ပြည်သူများအနေနဲ့ နှာခေါင်းစည်း တပ်ရန်၊ လူစုလူဝေး မလုပ်ရန်၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြရန် အကြံပေးချက်များ ကြားခဲ့ရတာ (၂) နှစ်ကျော်ခဲ့ပါပြီ။ အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုးနည်းတဲ့ COVID-19 ကာကွယ်ဆေးတွေကို တိုးမြှင့်ပြီး ထိုးလာခဲ့ကြတာ တစ်နှစ်ကျော်ခဲ့ပြီ။ သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ခဲ့နှုန်းက ပျမ်းမျှ (၆၀)% လောက်ပဲရှိနေသေးတဲ့အချိန်မှာ ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ US, UK, EU, Europe, Japan စတဲ့ နိုင်ငံတွေရဲ့ ကာကွယ်ဆေး စုစုပေါင်း သန်း (၂၄၀) လောက်ဟာ (၂၀၂၂) ခုနှစ်၊ မတ်လလောက်မှာ သက်တမ်းကုန်ဖို့ ရှိနေတယ်ဆိုတော့ လူသားချင်းမျှတမှုတွေရှိဖို့ ပညာရှင်တွေက သက်ဆိုင်ရာကို ထပ်မံတိုက်တွန်းကြရတယ်။
Alpha၊ Beta၊ Gamma၊ Delta လှိုင်းများအပြီး Omicron လှိုင်းက ယခုမြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းကို လွမ်းခြုံနေပြီဖြစ်ပါတယ်။ ယခင်လှိုင်းများထက် ပိုမိုကြီးမားနိုင်ပြီး နိုင်ငံတိုင်းရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေကို ချိန်းခြောက်လျက်ရှိပါတယ်။
နိုင်ငံတစ်ခုအနေနဲ့ Omicron လှိုင်းကို ကာကွယ်ထိန်းချုပ်နိုင်ရန် ဖြစ်နိုင်တဲ့ နည်းဗျူ (၃) မျိုး ရှိနိုင်ပါတယ် –
(၁) တင်းကျပ်တဲ့ လော့ဒေါင်း (Lockdown) တွေကို ပြန်လည်ပြုလုပ်ခြင်း
(၂၀၂၀) ခုနှစ် ကိုရိုးနားဗိုင်းရပ် (COVID-19 ရောဂါ) ကပ်ကြီးရဲ့ အစပိုင်း နိုင်ငံအချို့မှာ အောင်မြင်မှုရှိခဲ့တဲ့စနစ်ဖြစ်ပေမဲ့ ယခုလို (၂) နှစ်လောက် ကြာပြီးတဲ့အချိန်မှာ လော့ဒေါင်း စနစ်ဟာ လက်တွေ့မကျနိုင်ပါလို့ ပညာရှင်အများစုက သုံးသပ်ကြပါတယ်။ ကိုရိုးနားဗိုင်းရပ်စ်ကို အမြစ်ဖြတ်ဖို့ မဖြစ်နိုင်ဘူး၊ စနစ်တစ်ကျ ထိန်းရမယ်လို့ သိလာကြလို့လည်း ဖြစ်ပါတယ်။
(၂) Omicron variant က Delta variant လောက်လည်း မပြင်းထန်လောက်ဘူး၊ ရာသီတုပ်ကွေးလိုပဲဟု သဘောထားလိုက်ခြင်း
ပြည်သူတချို့မှာ ကာကွယ်ဆေးထိုးနှံထားခြင်း၊ ကုသတဲ့ ဆေးအချို့ရှိခြင်း၊ Delta မျိုးကွဲလောက်လည်း မပြင်းထန်လောက်ခြင်းတို့ကြောင့်ဆိုပြီး မပေါ့ဆသင့်ပါ။ အချို့နိုင်ငံကြီးတွေမှာ Omicron ကြောင့် ဆေးရုံတွေမှာ ရောဂါပြင်းထန်စွာ ခံစားနေရတဲ့ လူနာများစွာနဲ့ ပြည့်လျှံလျက်ရှိပါတယ်။ သေဆုံးသူတွေလည်း အများအပြားရှိနေဆဲပါ။ ကာကွယ်ဆေး အကြိမ်ပြည့် ရရှိထားသူများနဲ့ COVID-19 ရောဂါ ဖြစ်ပွားဖူးသူများမှာလည်း ပြန်လည်ကူးစက်ဖြစ်ပွားလျက် ရှိနေပါတယ်။
နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်ရွာများထဲမှာ ရောဂါလက္ခဏာမပြင်းထန်ဘဲ ရှိနေသူများကို သာမန်ဖျားနာ၊ ချောင်းဆိုးခြင်းသာ ဖြစ်တယ်လို့ ယူဆပြီး ရောဂါမစစ်ဆေးဘဲ မနေသင့်ပါ။ ရောဂါရှိသူနဲ့ ထိတွေ့မှုရှိပြီး (သို့မဟုတ်) ရောဂါလက္ခဏာစပြီး စစ်ဆေးရမယ့် အချိန်၊ စစ်ဆေးရင် အသုံးပြုရမယ့် နည်းပညာ (PCR/Antigen test)၊ စစ်ပြီး ရောဂါပိုးတွေ့ရင် ဆက်လက်ဆောင်ရွက်ရမယ့် လက်တွေ့ကျတဲ့ ညွန်ကြားချက်များ ရှိသင့်ပါတယ်။ ဥပမာ – စစ်ဆေး၍ ရောဂါရှိတဲ့သူတိုင်းကို ဆေးရုံများမှာ စောင့်ကြည့်တဲ့မူဝါဒဟာ ယခုအချိန်မှာ ဓမ္မဓိဌာန်မကျနိုင်ပါ။ ပြည်သူများ ပူးပေါင်းပါဝင်မှုနည်းခြင်း၊ စစ်ဆေးခြင်းကို ငြင်းဆိုခြင်းများဖြစ်ပြီး ရောဂါထိန်းချုပ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
သို့မဟုတ်ပါက ပြည်သူများကြား ကူးစက်မှုနှုန်းများပြီး ပြည်သူလူထုရဲ့ သေနှုန်းများ မြင့်တက်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုလုံး ပြိုကျသွားနိုင်၍ အထူးစိုးရိမ်စရာဖြစ်ရပါတယ်။
(၃) ယခုစတင်နေပြီဖြစ်တဲ့ Omicron လှိုင်းရဲ့ အတိမ်အနက်၊ အကောင်းအဆိုးကို နားလည်သဘောပေါက်ပြီး သုတေသနသိပ္ပံပညာ အထောက်အထားတွေ၊ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေအပေါ် သင်ခန်းစာယူပြီး ပြည်သူများကို အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ယထာဘူတကျကျ မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း
အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းအကြမ်းဖက်မှုများကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး အဘက်ဘက်မှာ နောက်ပြန်သွားနေတဲ့အချိန်မှာ COVID-19 Omicron လှိုင်းကို ကောင်းမွန်တိကျစွာ ထိန်းချုပ်နိုင်ဖို့က ပိုလို့တောင် အရေးကြီးနေပါတယ်။
(က) နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဆေးရုံခုတင် အရေအတွက်၊ ဆေးခန်း အရေအတွက်၊ ကျန်းမာရေးဝန်ထမ်း အင်အားအရေအတွက်အပြင် ဖြစ်နိုင်ခြေရှိတဲ့ ရောဂါဖြစ်ပွားမှုနှုန်း၊ ဆေးရုံတက်ရောက်ရမှုနှုန်း (hospital admission rate) နဲ့ ဆေးရုံမှာ လူနာကြာမြင့်နိုင်မယ့် အချိန် (length of hospital stays) စသည်တို့ အပေါ်မူတည်ပြီး ရောဂါထိန်းချုပ်ရေး မူဝါဒချမှတ်ခြင်း၊
(ခ) တန်ဖိုးရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ အတားအဆီးမရှိခြင်း၊ အန္တရာယ်မရှိခြင်း၊ အကာအကွယ်ပေးထားခြင်း၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ဓာတ်အင်အားတွေကို မြှင့်တင်ခြင်း၊
(ဂ) နိုင်ငံရဲ့ ဒေါက်တိုင်များဖြစ်တဲ့ လူထုလုပ်အားထုကြီးကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေးယုံကြည်မှု၊ နေထိုင်တဲ့ နေရာဒေသ၊ အလုပ်အကိုင် မရွေး၊ မခွဲခြားဘဲ ကာကွယ်ဆေးများကို ဦးစားပေးထိုးပေးခြင်း၊
