သတ်သေခြင်းက လွတ်မြောက်ရာလမ်း မဟုတ်ပါ (ဆောင်းပါး)
အောက်တိုဘာ ၃၀
“လွတ်မြောက်မယ့်လမ်းတို့၊ ငြိမ်းချမ်းစေမယ့် စိတ်ထွက်ပေါက်တစ်ခုတို့ ၊ လွမ်းမောစရာ ရသစာပေဆန်တာတွေ ၊ ဖြစ်တဲ့နေရာကို အသေးစိတ် ဖော်ပြတာ၊ နည်းလမ်းကို အသေးစိတ် ရေးသားတာ စတာတွေက စိတ်ထိခိုက်စရာတွေ ဖြစ်တတ်သလို မရည်ရွယ်ဘဲ နည်းပေးလမ်းပြ သဘောပါ ဖြစ်သွားတတ် ပါတယ်” ဟု တယ်လီကျန်းမာမှ စိတ်ရောဂါ ကုဆရာဝန်ကြီး တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စီးပွါးရေး၊ ပညာရေးနှင့် လူမှုရေးအခြေအနေများ အဘက်ဘက်မှ ယိုယွင်း ကျဆင်းလားပြီး လူအချို့က သေဆုံးမှုကို လွတ်မြောက်ရာအဖြစ် ပြောဆိုရေးသားဖော်ပြမှုများလည်း များစွာရှိ လာသည်။ ထိုသို့ ရေးသား ပြောဆို နေကြရာတွင် အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ ရည်မှန်းချက်နှင့် မျှော်လင့်ချက် များ ကင်းမဲ့နေသည့် လူငယ်ထုမှာ အများဆုံး ပါဝင်နေသည်။
ယင်းလုပ်ရပ်များကို လူမှုကွန်ရက်စာမျက်နှာ၌ နည်းအမျိုးမျိုးဖြင့် ရေးသားဖော်ပြမှုများ၊ အားပေး ထောက်ခံသည့် ပုံစံ အရေးအသားများရှိနေရာ ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း အထက်ပါ ဆရာဝန်ကြီးက သုံးသပ်ပြောဆိုသည် ။
” Suicide မလုပ်မီ နောက်ဆုံးရေးသားထားသည့် နှုတ်ဆက်စာ၊ သေတမ်းစာ၊ စကားပြော file ၊ video file များ ကိုလည်း လုံးဝမဖော်ပြသင့်ဘူး။ အခု အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတ်သေသူတွေရဲ့ ဖိနပ်ပုံ၊ အိတ်ပုံစသည် တို့ကိုလည်း လူမှုကွန်ရက် စာမျက်နှာမှာ မတင်သင့်ဘူး ” ဟု ၎င်း က ထောက်ပြသည်။
တယ်လီကျန်းမာ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှ ဖြစ်ပြီး စိတ်ကျန်းမာရေး နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်နိုင်သလို အထွေထွေကျန်းမာရေး အတွက်လည်း တိုင်ပင်ဆွေးနွေးနိုင်မည့် အခမဲ့အွန်လိုင်းဆေးခန်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ရန်ကုန်တိုင်း၊ ကမာကြည်တံတားတွင် အမျိုးသမီးငယ် ၁ ဦး အဆုံးစီရင်မှု ဖြစ်ပွါးခဲ့ပြီး နောက် လူမှုကွန်ရက် စာမျက်နှာတွင် ပုံနှင့်စာများကို ရေးသားဖြန့်ဝေမှုများစွာ ရှိခဲ့သည်။
ထိုဖြစ်စဉ်အပြီး နောက်ရက်၌ပင် အဆိုပါ သတ်သေမှုကို Facebook တွင် ဝေမျှထားသည့် မော်လမြိုင်မြို့ခံ လူငယ် တစ်ဦး ကလည်း မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွါးခဲ့ပြန်သည်။ ယင်းဖြစ်ရပ်အပြီး၌ စိတ်ဓါတ် ကျနေသူများ အနေဖြင့် တိုင်ပင်ဆွေးနွေးမှုများ၊ နှစ်သိမ့်ပေးမှုများနှင့် ရင်ဖွင့်ပြောဆိုမှုများ ပြုလုပ်နိုင်ရန် စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့်အဖွဲ့ များ နှင့် လူပုဂ္ဂိုလ်များက လူမှုကွန်ရက်၌ ဖော်ပြလာကြသည်။
သတ်သေမှု ပြုလုပ်သွားသည့် ဖြစ်စဉ်များ၌ သေဆုံးသူ၏ ဓာတ်ပုံ၊ မိသားစုဓာတ်ပုံ၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် ဓါတ်ပုံ ၊ Video ၊ အသံဖိုင်များကို ပြန်လည် ဖော်ပြခြင်း မပြုလုပ်သင့်ကြောင်းလည်း စိတ်ကျန်းမာရေးပညာရှင်များ က သုံးသပ်ထားသည်။
