🙏 ဆုတောင်းတွေပြည့်မဲ့ ၂၀၂၂ 🙏
၂၀၂၂ ခုနှစ် နှစ်သစ်ကိုကြိုဆိုရင်း ပြည်သူလူထုကြီးတစ်ရပ်လုံး လိုရာဆန္ဒတွေပြည့်စုံကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ၊ ကြုံနေရတဲ့ ကပ်ဘေးအပေါင်းမှ အမြန်ဆုံးလွန်မြောက် နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
👉 အိုမိုင်ခရွန်လှိုင်း (Omicron Wave)
COVID-19 ကပ်ရောဂါရဲ့ တတိယနှစ်ထဲ ရောက်ခဲ့တဲ့အချိန်မှာ မျိုးရိုးဗီဇအဆင့်ဆင့် ပြောင်းလဲပြီး Omicron variant ဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံနိုင်မှု မျှမျှတတ မရသရွေ့ COVID-19 ရောဂါဗိုင်းရပ်စ်ပိုးက အသွင်အမျိုးမျိုးပြောင်းလဲပြီး လူသားများကို စိန်ခေါ်နေဦးမှာ ဖြစ်ပါတယ်။ လက်ရှိကာကွယ်ဆေးတွေက Omicron variant ကို ဘယ်လောက်ကာကွယ်ပေး နိုင်မလဲ၊ ထိန်းချုပ်နိုင်မလဲ၊ လက်ရှိကုထုံးနဲ့ ဆေးတွေက ဘယ်လောက်အစွမ်းထက်ဦးမလဲ၊ ယခင်မျိုးကွဲတွေထက် ဘယ်လောက်ရောဂါပြင်းထန်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
မကြာမီကြုံတွေ့ကြရမဲ့ Omicron variant လှိုင်းကို ယခုအခြေအနေမှာ ရှောင်လွှဲဖို့ ခက်ခဲတာကြောင့် ကြိုတင်ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ ပြန့်ပွားမှုကို အချိန်ဆွဲ (Flattening the curve) နိုင်ဖို့ အမြန်ဆုံးပြင်ဆင်ရမှာဖြစ်ပါတယ်။
Omicron variant က ကူးစက်နှုန်း သိပ်မြန်တယ်။ ရောက်လာပြီဆိုတာနဲ့ တောမီးလိုပဲ ဒီနေ့ဖြစ်နှုန်းထက် နောက်နေ့ဖြစ်နှုန်းက (၂) ဆ ကနေ (၃) ဆ အထိကို အံ့ဩစရာကောင်း လောက်အောင် ခုန်တက်တယ်။ ဆူနာမီလှိုင်းကြီးလိုပဲ။ ကြည့်နေရင်းနဲ့ လူတွေအများကြီး အချိန်တိုအတွင်းမှာ ကူးစက်ခံကြရတယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ပထမဆုံး Omicron variant လူနာတွေ့ပြီလို့ကြေညာပြီး အမေရိကန်နိုင်ငံမှာ တစ်ရက်ကို လူ (၁) သန်း ကူးစက်မှုရှိတယ်။ Delta variant က ရောဂါထိတွေ့ပြီး ပျမ်းမျှ (၅) ရက်လောက်မှာ ရောဂါ လက္ခဏာ စပေါ်ပြီး၊ Omicron က (၂) ရက်လောက်စောပြီး ရောဂါလက္ခဏာပေါ်တဲ့အတွက်ကြောင့် ရောဂါဖြစ်ပွားနှုန်းရဲ့ အမြင့်ဆုံးအချိန်ကို အရင်လှိုင်းတွေထက် ရောက်တာမြန်တယ်။ ရောဂါမပြင်းထန်ဘူးပြောပေမဲ့ စဖြစ်ပြီဆိုရင် ရောဂါကူးစက်ခံရတဲ့ လူနာလှိုင်းကြီးက ဆေးရုံ၊ ဆေးခန်းတွေပါမကျန် ရပ်ကွက်ကျေးရွာတွေအဆုံး အရှိန်နဲ့ ရိုက်ခတ်လာမှာ စိုးရိမ်မိပါတယ်။
အရင်ရောဂါဖြစ်ပြီးသားသူတွေနဲ့ ကာကွယ်ဆေးထိုးထားပြီးသား လူတွေလည်း ပြန်ဖြစ်နေကြတော့ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ ပညာရှင်များအားလုံး ရောဂါကာကွယ်ထိန်းချုပ်မှု နည်းစနစ်တွေကို ပိုမိုသတိထားပြီး ဆောင်ရွက်ကြဖို့လိုပါတယ်။
👉 ကံကောင်းနိုင်မလား
အသေအချာပြောဖို့ စောနေသေးပေမဲ့ အခုအချိန်ထိ ပညာရှင်တွေ သတိပြုမိတာကတော့ Omicron variant ဟာ ရာသီတုပ်ကွေးလိုပဲ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းဘက်မှာပဲ ရောဂါဖြစ်စေတာများတယ်။ အသက်ရှူလမ်းကြောင်းရဲ့ အောက်ပိုင်းဘက် (အဆုတ်) ကို ရောဂါပိုးက သိပ်မထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။ ရပ်ရွာတွေထဲမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတဲ့သူတွေ အများကြီးတွေ့လာနိုင်ပါတယ်။
