သွေးပျစ်ခြင်း ( Thick Blood/ Hypercoagulability )
သွေးပျစ်ခြင်းဆိုတာ ဘာလဲ ?
သွေးဟာ ဆဲလ်၊ ပရိုတင်းနှင့် သွေးခဲစေတဲ့အရာဝတ္ထုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့သွေးဆဲလ်တွေ များလာတဲ့အခါ၊ သွေးခဲခြင်းကိုအကျိုးသက်ရောက်မှုရှိတဲ့ ရောဂါတွေဖြစ်တဲ့အခါနဲ့ သွေးခဲစေတဲ့ပရိုတင်းတွေ များလာတဲ့အခါမျိုးမှာ သွေးပျစ်လာပါတယ်။
သွေးပျစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ?
သွေးပျစ်ခြင်းဟာ မွေးရာပါရောဂါဖြစ်နိုင်သလို အသက်ကြီးမှ ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သွေးပျစ်စေတဲ့ အကြောင်းအရင်းတွေကတော့….
* ကင်ဆာရောဂါများ
* အရေပြားလေးဘက်နာ ( SLE ) ကဲ့သို့သော autoimmune disease များ
* သွေးခဲစေသော factor V ပုံမှန်မဖြစ်ခြင်း
* Polycythemia vera ရိုးတွင်းချဉ်ဆီမှ သွေးဆဲလ်တွေအများကြီးထုတ်ပေးသော သွေးကင်ဆာ
* Protein C နဲ့ Protein S နည်းနေခြင်း
* သွေးခဲစေသော Prothrombin ပုံမှန်မဟုတ်ခြင်း
* ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါတယ်။
သွေးပျစ်တာကနေ သွေးခဲလေးတွေဖြစ်လာပြီး သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါသွေးကြောတွေမှာ ပိတ်ဆို့တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးစီးဆင်းမှုမကောင်းတဲ့သူတွေမှာ သွေးခဲပိတ်တာပိုအဖြစ်များတတ်ပြီး သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောဒဏ်ဖြစ်ထားသူတွေမှာလည်း သွေးခဲပိတ်တတ်ပါတယ်။
သွေးပျစ်တဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…
* အမြင်အာရုံဝေဝါးခြင်း
* မူးဝေခြင်း
* သွေးခြေဥလွယ်ခြင်း
* ရာသီသွေးအဆင်းများခြင်း
* ခေါင်းကိုက်ခြင်း
* သွေးပေါင်ချိန်တက်ခြင်း
* အရေပြားယားယံခြင်း
* အားအင်မရှိ နုံးချိခြင်း
* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။
အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။
သွေးပျစ်ခြင်းရှိ/ မရှိသိဖို့ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ရမလဲ ?
* Complete blood count : သွေးတွင်းဆဲလ်များနဲ့ Hb levels ကိုစစ်ဆေးခြင်း
* Activated Protein C resistance : သွေးခဲစေတဲ့ Factor V ကို စစ်ဆေးခြင်း
* Prothrombin test : သွေးခဲစေတဲ့ပရိုတင်းကို စစ်ဆေးခြင်း
* Antithrombin, Protein C and Protein S functional levels ကို စစ်ဆေးခြင်းများ လုပ်ဆောင်နိုင်ပါတယ်။
သွေးပျစ်ခြင်းအတွက် ဘယ်လိုကုသနည်းတွေ ရှိမလဲ ?
* ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။
* ဆောင်းတွင်းအေးတဲ့ရာသီမျိုးမှာ နွေးနွေးထွေးထွေးဝတ်ဆင်ပါ။
* ရေများများသောက်ပါ။ သွေးလည်ပတ်မှုကောင်းစေပါတယ်။
* သွေးကျဲဆေးနဲ့ သွေးမခဲစေသောဆေးများ ဆရာဝန်ညွှန်ကြားချက်အတိုင်း မှီဝဲသောက်သုံးပေးပါ။
* ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။
* လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးကြောမှသွေးစုပ်ယူကာ ကုသသောနည်း ( Phlebotomy )နှင့် ကင်ဆာရောဂါများအတွက် ဓာတ်ကင်ကုသနည်း ( Chemotherapy )တို့ကို ခံယူရပါမယ်။
သွေးပျစ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ ?
သွေးပျစ်တတ်သူတွေမှာ သွေးခဲလေးတွေဖြစ်တတ်ပြီး သွေးကြောမျှင်တွေမှာ အချိန်မရွေးပိတ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါသွေးကြောတွေမှာ သွေးခဲပိတ်မိတဲ့အခါ အသက်အန္တရာယ်စိုးရိမ်သည်အထိ ဖြစ်နိုင်ပါတယ်။ အဆုတ်လေပြွန်လေးတွေမှာ သွေးခဲတွေပိတ်မိတဲ့အခါ အဆုတ်နဲ့အခြားအင်္ဂါတွေဟာ အောက်ဆီဂျင်ကောင်းစွာမရတော့ဘဲ အသက်သေဆုံးနိုင်ပါတယ်။ အသက်ရှူကျပ်တာ၊ ရင်ဘတ်အောင့်တာနဲ့ ချောင်းဆိုးသွေးပါတာမျိုးတွေဖြစ်နေပြီဆိုရင်တော့ အမြန်ဆုံးအရေးပေါ်ကုသမှုခံယူရပါမယ်။ ဒါကြောင့်မို့ ပုံမှန်သွေးစစ်တာမျိုးလုပ်သင့်ပြီး ကုသမှုစောစီးစွာ ခံယူသင့်ပါတယ်။
Reference:
https://www. healthline .com/health/thick-blood#complications
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#hypercoagulability#သွေးပျစ်ခြင်
Ministry of Health,
National Unity Government.

Published on: 3 December 2022
Last Updated: 3 December 2022