Stroke (လေဖြတ်ခြင်း အပိုင်း(၁) ) ( August, 2022 )

ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်…

အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး…အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။

တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း…..
https://www.facebook.com/Tele-Physiotherapy-102788082130988/

———————-။ ။———————–

လေဖြတ်ခြင်း အပိုင်း(၁) ( Stroke ) ( August, 2022 )

💡လေဖြတ်တယ်ဆိုတာဘာလဲ?

လေဖြတ်တယ်ဆိုတာ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုခုဆီကို သွေးစီးဆင်းမှုအနှောက်ယှက်ဖြစ်သွားတဲ့အခါ ၊ လျော့နည်းသွားတဲ့အခါနဲ့ သွေးစီးဆင်းမှုလုံးဝပိတ်ဆို့သွားတဲ့အခါ (ဒါမှမဟုတ်) သွေးကြောလေးတွေ ပေါက်သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။အဲ့လိုဖြစ်တဲ့အခါမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းလေးဟာ လုံလောက်တဲ့အောက်စီဂျင်နဲ့အာဟာရတွေ မရရှိတော့ပါဘူး။ အဲ့ဒီနောက်မှာတော့ ဦးနှောက်ဆဲလ်များ စတင်သေဆုံးလာနိုင်ပါတယ်

🗣လေဖြတ်ခြင်းဖြစ်စေနိုင်သောအမျိုးအစားများ

1. Ischemic stroke (သွေးကြောပိတ်လေဖြတ်ခြင်း)

2. Hemorrhagic stroke (သွေးကြောပေါက်လေဖြတ်ခြင်း)

3. Transient Ischemic attack (လေဖြန်းခြင်း)

(1) Ischemic stroke (သွေးကြောပိတ်လေဖြတ်ခြင်း) ဆိုတာ ဦးနှောက်ကိုထောက်ပံ့ပေးတဲ့သွေးတွေ သွေးကြောတွေထဲမှာ ပိတ်ဆို့နေခြင်း၊ သွေးကြောတွေ ကျဥ်းမြောင်းလာခြင်းနဲ့ သွေးခဲခြင်းများကြောင့်ဖြတ်တတ်ပါတယ်။ ဦးနှောက်သွေးကြောတွေထဲမှာ သွေးခဲခြင်းဖြစ်နိုင်သလို ခန္ဓာကိုယ်ထဲမှာရှိတဲ့တခြားသွေးကြောတွေထဲမှာ ခဲပြီးမှ ဦးနှောက်ဆီကိုရောက်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။သွေးခဲတွေဟာ သွေးလွှတ်ကြောအတွင်းမှာ အဆီဓာတ်များအနည်ကျပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

(2) Hemorrhagic stroke (သွေးကြောပေါက်လေဖြတ်ခြင်း) ဆိုတာ ဦးနှောက်အတွင်းထဲကသွေးကြောပေါက်သွားခြင်း(သို့မဟုတ်) ယိုစိမ့်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ ယို့စိမ့်သွားတဲ့သွေးတွေဟာ ဦးနှောက်ဆဲလ်တွေကိုဖိအားပေးပြီးနောက် ပျက်စီးစေပါတယ်။ သွေးကြောပေါက်ခြင်းဟာ သွေးတိုးရှိခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ သွေးကျဲဆေးများသောက်သုံးခြင်းနဲ့ သွေးကြောဖောင်းခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဦးနှောက်သွေးကြောပေါက်တဲ့ထဲမှာ…
Intracerebral hemorrhage(ဦးနှောက်တွင်းသွေးယိုခြင်း)ဟာ အဖြစ်အများဆုံးပုံစံဖြစ်ပြီး ၊ ဦးနှောက်သွေးကြောပေါက်သွားပြီးနောက် ဦးနှောက်တစ်သျူးတွေဟာ သွေးတွေနဲ့ပြည့်သွားရင် ဖြစ်တတ်ပါတယ်။