“ဟိုအရင်ကနဲ့မတူ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာ ဟုတ်ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကျပ်တည်းမှု၊ ဖိနှိပ်မှုတွေကြောင့် လူထုအကြား စိတ်ဖိစီးမှု၊ စိတ်မွန်းကျပ်မှုနဲ့ စိတ်ဓာတ် ကျဆင်းမှုတွေ မြင့်တက်လာနေကြောင်း ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ ” ဟု စိတ်ရောဂါကုဆရာဝန်ကြီး တစ်ဦးမှလည်း ပြောပြသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း မိမိကိုယ်ကို သတ်သေမှု ဖြစ်စဉ် ၁၄ မှု ဖြစ်ပွားခဲ့ကြောင်းလည်း မီဒီယာများ၏ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
ကမ္ဘာပေါ်တွင် အသက် (၁၅) နှစ် မှ (၁၉) နှစ်အရွယ် လူငယ်များအတွင်း စတုတ္ထအများဆုံး သေဆုံးရခြင်း အကြောင်း အရင်းမှာ မိမိကိုယ်ကို သတ်သေခြင်းကြောင့်ဖြစ်ပြီး (၇၇) ရာခိုင်နှုန်းသော မိမိကိုယ်ကို တသတ်သေခြင်းများသည် ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းသော နိုင်ငံများတွင် ဖြစ်ပွားမှုရှိကြောင်း NUG ကျန်းမာရေးဝန်ကြီး ဌာနက လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးများ အဖက်ဖက်မှ ယိုယွင်းနေသည့် အခြေ အနေများတွင် မိမိကိုယ်ကို သတ်သေမှုများ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများကို သတိပြု ဆင်ခြင် မိကြပြီး တစ်ဦးနှင့် တစ်ဦး ပံ့ပိုး ကြရန် လိုအပ်ကြောင်းလည်း NUG ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်း ထုတ်ပြန် ထားသည်။
စိတ်ဓာတ်ကျနေသူများကို မိသားစု နှင့် ပတ်ဝန်းကျင်အသိုင်းဝိုင်း သူငယ်ချင်းနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်သူများ က ကူညီ စောင့်ရှောက်ပေးသင့်ပြီး ရင်ဖွင့်ပြောဆိုနိုင်ရန်လည်း အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင့်လည်း ပညာရှင်များက ထောက်ပြ ပြောဆိုထားသည်။
” သတ်သေချင်စိတ်က ဖြစ်မိတယ်။ ဒါပေမဲ့ သတ်သေတာက လွတ်မြောက်မှု တခုမဟုတ်ဘူးလို့ ထင်တယ်။ အဲဒီလို စိတ် ဖြစ်လာရင် သူငယ်ချင်းတွေ၊ မိသားစုဆီ ဖုန်းဆက်တယ်။ ပျော်စရာတွေတွေးတယ်။ သူငယ်ချင်းတွေကလည်း ကူညီပါတယ် ” ဟု အသက် ၂၂ အရွယ် CDM ကျောင်းသား ကိုပြည့် က ပြောသည်။
NLD အစိုးရလက်ထက်က ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ Suicide Policy ဟု ခေါ်သည့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး စီမံချက်ကို လုပ်ဆောင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ ယင်း စီမံချက် အကောင်အထည် မပေါ်မီ စစ်တပ်မှ အာဏာသိမ်းခဲ့ရာ လူထုအတွက် အကျိုးရှိစေမည့် ယင်း စီမံချက်မှာ ရပ်နားထားရသည်။
လက်ရှိအချိန်၌ စိတ်ခွန်အားအထောက်အကူပေးသည့် အဖွဲ့အစည်းများ၏ စောင့်ရှောက်မှုများအနေဖြင့် လက်လှမ်း မီရမည် ဖြစ်သလို သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာများတွင်လည်း သေကြောင်းကြံစည်မှုကို ဖော်ပြသည့် အချိန် စိတ်ပညာ ရှုထောင့်မှ အကြံပြုချက်များကို ဂရုစိုက် လိုက်နာရန်လည်း ပညာရှင်များက ထောက်ပြထားသည်။
