” ဘဝရဲ့အမည်းစက်များ (Stigma) “

” ဘဝရဲ့အမည်းစက်များ (Stigma) “

Stigma ဆိုတာ ဂရိစကားလုံးတစ်ခုဖြစ်ပြီး အမှတ်အသားလုပ် တံဆိပ်ကပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်

ခဲရာခဲဆစ်ဘာသာပြန်ရရင် “ တစ်ဦးတစ်ယောက်ရဲ့ ဘဝအမည်းစက်ကြောင့် ခွဲခြားဆက်ဆံခံရခြင်း “လို့လည်း အကျယ်ချဲ့ ဘာသာပြန်လို့ ရပါတယ်

အထူးသဖြင့် အပြစ်သားတွေလို အရှက်ခွဲနှိမ့်ချတာ ၊ လူ့အဖွဲ့အစည်းက ရှောင်ကြဉ်ကြတာတွေလုပ်ဖို့ “လူဆိုး” ဆိုတဲ့ သင်္ကေတအမှတ်အသား တပ်ခံရတာပါ

..

..

မဆီမဆိုင် ဘဝမှာ အမည်းစက် တပ်ခံရပုံ (Stigmatization) အဆင့် ၃ ဆင့် ရှိပါသတဲ့…

အဆင့် ၁ – တစ်ဦးတစ်ယောက်ဟာ ရုပ်ရည် (ဒါမှမဟုတ်) အပြုအမူကြောင့် အများနဲ့မတူသောသူလို့ စတင်သတ်မှတ်ခံရတာ

အဆင့် ၂ – အဲ့အပေါ်အခြေခံပြီး လူ့အသိုင်းအဝန်းက လွဲမှားတဲ့ အယူအဆတွေ ၊ ယုံကြည်မှုတွေ တစ်စတစ်စ ကြီးထွား ပေါ်ပေါက်လာတာ

အဆင့် ၃ – လူ့ဘောင်အဖွဲ့အစည်းကနေ ကြဉ်ထုတ်ရမယ်ဆိုပြီး တံဆိပ်ကပ်ခံရသူတွေကို (ဖိနှိပ်မိမှန်းမသိ) နှိမ်ချဆက်ဆံပြီး အနိုင်ယူလာကြတာတို့ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်ရော တခြားသူအပေါ် (မသိလိုက်ဘဲ) ခွဲခြားနှိမ်ချတဲ့စကားလုံးတွေ သုံးမိနေလား…?

ဆန်းစစ်ကြည့်ရအောင်နော်…

• အရှည်ကြီး ၊ ဂျပု ၊ ဖက်တီးပုတ် ၊ ငါးဖောင်ရိုး ၊ သွားခေါ ၊ မျက်ပြူး…. ဒီလိုမျိုး သူများနဲ့မတူတဲ့ ပုံပန်းသွင်ပြင်တွေပေါ်မူတည်ပြီး ခေါ်မိနေလား

• ဘာသာရေး ၊ လူမျိုးရေး ၊ အသားအရောင်နဲ့ လိင်စိတ်တိမ်းညွတ်တာတွေကို လိုက်ပြီး အပြောင်အပျက် သုံးနှုန်းခေါ်ဝေါ်တာတွေ ရှိလား ( ကုလား ၊ အခြောက်မ )

• ဉာဏ်ရည်ပုံမှန်မဖွံ့ဖြိုးတဲ့ ကလေးငယ် (ဒါမှမဟုတ်) စိတ်ကျန်းမာရေး မကောင်းတဲ့သူကို ပြားကိုးဆယ် ၊ အရူး ၊ ကျပ်မပြည့်တဲ့သူ…. ဒီလိုစကားလုံးတွေ သုံးပြီး နှိမ်ချမိနေပြီလား

• HIV/ AIDS ရောဂါသည်တွေကို “အေကိုက်နေတာ.. ” ဆိုတာမျိုးရော ပြောမိသေးလား

..

..

အခုလို ပုံပန်းသွင်ပြင်သာမက…

ကျန်းမာရေးမကောင်းတဲ့အပေါ်…ရောဂါဖြစ်တဲ့အပေါ် မှာလည်း Stigma ဆိုတဲ့ အမည်းစက် လွှမ်းမိုးတာကြီး အနည်းနဲ့အများ ရှိနေပါတယ်ဆို ယုံကြပါ့မလား ?

တစ်ချိန်က HIV / AIDS ရောဂါသည်တွေကို မတရား နှိမ်ကြတာပေါ့….

ဒါပေမယ့်….ကုရာနတ္ထိဆေးမရှိလို့ ပြောခဲ့တဲ့ HIV/AIDS ရောဂါကို မကူးစက်အောင်ကာကွယ်နည်းတွေနဲ့ ရောဂါပိုးလျော့ချပေးတဲ့ ကုသနည်းတွေ ပေါ်လာတဲ့အခါ လူတွေရဲ့ အမြင်လည်း ကျယ်လာကြပြီး…ရှိရင်းစွဲ အမည်းစက်တွေလည်း အတော်လေး မှေးမှိန်လာပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာကတော့….. ခေတ်မီ ဆေးဝါးတွေ ကုထုံးတွေ ဘယ်လိုပဲပေါ်လာပေါ်လာ ပဟေဠိဆန်ပြီး လေ့လာနေရဆဲဖြစ်တဲ့ “စိတ်ရောဂါ” တွေအတွက်တော့ အမည်းစက်ဟာ မှိန်သင့်သလောက်မမှိန်သေးတာကို တွေ့ရပါတယ်။