ရောဂါပြန့်ပွားမှုအခြေအနေကို အစဉ်မပြတ် အထူးစောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Surveillance, data analysis, and monitoring)
ဒီကပ်ကြီးက တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့အတွက် ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူလူထု၊ ပုဂ္ဂလိကလုပ်ငန်း၊ ပရဟိတလုပ်ငန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး ချိတ်ဆက်ကာ ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝေမျှပြီး ရောဂါပြန့်ပွားမှုကို စောင့်ကြည့်ထိန်းချုပ်ရန် လိုအပ်ပါတယ်။
👉 ပိုးတွေ့ရှိခြင်းနှင့် ပိုးကြောင့်နာမကျန်းဖြစ်ခြင်း (Infection vs Illness)
ဆေးရုံတွေထဲ ရောဂါပိုးတွေ့ရှိသူတွေ များလာတဲ့အထဲမှာ COVID-19 ရောဂါကြောင့် ဆေးရုံတက်၊ ကုသခံရတာထက်စာရင် တခြားအကြောင်းကြောင့် ဆေးရုံတက်ရပြီး COVID-19 ရောဂါပိုးကို ပုံမှန်အတိုင်း စစ်ကြည့်လို့ ပိုးတွေ့ရှိရသူတွေက ပိုများနေတာ တွေ့လာကြရတယ်။ (Infection) ရောဂါပိုးတွေ့ရှိသူနဲ့ (Illness) ရောဂါဖြစ်လို့ နာမကျန်းဖြစ်သူဟာ ကွာခြားတယ်ဆိုတဲ့ ပိုးမွှားရောဂါဗေဒရဲ့ သဘောကို သတိထားကြည့်စေချင်ပါတယ်။
👉 တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးလုပ်သားများရှားပါးမှု (Workforce)
COVID-19 ရောဂါ ကူးစက်မှုလှိုင်းတွေကြားထဲမှာ ကျန်းမာရေးဝန်ထမ်းတွေထဲမှာလည်း ပိုးကူးစက်ခံရတဲ့သူတွေ များလာနိုင်ပါတယ်။ ရပ်ရွာအတွင်းနဲ့ နေအိမ်တွေကတစ်ဆင့် ကူးစက်တာဖြစ်နိုင်သလို၊ လူနာတွေထံမှ ကူးစက်တာလည်းဖြစ်နိုင်ပါတယ်။ ချက်ချင်းပြန်လည်မွေးထုတ်လို့မရတဲ့ တန်ဖိုးရှိလှတဲ့ ကျန်းမာရေးပညာရှင်တွေကို အတတ်နိုင်ဆုံး ကာကွယ်ကြရပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်အားထုကြီးကို စောင့်ရှောက်ဖို့က အလွန်အရေးကြီးပါတယ်။
👉 ရောဂါထိန်းချုပ်မှုအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာ အထောက်အပံ့များ မလုံလောက်မှု (Supply Chain Problem)
အဲလိုအချိန်မျိုးမှာ ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ အသုံးပြုဖို့အတွက် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်း (Personal Protective Equipment, PPE)၊ ပါးစပ်နှင့် နှာခေါင်းစည်း (Both Isolation Mask and N95)၊ မျက်နှာအကာ (Face shields) မျက်လုံးအကာ (Goggles) စတာတွေလည်း အဆပေါင်းများစွာ ပိုလိုလာပါမယ်။ ဒါကြောင့် ဘယ်လိုနေရာမှာ ဘယ်လိုကာကွယ်ရေးကိရိယာတွေကို သုံးသင့်တယ်၊ လူတိုင်းကို ရောဂါပိုးရှိ၊ မရှိ မစစ်နိုင်တဲ့အခြေအနေကြောင့် ဘယ်လိုလူနာမျိုးကို စစ်ဆေးမယ်၊ မစစ်ဆေးဘူးဆိုတဲ့ မူဝါဒတွေကို စနစ်တကျ ရေးဆွဲလာကြရပါတယ်။
👉 နေရာအနှံ့ထိခိုက်ပြီး အကျိုးဆက်ခံရခြင်း (Disruption everywhere)