(ဃ) ကျန်းမာရေးဝန်ထမ်းများအပြင် ပြည်သူနဲ့ နေ့တိုင်း ထိစပ်မှုရှိနေတဲ့ ပြည်သူ့အကျိုးဆောင်များ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ ဘတ်စ်ကားဆရာများ၊ အငှားယာဉ်မောင်းများ၊ ဆရာ/ဆရာမများ၊ အစုအဝေးနဲ့ နေထိုင်ရသူများ အားလုံး လုံခြုံစိတ်ချ၊ အန္တရာယ်ကင်းစွာနဲ့ စိုးရိမ်မှုမရှိဘဲ ကာကွယ်ဆေးထိုးနှံခွင့်ရခြင်း၊
(င) အသက်အရွယ်ကြီးသူများနဲ့ ကိုယ်ခံအားနည်းသူများကို ခွဲခြားမှုတစ်စုံတစ်ရာမရှိဘဲ လုံခြုံစိတ်ချ၊ မျှတစွာဖြင့် ကာကွယ်ဆေးထိုးပေးခြင်း၊
(စ) ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းတဲ့ နိုင်ငံတွေမှာ အခြားရိုးရှင်းပြီး အစွမ်းထက်တဲ့ ကာကွယ်ရေးနည်းစနစ် (non-pharmaceutical method) တွေကို အလေးထားအသုံးပြုခြင်း၊
♦ မိမိနဲ့ ကိုက်ညီတဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ခြင်း၊
♦ လက်ကို မကြာခဏ ဆေးခြင်း
♦ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း
♦ အခြားသူများနဲ့ ခပ်ခွာခွာနေခြင်း
♦ လူထူထပ်တဲ့ နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း
♦ လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ်အခန်းများကို ရှောင်ကြဉ်ခြင်း
စသည်တို့ကို အထူးဂရုပြုလိုက်နာရပါမယ်။
(ဆ) အရည်အသွေးပြည့်ဝတဲ့ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများ (PPE)၊ ပါးစပ်နဲ့ နှာခေါင်းစည်းများ (Surgical mask, N95 mask)၊ မျက်နှာကာ (Face shield)၊ အောက်စီဂျင်လိုအပ်ချက်များကို လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးခြင်း၊
(ဇ) ရောဂါကူးစက်ခံရပေမဲ့ ဆေးရုံတက်ကုသမှုခံယူရန် မလိုအပ်တဲ့သူများကို ဆေးရုံပြင်ပမှာ လိုအပ်သလို ဆေးစစ်ပေးနိုင်ခြင်း၊ သံသယလူနာများကို စောင့်ကြည့်ပေးနိုင်ခြင်း၊ ရောဂါမကူးစက်စေဖို့ ခွဲခြားထားခြင်း၊ ကျန်းမာရေးအသိပညာပေးနိုင်ခြင်းတို့က အရေးကြီးလှပါတယ်။
ဒီမူဝါဒတွေ အောင်မြင်ဖို့ရာမှာလည်း ဝယ်ယူ၍၊ လုယူ၍၊ အာဏာဖြင့် ခြိမ်းခြောက်ယူ၍ မရနိုင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်အားကိုးမှုက အလွန်အရေးအကြီးပါတယ်။ ပြည်သူလူထုကြီးတစ်ရပ်လုံး မိမိအသိစိတ်ဓာတ်နဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျ ဂရုပြုကျင့်သုံးကြပြီး မိမိကိုယ်ကို အားကိုးစောင့်ရှောက်ခြင်းနဲ့ Omicron လှိုင်းကို ကျော်ဖြတ်ကြဖို့ လေးစားချစ်ခင်စွာ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။
ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး
COVID-19 ကျန်းမာရေးပညာပေးအချက်အလက်များ –
https://moh.nugmyanmar.org/coronavirus/
လှူဒါန်းရန် –
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 3 February 2022
Last Updated: 3 February 2022