“Telehealth: International Women’s Day” (March 2024)

အိမ်တစ်အိမ်မှာ နေမကောင်းလို့ ပြုစုစောင့်ရှောက်ရတော့မယ်ဆိုရင် အဲဒီတာဝန်ဟာ အိမ်မှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်လေးတွေရဲ့တာဝန် ဖြစ်လာပါတော့တယ်။ တကယ်တော့ သူတို့ဟာ ဝင်ငွေမရတဲ့ ဗာဟီရအိမ်အလုပ်တွေကိုလည်း လုပ်ပေးနေကြရပြီး ဒါဟာ ယောကျာ်းလေးတွေနဲ့ယှဉ်ရင် နှစ်ဆကနေ ငါးဆအထိ ပိုမိုများပြားနေပါတယ်။

ဒီလိုမညီမျှမှုတွေကြောင့် အမျိုးသမီးတွေအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ခြေစုံပစ်ဝင်ပြီး ဆောင်ရွက်နိုင်ဖို့ဆိုတာ အတော်လေး ခက်ခဲနေတတ်တာပေါ့။

ဒါ့အပြင်….

“မိန်းကလေးဆိုတာ ဟိုဟိုဒီဒီ မသွားရဘူး၊ ကားတို့၊ ဆိုင်ကယ်တို့ တိုက်မှာပြုမှာ ကြောက်ရတယ်။ လုတာယက်တာ ခံရရင် ဘယ်လိုလုပ်မလဲ” စတဲ့ စကားတွေအောက်မှာ အမျိုးသမီးတွေရဲ့ သွားလာလှုပ်ရှားမှုက အမျိုးသားတွေနဲ့ ယှဉ်ရင် နည်းနေတာဟာ အဆန်းမဟုတ်ပါဘူး။ ဒီလိုမျိုး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အတွက် အဝလွန်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စတဲ့ မကူးစက်တတ်တဲ့ရောဂါတွေ (Noncommunicable diseases – NCDs) ဖြစ်နိုင်ခြေလည်း ပိုများကြပါတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့ကတော့ ကိုဗစ်ရောဂါ (COVID-19) ဖြစ်ပွားတာ၊ အာဏာသိမ်းခံလိုက်ရတာ စတာတွေကြောင့် လူမှုစီးပွား အခက်အခဲမျိုးစုံ ကြုံလာကြရပြီး အလုပ်ပျက် အကိုင်ပျက်နဲ့ စီးပွားပျက်ကြရတဲ့အပြင် အမျိုးသားတွေနဲ့ယှဉ်ရင် လုပ်ခလစာ မညီမျှမှုတွေလည်း ပိုဆိုးလာပါတယ်။

အဆိုးဆုံးကတော့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ အခြေပြုအကြမ်းဖက်မှု (Sexual and gender-based violence GBV) တွေကို ပုံစံမျိုးစုံနဲ့ တွေ့လာရတာပါ။ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုတွေ (Sexual and reproductive healthcare services) ကိုလည်း မရသလောက် ဖြစ်နေကြပါတယ်။

ကမ္ဘာနဲ့ယှဥ်ပြီးပြောရရင် ဆေးပညာရပ်မှာလည်း ကျား/မ မညီမျှမှုတွေ ရှိခဲ့ပါတယ်။ ဟိုးအရင်က ဆေးကုသမှုတွေ၊ ဆေးသုတေသနတွေမှာ ‌အမျိုးသားတွေ၊ တိရစ္ဆာန်အထီး‌တွေနဲ့ပဲ အဓိက စမ်းသပ်ခဲ့ကြတဲ့အတွက် အမျိုးသမီးတွေကို ကုသတဲ့အခါ ရောဂါနာမည်တပ်တာ မတိကျတာမျိုး၊ ကုသမှုခံယူတဲ့အခါ ဘေးထွက်ဆိုးကျိုးကို ပိုခံရတာမျိုး ကြုံကြရတာပေါ့။

ဒါကြောင့် ဒီလိုအခြေအနေမျိုးတွေကို ကျန်းမာရေးလိုအပ်ချက်၊ စီးပွားရေးအထောက်အပံ့နဲ့ ကျား/မ မညီမျှမှု အားလုံးပေါင်းပြီး တိုက်ဖျက်တဲ့နည်းလမ်းကို သုံးသင့်ပါတယ်။

ကျား/မ မညီမျှမှုပြဿနာကို (Transformative approaches) လို့ခေါ်တဲ့ နည်းလမ်းနဲ့ သေချာ‌ဖြေရှင်းပေးမယ်ဆိုရင် ကျား/မ အခြေပြုအကြမ်းဖက်မှု (Gender-based violence GBV) ကို တစ်ဝက်အထိ လျှော့ချနိုင်လိမ့်မယ်လို့လည်း ပညာရှင်များက တွက်ချက်လေ့လာထားကြပါတယ်။

“Invest in women: Accelerate progress”

ဒါလေးကတော့ ဒီနေ့ မတ်လ ၈ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International women’s day) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်လေးပါ။ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရမယ်ဆိုရင်တော့ “အမျိုးသမီးများအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုးတက်မှုကို အရှိန်မြှင့်ပါ” ဆိုပြီး ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ကျန်းမာ‌ရေးအတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲဆိုရင်….

