အလွဲလေးတွေ ဟာသလေးတွေဆိုတာ လူတိုင်းကြုံဖူးကြမှာပါ။ ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်/လူနာ အလွဲဟာသလေးတွေ ရှိတတ်သလို အခုလို အွန်လိုင်းကနေ အခမဲ့ကုသပေးချိန်မှာလည်း အလွဲလေးတွေကနေ ပြေးလို့မလွတ်ခဲ့ပြန်ပါဘူး…
များသောအားဖြင့် စာစီစာရိုက်မှားတာ၊ အကောင့်တွေမှားတာမျိုးဆိုပေမယ့် တချို့ ထူးထူးဆန်းဆန်း အလွဲလေးတွေလည်း ရှိတတ်ပါတယ်။
တစ်ခါက တယ်လီကျန်းမာဆရာတစ်ယောက် ဂျူတီဝင်မလို့ ဘိုကင်ယူထားတဲ့လူနာစာရင်းကိုကြည့်တော့…
12:00 pm – ဒေါ်ခင်မြင့် / ညာဒူးနာ / ၆၇ နှစ်
12:30 pm – အောင်သူရ / ဖျား (၃) ရက် / ၂၄ နှစ်
1:00 pm – ကိုထွန်းအောင် / နို့ကောင်းကောင်းမစို့ / ၂၈ နှစ်….
အဲ့ဒီမှာ…. ဟာ…
ကိုထွန်းအောင် နို့ကောင်းကောင်း မစို့တဲ့ကိစ္စက ဘာကြီးတုန်းပေါ့
လူနာရောက်လာတဲ့အခါ သေချာမေးကြည့်တော့မှ
” ကလေးက နို့ကောင်းကောင်းမစို့တာ ” လို့ ပြောချင်တာပါတဲ့။
( ကိုထွန်းအောင်က ကလေးအဖေပါ )
ကလေးလေးက ငယ်သေးလို့ အမည်ပေး ကင်ပွန်းတပ်တောင် မလုပ်ရသေးတာကြောင့် လူနာအမည်မှာ အဖေနာမည် ထည့်လိုက်တာပါ။
အဲ့ဒီတော့…ကိုထွန်းအောင် / နို့ကောင်းကောင်းမစို့ ကိစ္စတွေ ဖြစ်ကုန်တာပဲ။ တော်သေးတာပေါ့….. နို့မို့ဆို ဆရာဝန် ဗျာများရတော့မှာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်ကယ်တော့ တယ်လီကျန်းမာမှာ လူနာတစ်ဦးကို လူနာအမှတ် ( ID ) တစ်ခုပြုလုပ်ရပါတယ်။ တစ်ဦးချင်းစီရဲ့ ဆေးမှတ်တမ်းတွေကို Electronic Medical Record ( EMR ) လို့ ခေါ်တဲ့ ကွန်ပျူတာမှတ်တမ်းတင်စနစ်နဲ့ သေချာမှတ်သားထားပေးပါတယ်။
တချို့တွေက ဒါကိုမသိတော့
ကိုယ့်အမေ ( ဥပမာ…ဒေါ်ညို ) ဒူးနာလို့ ဆေးခန်းပြလည်း ဒီ ID… ကိုယ့်ကလေးဖျားလို့ ဆေးခန်းပြတော့လည်း ဒီ ID နဲ့ပဲ ပြန်လာပြတာမျိုးတွေ ရှိပါတယ်။
အဲဒီတော့ ဆေးမှတ်တမ်းထဲမှာ ဒေါ်ညိုဟာ ဒူးအတွက် ဆေးတွေသောက်လိုက်၊ ပါရာစီတမောဆေးရည်လေး 5 cc ကို ဇွန်းလေးနဲ့ သောက်လိုက်၊ ဖျားတဲ့အခါ ရေပတ်တိုက်လိုက်နဲ့ ဗရုတ်သုတ်ခတွေ ဖြစ်ကုန်တော့တာပါ။
ဒီလိုအခါမျိုးမှာ တယ်လီကျန်းမာဆရာဝန်တွေက လူနာကို ပြန်ဆက်သွယ်ပြီး ကလေးအတွက် ID အသစ်တစ်ခု ပြန်လုပ်ပေးလိုက်ကြပါတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လူနာ ID က ယောက်ျားလေး ၊ တကယ် စကားပြောကြည့်တော့ မိန်းကလေးအသံနဲ့ ဆိုတာလည်း ကြုံဖူးပါတယ်။
သေချာအောင်မေးကြည့်တော့မှ သူ့ကောင်လေးအတွက် စိုးရိမ်လို့ တိတ်တိတ်လေး ကိုယ်စားမေးကြည့်၊ ဆွေးနွေးကြည့်နေတာမျိုး ဖြစ်တာပေါ့။
ဪ…ဂရုစိုက်လိုက်ကြတာ၊ ချစ်လိုက်ကြတာ….
တယ်လီကျန်းမာက လူပျိုကြီး၊ အပျိုကြီး ဆရာဝန်တွေ မျက်ရည်နှစ်စက်လောက် ကျရမယ့် အဖြစ်တွေပါ
ဘာပဲပြောပြော…
အားလုံးကို အဆင်ပြေအောင် လုပ်ပေးနေပါတယ်။
အလွဲလေးတွေကြားကနေလည်း ကျွန်တော်တို့ ရှေ့ဆက်သွားကြပါမယ်
လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့တစ်နေ့ အားလုံးနဲ့ ဆုံကြပါမယ်
NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ
( ဤပို့စ်တွင် ပါဝင်သော အမည်များမှာ အမည်လွှဲများ ဖြစ်ပါသည်။ ပြုံးချင်စရာ အလွဲတချို့ကိုလည်း photo များတွင် ဖော်ပြပေးလိုက်ပါသည် )
Ministry of Health,
National Unity Government.





Published on: 1 July 2022
Last Updated: 1 July 2022