Subarachnoid hemorrhage(ဦးနှောက်အမြှေးပါးအောက်သွေးယိုခြင်း)ကတော့ အဖြစ်နည်းတဲ့သွေးယိုခြင်းပုံစံဖြစ်ပါတယ်။ ဒီအခြေနေမှာတော့ သွေးယိုခြင်းဟာ ဦးနှောက်နဲ့ သူ့ကိုအုပ်ပေးထားတဲ့ပါးလွှာတဲ့တစ်ရှုးကြားထဲမှာ ဖြစ်တတ်ပါတယ်။

(3) Transient Ischemic attack (လေဖြန်းခြင်း) ဆိုတာကတော့ ရုတ်တရက် ဦးနှောက်ဆီကိုခဏတာသွေးမရောက်ရှိတာကြောင့်ဖြစ်တဲ့ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ သူဟာသွေးခဲခြင်းကြောင့်ဖြစ်ပွားတဲ့ သွေးကြောပိတ်လေဖြတ်ခြင်းနဲ့ ဆင်တူပါတယ်။

လေဖြန်းခြင်းဟာ သွေးကြောခဏတာပိတ်တယ်ဆိုပေမဲ့ အရေးပေါ်ကိစ္စတစ်ခုလိုပဲ မှတ်ယူရပါမယ်။ နောင်တချိန်မှာ လေဖြတ်နိုင်ချေရှိကြောင်း ကြိုတင်သတိပေးလက္ခဏာတစ်ခုဖြစ်ပြီး တစ်စိတ်တစ်ပိုင်းပိတ်မိနေတဲ့ သွေးကြောရှိနေကြောင်း (သို့မဟုတ်) နှလုံးထဲမှာ သွေးခဲတစ်ခုခုပိတ်မိနေကြောင်း ဖော်ပြပါတယ်။လေဖြန်းခြင်းဖြစ်ဖူးသူများရဲ့ သုံးပုံတစ်ပုံခန့်ဟာ တစ်နှစ်အတွင်းကုသမှုမခံယူလျှင် လေဖြတ်နိုင်တယ်လို့သိရပါတယ်။ ၁၀-၁၅ %၀န်းကျင်သူတွေမှာလေဖြန်းပြီး၃လအတွင်း လေဖြတ်နိုင်တယ်လို့လည်းသိရပါတယ်။

💢လေဖြတ်ခြင်း​၏ရောဂါလက္ခဏာများ

– စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ စကားများကိုနားလည်ရန်ခက်ခဲခြင်း

– ခေါင်းကိုက်ခြင်း၊ စိတ်အခြေအနေပြောင်းလဲလာခြင်း၊ အော့အန်ခြင်း

– ထုံထိုင်းခြင်း၊ ခန္ဓာကိုယ်တစ်ဖက်ထဲရှိမျက်နှာ၊ လက်၊ ခြေထောက်များလှုပ်ရှားမရခြင်း

– မျက်စိတစ်ဖက်(သို့မဟုတ်)နှစ်ဖက်လုံး အမြင်အာရုံမကောင်းခြင်း

– လမ်းလျှောက်ရန်ခက်ခဲခြင်း၊ မူးဝေခြင်း၊ ထိန်းချုပ်နိုင်မှုမရှိခြင်း

⭐️ လေဖြတ်ခြင်းဟာ ရေရှည်ထိဖြစ်သွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ လေဖြတ်ပြီးနောက် မသန်စွမ်းခြင်းဟာ ယာယီ(သို့မဟုတ်) အမြဲတမ်းဖြစ်မလားဆိုတာ အချိန်မီရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းအပေါ်မူတည်ပါတယ်။

တချို့သူတွေမှာ ဒီလိုအခြေနေတွေလည်းတွေ့နိုင်ပါသေးတယ်

– ဆီးနဲ့ဝမ်းထိန်းချုပ်ရာတွင် အခက်ခဲရှိခြင်း

– စိတ်ဓာတ်ကျခြင်း

– ခန္ဓာကိုယ်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး တုံ့ဆိုင်းခြင်း၊ အားနည်းခြင်း

– စိတ်ခံစားချက်များကို ထိန်းချုပ်ခြင်းနဲ့ဖော်ပြခြင်းတွင် ခက်ခဲနေခြင်း

💥ဘယ်လိုလူတွေမှာပိုဖြစ်နိုင်လဲ?