ဘာသာရေးအယူအဆတွေအပါအဝင် ရှေးရိုးစွဲ အယူအဆတွေကြောင့် စိတ်ဝေဒနာသည်တွေကို အမြင်မှား အထင်မှားတာတွေလည်း ရှိပါတယ်…

ဒါ့ကြောင့် စိတ်ကျန်းမာရေးဆေးရုံတွေမှာ…

“စိတ်ဝေဒနာတွေဟာ ဝဋ်နာကံနာမဟုတ်ပါ” လို့ ထင်ထင်ရှားရှား ရေးထားရတဲ့အထိပါပဲ။

စိတ်ရောဂါတစ်ခုခုဖြစ်လို့ ဆေးသောက်နေရသူတစ်ဦးကို…

“မင်းခံစားနေရတာတွေအားလုံးက မင်းစိတ်ကဖြစ်နေတာပါ… မင်း စိတ်ကို မင်းနိုင်အောင်လုပ်နိုင်ရင် အဆင်ပြေပြီ ၊ ဆေးမလိုလောက်ပါဘူးကွာ” လို့ ပြောတာဟာ အားပေးရာမရောက်တဲ့အပြင် ဝေဒနာခံစားနေရသူကို “မင်းအပိုတွေလုပ်နေတာပါ” လို့ ပြောချလိုက်သလိုပါပဲ

ဒီလိုမျိုး လူတစ်ဦးရဲ့အားနည်းချက်ကို နားမလည်ဘဲ ပြောလိုက်တာကြောင့် စိတ်ရောဂါခံစားနေရသူခမျာ အကူအညီတောင်းဖို့ တွန့်ဆုတ်သွားမယ် ။ ရင်ဖွင့်စရာ နားခိုစရာ တိုင်ပင်စရာနေရာ ပျောက်သွားပြီး တစ်ယောက်ထဲ ကြိတ်ခံစားရကာ ရောဂါပိုလို့ ဆိုးလာနိုင်တယ်ဆိုတာကို သတိထားဆင်ခြင်ပေးကြပါနော်

စိတ်ကျန်းမာရေးကို အမည်းစက်သဖွယ် မြင်နေကြတဲ့ လူတွေရဲ့အမြင်ကို အလုံးစုံဖျောက်ဖျက်ဖို့ တိကျတဲ့ အဖြေမရှိသေးပေမယ့်…..တစ်ချိန်က Stigma အရမ်းများခဲ့တဲ့ HIV/AIDS ရောဂါဟာ အခု ၂၁ ရာစုမှာ ခွဲခြားခံရတာတွေ လျော့ပါးလာအောင် စွမ်းနိုင်ခဲ့တာကို အတုယူကြရပါမယ်။

စိတ်ရောဂါနဲ့ပတ်သတ်ပြီး လူထုရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးဖို့ ၊ လူထုရဲ့ မျက်စိပြတင်းတံခါးကိုဖွင့်ပေးဖို့ လိုပါတယ်လို့ ပြောပါရစေ…

..

..

ဒီစာလေးဖတ်ပြီးတဲ့အခါ…

(၁) ကိုယ့်အမြင်ရော ကိုယ့်ဘေးမှာရှိတဲ့သူတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာအမြင်တွေကိုပါ ပြောင်းပေးပါ

– စိတ်ရောဂါတွေဟာ ဝဋ်နာကံနာမဟုတ်ပါ

– မျိုးရိုးလိုက်တတ်ပေမယ့် ကူးစက်ရောဂါအမျိုးအစား မဟုတ်ပါ

– စိတ်ရောဂါကုထုံးတွေ ၊ ခေတ်မီဆေးဝါးတွေ အများကြီးပေါ်လာပါပြီ

(၂) စိတ်ဝေဒနာခံစားနေရသူတွေကို ကူညီဖေးမပါ အားပေးပါ။ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလာတဲ့အခါ လေးစားပါ နားထောင်ပေးပါ။

(၃) စိတ်ရောဂါဟာ သာမာန်ရောဂါတွေလိုပဲ မကူးစက်တတ်တဲ့ရောဂါဆိုတာကို မျှဝေပေးပါနော်

ကိုယ်တိုင်လည်း စိတ်ကျန်းမာရေး ထိခိုက်လာပြီလို့ ယူဆရင်…

! စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီရယူဖို့ ၀န်မလေးပါနဲ့

! စိတ်ခံစားချက်တွေကို ချစ်ရသူတွေဆီ ရင်ဖွင့်ပါ

! လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးပညာရှင် (Counsellors)၊ စိတ်ပညာရှင် (Psychologist)၊ စိတ်ကျန်းမာဆရာဝန် (Psychiatrist) များနဲ့ လက်လှမ်းမီသလို ဆွေးနွေးပြသ ကုသမှုခံယူပါ

! မျက်နှာက အရေးအကြောင်းတွေကို ဂရုစိုက်သလို ကိုယ့်စိတ်လေး ကျန်းမာအောင်လည်း ဂုဏ်ယူဝင့်ကြွားစွာ ဂရုစိုက်ပေးပါ

..

..

💖 အသဲနှလုံးကလာတဲ့ ချိုသာတဲ့ ပန်းစကားလေးတွေပြောကြရင်း လူတစ်ယောက်ကို အမည်းစက် (Stigma) သတ်မှတ်မိမယ့် စကားလုံးမျိုးတွေရှောင်ရှားကြရအောင်ပါလို့ တိုက်တွန်းရင်း……

❤️ ချစ်တဲ့…တယ်လီကျန်းမာ ❤️

References 📚

📎Oxford Handbook of Psychiatry, Fourth Edition; Thinking about Psychiatry, Stigma pg-24

Ministry of Health,

National Unity Government.

Published on: 30 December 2022
Last Updated: 30 December 2022