” မည်သူမဆို စိတ်ကျန်းမာရေး ဗဟုသုတကိုရှာဖတ်သင့်တယ်၊ social media နဲ့ သတင်းတွေကို ကြည့်ရင်လည်း အပြုသဘော ရှုထောင့်က ကြည့်မယ်။ comment တွေ ရေးရင်လည်း သူတစ်ပါး စိတ်ထိမခိုက်အောင် သတိနဲ့ ဆင်ခြင်မယ်။ ပတ်ဝန်းကျင် ဆွေမျိုးသားချင်းတွေက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ခံစားရတဲ့သူရဲ့ အခြေ အနေကို ထပ်တူ ခံစား နားလည်နိုင်ပြီး အားပေးဖေးမမှု ပေးမယ်။ အပြစ်တင် ဝေဖန်တာ၊ သေးသိမ်အောင်ပြောတာ၊ ငြိုငြင်တာမျိုးတွေ ရှောင်မယ်။ ဒါမျိုးတွေ လုပ်သင့်တယ် ” ဟု စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးမှ အကြံပေးပြော ကြားထားသည်။
လက်ရှိ မြန်မာနိုင်ငံရှိ လူငယ်များမှာ အာဏာသိမ်းကာလ အကြပ်အတည်း အတားအဆီးများ၊ ကိုယ်ရေးကိုယ်တာ ချမှတ်ထားသည့် အစီအစဥ်များ ဖျက်ရခြင်း နည်းလမ်းအသစ်များရှာရခြင်း၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူသည့် နေရာများတွင် စိတ်ဖိစီးမှုများ ကြုံရခြင်း၊ ကြီးမားသည့်ပဋိပက္ခဖြစ်စဉ်များနှင့် ဘေးဆိုးအန္တရာယ် ကျရောက်သည့် ဒဏ်ကို ခံစားနေရပြီး စိတ်အခြေအနေမှာ ကျဆင်းနေကြရသည်။
ထို့ကြောင့် ချစ်ခင်သူများနှင့် အဆက်အသွယ်ပြုလုပ်ကာ ရင်ဖွင့် တိုင်ပင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း၊ အပန်းဖြေ အနားယူခြင်း၊ ဝါသနာပါရာကို လုပ်ဆောင်ခြင်းများ ပြုလုပ်သင့်ပြီး မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရစေရန် သို့မဟုတ် သေကြောင်းကြံစည်ရန် တွေးတောမိနေပါက စိတ်ကျန်းမာရေး အကူအညီ ပေးနေသည့် လူမှုအဖွဲ့အစည်း များနှင့် အမြန်ဆုံးချိတ်ဆက်နိုင်ရန် အရေးကြီးကြောင်း သိရသည်။
“ပြီးတော့ မိမိပတ်ဝန်းကျင်က သူတစ်ယောက် ပြုမူပြောဆိုပုံပြောင်းရင် သူ့မှာ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေရဲ့ လား ဂရုစိုက် ကြည့်ပြီး လိုသလို ဖေးမကူညီရမယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။
လက်ရှိ ပြည်သူ့ စိတ်ကျန်းမာရေး၊ လူမှုပြဿနာတို့အတွက် နှစ်သိမ့်ဆွေးနွေးအကြံပေး ဝန်ဆောင်မှုပေးနေသည့် လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့် တယ်လီကျန်းမာ (https://m.facebook.com/telehealthmm/ )၊ တိုင်ပင်ဖော် (https://www.facebook.com/taingpinphaw )၊ Counselling Corner (https://m.facebook.com/ counsellingcornermyanmar/ )၊ Mental health (https://m.facebook.com/ mentalhealmm/ ) နှင့် အဆင်မပြေလည်းရပါတယ်// It’s Ok not to be Ok (https://m.facebook.com/itsoktonotbeokmmr/ ) စသည်တို့၌ တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
” သတ်သေခြင်းက လွတ်မြောက်ရာလမ်း မဟုတ်ပါဘူး။ အခက်အခဲတွေကို တွန်းလှန် လွန်မြောက်နိုင်စွမ်း ကို ပျိုးထောင်လို့ ရတယ်။ မျှော်လင့်ချက်ဆိုတာလည်း အမြဲရှိတယ်။ လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်တတ်တဲ့ အချိန် အခိုက်အတန့်တွေမှာလည်း နွေးထွေးတဲ့ ခွန်အားတွေ မွေးမြူ စုဆောင်းရင်း ရှေ့ဆက်ကြမယ်။ လိုအပ်တဲ့အခါမှာ လည်း စိတ်ကျန်းမာရေး ကူညီစောင့်ရှောက် ပေးနေတဲ့ အဖွဲ့အစည်းများနဲ့ အမြန်ဆုံးဆက်သွယ်ကြပါ ” ဟု စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံပြောကြားထားသည်။
Credit : Lu Nge Khit
Ministry of Health,
National Unity Government.

Published on: 4 November 2022
Last Updated: 4 November 2022