– အဝလွန်ခြင်း

– အသက်(၅၅)နှစ်နှင့်အထက်များ

– မိသားစုဝင်ထဲတွင် လေဖြတ်ရာဇဝင်ရှိခြင်း

– သွေးတိုးရောဂါရှိခြင်း

– ဆီးချိုရောဂါရှိခြင်း

– သွေးတွင်းအဆီဓာတ်များခြင်း

– နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါရှိခြင်း

– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

– အရက်အလွန်အကျွံသောက်သုံးခြင်း

– ဆေးလိပ်သောက်ခြင်း

– မူးရစ်ဆေးများသုံးစွဲခြင်း

🔎ရောဂါရှိမရှိဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ?

– လေဖြတ်ခြင်းဟုတ်မဟုတ်ကို လူနာအားရောဂါရာဇဝင်မေးမြန်းပြီး အထွေထွေကျန်းမာရေးစစ်ဆေးခြင်း

– သွေးတွင်းရှိသကြားဓာတ်နဲ့သွေးခဲချိန်ကိုစစ်ဆေးခြင်း

– CT Scan

– MRI Scan

– Carotid ultrasound ( လည်ပင်းသွေးကြော အာထရာဆောင်း )

– Cerebral Angiogram ( ဦးနှောက်တွင်းရှိသွေးကြောများစစ်ဆေးခြင်း )

– Echocardiogram (နှလုံးအတွင်းသွေးခဲခြင်းရှိမရှိစစ်ဆေးခြင်း) စသည်တို့ဖြင့်ရှာဖွေနိုင်ပါတယ်

🤚ဘယ်လိုကြိုတင်ကာကွယ်ရမလဲ?

– အာဟာရရှိပြီး ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာများ စားသုံးပေးပါ

– ကိုယ်အလေးချိန်ထိန်းပါ

– လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ

– ဆေးလိပ်ဖြတ်ပါ

– အရက်လျော့သောက်ပါ

– သွေးတွင်းအဆီနည်းအောင်နေပါ

– သွေးတိုးထိန်းပါ

– ဆီးချိုထိန်းပါ

– နှလုံးရောဂါရှိပါကကုသမှုခံယူပါ

⏰လေဖြတ်ခြင်းကိုအချိန်မီသိရှိစေရန် F.A.S.T ဆိုပြီးအတိုကောက်အလွယ်တကူမှတ်ထားနိုင်ပါတယ်

F- Face dropping (မျက်နှာပြုံးပြီး ပါးရွဲ့ခြင်းရှိမရှိစစ်ဆေးပါ)

A- Arm weakness (လက်နှစ်ဖက်ကိုရှေ့ထုတ်ပြီး ဆန့်ကြည့်ပါ၊ အားပျော့ပြီးမဆန့်နိုင်တဲ့လက်ရှိ/မရှိစစ်ဆေးပါ)

S- Speech difficulty (စကားပြောကြည့်ပြီး စကားလေးတာ၊ ဝါးတာရှိမရှိစစ်ဆေးပါ)

T- Time to call 911 ( အပေါ်ကအချက်တွေရှိနေပြီဆိုရင်တော့ ဆေးရုံကားအချိန်မီခေါ်ပြီး ချက်ချင်းသွားရောက်ကုသရန်လိုအပ်ပါတယ်)

Reference 📚
https://www.medicalnewstoday.com/articles/7624#causes

လေ့ကျင့်ခန်းလေးတွေပါဝင်တဲ့ အပိုင်း (၂)ကို မကြာခင် တင်ဆက်ပေးသွားပါမယ်နော်….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ
ည၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 14 August 2022
Last Updated: 14 August 2022