Teleconsultation ၏ ကောင်းကျိုး ဆိုးကျိုးများ

အွန်လိုင်းဖြင့်ဆွေးနွေးကုသခြင်း (Teleconsultation)……
COVID-19 pandemic ကာလတစ်လျောက် လူနာကုသရေးလုပ်ငန်းစဥ်မှာ အဆိုးထဲက အမြတ်ထွက်လာတယ်လို့ ပြောလို့ရတာကတော့ Teleconsultation တွေကို မြို့ရောနယ်ပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြခြင်းနဲ့ ၊ လူနာနှင့်စောင့်ရှောက်သူမိသားစုဝင်အများစုဟာ Teleconsultation ကို အဆင်ပြေစွာ အသုံးပြုနိုင်ကြခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် မြို့ကြီးများထက် မြန်မာနိုင်ငံ နယ်ဝေးဒေသ သွားလာရန်အခက်အခဲရှိနေသော လူနာများအတွက် Teleconsultation က အထူးအဆင်ပြေစေပါတယ်။ 
Teleconsultation မှတစ်ဆင့် မိမိရောက်ရှိနေရာဒေသ/မိမိအိမ်မှနေ၍ အင်တာနက် အသုံးပြုပြီး ရောဂါနှင့်ပက်သက်သော အကြံဥာဏ်များကို ရယူခြင်း၊ စဥ်ဆက်မပြတ် ကုသစောင့်ရှောက်မှု အကြံဥာဏ်များကို ရယူနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရနိုင်ပါတယ်။

Teleconsultation မှ ရနိုင်သော အကျိုးကျေးဇူးများကတော့  

  • နယ်ရောမြို့ပါ အဝေးရောက်လူနာများစွာ လက်လှမ်းမှီ ကုသမှုရယူနိုင်ခြင်း 
  • မိမိအိမ်မှပင် ဆွေးနွေးမှုရယူနိုင်ခြင်း 
  • မိမိသောက်သုံးနေသောဆေးဝါးများအား စစ်ဆေးစိစစ်နိုင်ခြင်း 
  • လူနာ၏ စောင့်ရှောက်သူမိသားစုဝင်များပါ ဆွေးနွေးမှုတွင်ပါဝင်နိုင်ခြင်း 
  • ဆွေးနွေးမှုပေးသောဆရာဝန်များဘက်မှလည်း လွယ်ကူအဆင်ပြေစွာအကြံဥာဏ်များပေးနိုင်ခြင်း 
  • လူနာ၏စမ်းသပ်မှုအချက်အလက်များ (ဥပမာ – BMI၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ ဆီးပမာဏ) ကို မှတ်တမ်းတင်ထားနိုင်ခြင်း 
  • အချို့သော စမ်းသပ်မှုများအား ဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့် ပြုလုပ်နိုင်ခြင်း (ဥပမာ- General appearance, Mental status, skin pallor, JVP, Edema) 
  • ဆေးရုံ ၊ ဆေးခန်းမှတဆင့် ကူးစက်တတ်သောရောဂါများအား ရှောင်ရှားနိုင်ခြင်း 
  • အချိန်ကုန်သက်သာခြင်း ၊ ခရီးသွားလာစရိတ်သက်သာခြင်း 
  • တစ်ကိုယ်ရည် လုံခြုံမှုရှိစွာ ဆွေးနွေးတိုင်ပင်နိုင်ခြင်း 
  • နည်းပညာအသုံးပြု၍ ကျန်းမာရေးဗဟုသုတ ပညာပေးပိုစတာများ ၊ websiteများကို လူနာအတွက် အသုံးပြုနိုင်ခြင်း 
  • အခမဲ့ ဆွေးနွေးကုသမှု ခံယူနိုင်ခြင်း 
  • အထွေထွေရောဂါကုဆေးခန်းမှတဆင့် အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ကုသမှုခံယူနိုင်ခြင်း…..စသည်တို့ ဖြစ်ပါတယ်

Teleconsultationမှာ ရှိနိုင်သော အခက်အခဲစိန်ခေါ်မှုများကတော့

  • သမားရိုးကျ စမ်းသပ်မှုများဖြစ်တဲ့ ကိုင်တွယ်စမ်းသပ်ခြင်း နှင့် နားကြပ်ဖြင့်စမ်းသပ်ခြင်းများ မပြုလုပ်နိုင်ခြင်း 
  • လူနာများရင်းနှီးကျွမ်းဝင်သော ကုသမှုပုံစံအလေ့အထမဟုတ်ပဲ ဆွေးနွေးမှုပုံစံအသစ်ဖြစ်ခြင်း  
  • အင်တာနက် နှင့် နည်းပညာ အခက်အခဲရှိနိုင်ခြင်း 
  • လူနာနှင့်လူနာရှင်မှ ဆက်သွယ်ရေးနည်းပညာသုံးစွဲရာတွင် ကန့်သတ်ခက်ခဲမှုရှိနိုင်ခြင်း 
  • ထိုးဆေးလိုအပ်သောလူနာများအတွက် ပြင်ပသူနာပြု (သို့) ကျန်းမာရေးဝန်ထမ်း၏ အကူအညီ လိုအပ်ခြင်း 
  • လူနာနှင့်ကုသမှုပေးအပ်သော ဆရာဝန်အကြား ဆက်ဆံရေးတွင် လူချင်းထိတွေ့ရသောနီးကပ်သော ခံစားမှုမျိုး မခံစားရခြင်း စသည်တို့ ဖြစ်ကြပါတယ်။

သို့ဖြစ်ပါ၍……..လူနာများအနေဖြင့် မိမိခံစားနေရသောဝေဒနာ/ရောဂါများအတွက် သမားရိုးကျ ဆေးကုသခံယူခြင်းအပြင် ၊ Teleconsultation ကို အသုံးပြု၍ အခမဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်း…
တယ်လီကျန်းမာမိသားစုမှ အသိပေးအပ်ပါတယ်။

ပြည်သူအပေါင်း သက်ရှည်ကျန်းမာ၍ ရောဂါဘယ ကင်းဝေးကြပါစေ။

“NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

နေ့စဉ်ပိတ်ရက်မရှိ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင် ကုသမှုခံယူရန်- https://m.me/telehealthmm

Ministry of Health,

National Unity Government.

Published on: 5 December 2021
Last Updated: 5 December 2021