💘 အလုပ်လုပ်တဲ့အခါ အမျိုးသားတွေနဲ့ယှဉ်ရင် ကျန်းမာတဲ့အမျိုးသမီးတွေဟာ နေမကောင်းလို့ ခွင့်ယူတာမျိုး နည်းသလို ပိုပြီးလည်း အလုပ်တွင်တယ် ဆိုပါတယ်။ (ဥပမာ – အမေရိကန်နိုင်ငံမှာ ၁၉၂၀ ကနေ ၁၉၇၀ ကြား မိခင်သေဆုံးနှုန်း လျော့ကျသွားချိန်မှာ ကျန်းမာတဲ့ ကိုယ်ဝန်‌ဆောင်အရွယ် အမျိုးသမီး‌တွေရဲ့လုပ်အားကြောင့် အလုပ်သမားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ ၅၂ ရာခိုင်နှုန်းထိအောင် တက်သွားပါတယ်။)

💘 နောက်တစ်ခုပြောပြရရင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ကျန်းမာ‌ရေးကို ကိုယ်ဝန်ဆောင်ချိန်ကနေ ဆယ်ကျော်သက်အရွယ်ထိ ဂရုစိုက်စောင့်ရှောက်မှုပေးတာကလည်း ကျောင်းတက်ရောက်မှု အကြိမ်ရေကိုတင်မကဘဲ ပညာရေးစနစ်တစ်ခုလုံး တိုးတက်မှုတွေကိုပါ ဖြစ်စေပါတယ်။ ပညာရေးကောင်းမွန်မှုရဲ့ အကျိုးဆက်တွေအဖြစ် လုပ်ငန်းကြီးတွေကို ကိုယ်စားပြု‌ ဆောင်ရွက်နိုင်တာမျိုး၊ ကြီးမားတဲ့စီးပွားရေးအောင်မြင်မှုမျိုးနဲ့ အလုပ်မှာကြာရှည်လုပ်ကိုင်နိုင်တာမျိုး‌တွေကို တွေ့ရပါတယ်။

💘 သိသင့်တာတစ်ခုကတော့ (သုတေသနတစ်ခုရဲ့အဆိုအရ) မိခင်ရဲ့ကျန်းမာရေးဟာ ကလေးငယ်ကို ကိုယ်ဝန်‌ဆောင်ချိန်ကနေ အရွယ်ရောက်တဲ့အထိ လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ မိဘနှစ်ပါးမှာ အမေရဲ့ဝင်ငွေက ပိုကောင်းနေရင် မိသားစုအသုံးစားရိတ်ဟာ အစာအာဟာရအပေါ် ပိုများ‌ပါတယ်။

💘 အရေးအကြီးဆုံးအနေနဲ့ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal health coverage) ဆိုတာဟာ မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုံလုံလောက်လောက်နဲ့ ထိထိရောက်ရောက်ပေးထားပြီး လူတိုင်းက လွယ်လင့်တကူ ရယူနိုင်တာမျိုး ဖြစ်ရမှာပါ။ (အဲဒီလိုရယူရာမှာ ငွေရေးကြေးရေး အခက်အခဲမဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်) မိမိရဲ့နိုင်ငံဟာ ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံ (Low income country) ဖြစ်တဲ့အတွက် အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုတွေကို အဓိကထားပြီး ဆောင်ရွက်မယ်ဆိုရင် ငွေကြေးကုန်ကျမှုကို ကာကွယ်ပေး (Financial protection) နိုင်မှာပါ။

ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံတာဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကုန်ကျနိုင်တဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပြီးသားလည်း ဖြစ်စေတာကို နားလည်ကြစေလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ကျား/မ မညီမျှမှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု (Sexual and gender-based violence) တွေကို တိုက်ဖျက်နိုင်ရုံတင်မကဘဲ စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေအတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်လို့ ပြောရင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International women’s day) ကို ဂုဏ်ပြုလိုက်ပါရစေခင်ဗျာ။

Dr Frodo

တယ်လီကျန်းမာ ဆရာဝန်တစ်ဦး

Reference : 📚

https://www.who.int/southeastasia/news/detail/07-03-2024-international-women-s-day-2024-invest-in-women-accelerate-progress#:~:text=International%20Women’s%20Day%202024%3A%20%E2%80%9CInvest%20in%20women%E2%80%94accelerate%20progress%E2%80%9D,-7%20March%202024&text=Each%20year%2C%20on%20March%2008,%2C%E2%80%9D%20to%20accelerate%20progress.%E2%80%9D

https://myanmar.un.org/en/223145-gender-equality-and-women%E2%80%99s-empowerment-myanmar-%E2%80%93-bird%E2%80%99s-flight-broken-wing#:~:text=The%20economic%20downturn%20has%20led,services%20has%20been%20severely%20diminished.

https://www.bmj.com/content/369/bmj.m1175

.

——————————————–

.

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,
National Unity Government.

Published on: March 8, 2024
Last updated: March 8, 2024