယူဆသူများ…
ခွဲစိတ်ဆေးခန်းတွင် ပြသဆွေးနွေးတိုင်ပင်လို့ ရပါတယ်။ (လူနာတိုင်းဟာ ခွဲစိတ်ဖို့ လိုချင်မှ လိုပါလိမ့်မယ်)
စုစု >> ဘယ်လို ရောဂါ လက္ခဏာများဟာ တယ်လီခွဲစိတ်ဆေးခန်းမှာ ပြသသင့်ပါသလဲရှင့်?
အဖြေ >> ခွဲစိတ်ဆရာဝန်နှင့် ပြသသင့်သော ရောဂါလက္ခဏာများကတော့
(၁) ခန္ဓာကိုယ်တနေရာရာတွင် အလုံး အကျိတ် အဖု များရှိခြင်း (မွေးရာပါအဖုအကျိတ်များ / ယခင် (သို့) ယခုမှ အသစ်ပေါ်ပေါက်လာသော အဖုအကျိတ်များ)
(၂) ခန္ဓာကိုယ် တနေရာရာတွင် ကျွံထွက် စူထွက်နေခြင်း (အူကျခြင်း/ချက်ကျွံခြင်း)
(၃) အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ ( အစာမျိုရခက်ခြင်း /နင်ခြင်း/ အန်ခြင်း/ရင်ပူခြင်း/ရင်ခေါင်းအောင့်ခြင်း/အလွန်အမင်း လေချဉ်တက်ခြင်း/အစာစားပြီးနှင့်ဗိုက်ဆာသောအခါ ဗိုက်နာခြင်း/အလွန်အမင်းလေချုပ်ဝမ်းချုပ်ခြင်း/မကြာခဏဝမ်းလျောခြင်း/ဝမ်းချုပ်လိုက် လျောလိုက် ဖြစ်ခြင်း/ဝမ်းထဲတွင်သွေးနှင့်အကျိအချွဲများ မကြာခဏ ပါတတ်ခြင်း/ ဝမ်းသွားပြီးသော်လည်း ဝမ်းကျန်သကဲ့သို့ ခံစားရခြင်း)
(၄) စအိုနှင့် ဝမ်းလမ်းကြောင်း ပြဿနာများ ( စအိုနာခြင်း ကွဲခြင်း အသားတစ် ထွက်ခြင်း သွေးပါခြင်း/ စအိုဘေးတွင် အနာရှိခြင်း အပေါက်ရှိခြင်း)
(၅) ဆီးလမ်းကြောင်း ပြဿနာများ ( ခါးနာခါးအောင့်ခြင်း/ဆီးလမ်းကြောင်းတလျှောက် နာခြင်း ကျဉ်ခြင်း/ဆီးသွားရခက်ခြင်း/ဆီးသွားပြီးလျင် ဆီးကျန်ခြင်း အားမရခြင်း/ဆီးမထိန်းနိုင်ခြင်း/ဆီးမကြာခဏသွားခြင်း)
(၆) ရင်သား ပြဿနာများ(အလုံးအကျိတ်နှင့် ရင်သားနာခြင်း ပုံမှန်မဟုတ်သော သွေးနှင့်ပြည်ထွက်ခြင်း)
(၇) အသည်း သည်းခြေလမ်းကြောင်းနှင့် ပန်ကရိယ/မုန့်ချိုအိတ်ဆိုင်ရာ ရောဂါများ( သည်းခြေအိတ်ကျောက်တည်၊ အသည်း ကင်ဆာ၊ မုန့်ချိုအိတ်ရောင်)
(၈) နှလုံးခွဲစိတ်ခြင်း နှင့်ဆိုင်သောရောဂါ နှင့် သွေးကြော ရောဂါများ(သွေးကြောထုံးခြင်း၊ သွေးကြောပိတ်ခြင်း)
အထက်ပါရောဂါလက္ခဏာများ တွေ့ကြုံခံစားနေရပါက ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသမှုခံယူရန် လိုအပ်ပါသည်။
တယ်လီကျန်းမာ၏ အထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာပြသ၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံသို့ စနစ်တကျလွှဲပြောင်းကုသမှု ခံယူနိုင်ပါသည်။
ပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ…
တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
Ministry of Health,
National Unity Government.
Published on: 16 November 2021
Last Updated: 16 November 2021