ပြည်သူတွေ အများအပြားမှာလည်း တစ်ပြိုင်တည်း ပိုးတွေ့၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ဖျားနာသူတွေ များလာလို့ ပိုးတွေ့သမျှ၊ ရောဂါလက္ခဏာရှိသူတိုင်း ဆေးရုံသွားမယ်ဆိုရင် ကျန်းမာရေးမဏ္ဍိုင်ကြီးတစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။ ဖုန်းဆက်အကြောင်းကြားရမဲ့ အခြေအနေ၊ ဆေးရုံလာသင့်တဲ့ အခြေအနေနဲ့ ပြင်ပမှာပဲ ကုသမှုခံသင့်တဲ့အခြေအနေ စတာတွေကို ပညာပေးလမ်းညွှန်မှုတွေ ဆောင်ရွက်ပေးကြရပါတယ်။
👉 Omicron လှိုင်းပြီးသွားရင် ဒီကပ်ကြီးပြီးသွားပြီလား (Is this the end of pandemic?/ Pandemic to Endemic)
ဒါကတော့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ မေးခွန်းပါ၊ COVID-19 ရောဂါပိုး ဒီကမ္ဘာကြီးက လုံးဝ အပြီးထွက်သွားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက် ဖြစ်ပွားနေနိုင်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံနိုင်နှုန်းနည်းတဲ့ နေရာတွေနဲ့ အချို့သော နေရာဒေသတွေမှာ လူအစုလိုက် ရောဂါဖြစ်သူတွေ တွေ့နေရမယ် (Endemic) လို့ ယူဆရပါတယ်။ အခုလို ရောဂါလှိုင်းကြီးတွေအနေနဲ့ မလာတော့ဘူး။ ရောဂါကူးစက်ခံရတဲ့ လူနာများအတွက်လည်း လိုအပ်တဲ့ဆေးတွေ လုံလုံလောက်လောက်ရှိနေမယ်။ လူနာအရေအတွက်နဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အရေအတွက်၊ ဆေးရုံခုတင် အရေအတွက်၊ ဆေးစစ်မှုကိရိယာ လုံလောက်မှု၊ ကာကွယ်ဆေးရရှိမှုတွေ အမြဲမျှနေမယ်လို့ ဆိုလိုပါတယ်။
၁၉၁၈ ခုနှစ် ကမ္ဘာ့တုပ်ကွေးကပ်ကြီး ပြီးသွားပေမဲ့ ယခုတိုင် နှစ်တိုင်း ရာသီတုပ်ကွေးကို ရင်ဆိုင်နေကြရတာလည်း ဒီသဘောပါပဲ။ တိုင်းပြည်၊ ဒေသ၊ လူစုအလိုက် ဖြစ်ပွားနေတာမျိုးတွေ တွေ့နေရဆဲပါပဲ။ ငှက်ဖျားရောဂါဆိုလည်း အချို့နိုင်ငံတွေမှာ Endemic ဖြစ်နေသေးတယ်လို့ ဆိုနိုင်ပါတယ်။
အိုမိုင်ခရွန်လှိုင်းကြောင့် နောက်မျိုးကွဲတစ်ခုပေါ်လာပြီး ကမ္ဘာ့ကပ်ကြီးပြီးဖို့ ပိုနှေးမသွားဘဲ၊ အသက်ဆုံးရှုံးမှုအနည်းဆုံးနဲ့ ကမ္ဘာကပ်ကြီးပြီးဖို့ ပိုနီးသွားပါစေလို့ ဆုတောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၁ ခုနှစ်က အခြေအနေတွေကို ပြန်မရောက်ရှိဘူးလို့ ယုံကြည်ပါတယ်။
COVID-19 ရောဂါဗိုင်းရပ်အကြောင်း ပိုမိုနားလည်လာခဲ့ရတဲ့ အသိပညာတွေ၊ ထပ်မံပေါ်ပေါက်လာတဲ့ ကုထုံးတွေ၊ အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေ၊ စနစ်ကျတဲ့ ရောဂါထိန်းချုပ်မှုစနစ်တွေနဲ့အတူ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်သတ္တိ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ စံထားရမဲ့ ဇွဲလုံ့လ၊ ကြီးမားလှတဲ့ စေတနာ၊ စံထားရမဲ့ ဉာဏ်ပညာတွေကြောင့် မကြာမီရောက်ရှိလာနိုင်တဲ့ ကပ်ဘေးမှန်သမျှကို စည်းလုံးညီညွတ်စွာ အတူရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေမိပါကြောင်း…။
ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Published on: 12 January 2022
Last Updated: 12 January 2022