လူတိုင်းတစ်ယောက်မကျန် ကျန်းမာစေဖို့ရာ ခိုင်ခံ့သော ကျန်းမာရေးစနစ်ကောင်းများကို ရင်းနှီးမတည်ပါ
“Leave No One’s Health Behind: Invest in health systems for all.”
လူမျိုး၊ ဘာသာ၊ လူမှုစီးပွားအဆင့်အတန်း စသည့် အကြောင်းအရာများကြောင့် ကျန်းမာရေးဆိုင်ရာ သာတူညီမျှမှု မရှိခြင်းသည် လူသားအားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်လာစေရန် ကြိုးပမ်းမှုများကို လျော့ပါးစေပြီး တစ်ကမ္ဘာလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။
ယခုအခါ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကျန်းမာရေးဆိုင်ရာ သာတူညီမျှမှု မရှိခြင်းများသည် သိသာစွာ ဆိုးရွားလာနေသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပိုမိုလေးနက်သော နိုင်ငံရေးမူဝါဒများ ချမှတ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် နိုင်ငံတကာခေါင်းဆောင်များထံ ယနေ့တွင် အထူးအလေးပေး ဆက်လက်တိုက်တွန်းလိုက်ပါသည်။ လူတိုင်းလက်လှမ်းမှီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအထိမ်းအမှတ်နေ့သည် လူတိုင်း၊ နေရာဒေသမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးအခက်အခဲမရှိ လက်လှမ်းမှီရရှိနိုင်မှု ရှိမရှိကို ပြန်လည်ဆန်းစစ်ပြီး လစ်ဟာချက်များကို ဖော်ထုတ်ပြင်ဆင်နိုင်ကြဖို့ အခွင့်အခါတစ်ခုဖြစ်ပါသည်။
လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်စေရန် နိုင်ငံအားလုံး ပံ့ပိုးဆောင်ရွက်နေကြသည့်အတွက် လူမျိုး၊ ဘာသာ၊ လူမှုစီးပွားအဆင့်အတန်း မခွဲခြားမကွဲပြားဘဲ ကျန်းမာရေးဆိုင်ရာ သာတူညီမျှမှု ရရှိရေးကို ကမ္ဘာ့လုံးဆိုင်ရာ အဓိကလုပ်ငန်းစဉ်အနေနှင့် သတ်မှတ်ထားရှိရမည်လည်း ဖြစ်ပါသည်။ ထို့အပြင် ပိုမိုမျှတ၍ ပိုမိုကျန်းမာသည့် ကမ္ဘာကြီး ဖြစ်လာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားကြရမည့် လုပ်ငန်းစဉ်များ ယခုထက်ပိုပြီး အောင်မြင်ထိရောက်အောင်လည်း အလေးပေးဖော်ထုတ်သွားကြရမည်ဖြစ်ပါသည်။
ယခုရင်ဆိုင်နေရသော COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ချို့ယွင်းနေသော ကျန်းမာရေးစနစ်များ၊ လူမှုဖူလုံရေးစနစ်များနှင့် ဖွဲ့စည်းပုံအားနည်းချက်များကြောင့် ကွာဟမှုများအပါအဝင် အချိန်အတော်ကြာ လျစ်လျူရှုထားခံရသည့် မညီမျှမှုများကြောင့် ပိုမိုထိခိုက်ဆုံးရှုံးစေခဲ့မှုများကို ဖော်ပြနေပါသည်။ COVID-19 ကပ်ရောဂါ၏ ကျန်းမာရေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအပေါ် ထိခိုက်သက်ရောက်မှုများကို မီးမောင်းထိုးပြလျက်ရှိသော ကျန်းမာရေးသတင်းအချက်အလက်များကို လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရှုထောင့်မှ သုံးသပ်ပြီး နိုင်ငံပေါင်းစုံက ကိုင်တွယ်ဖြေရှင်းကြပုံများကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မကြာမီ ထုတ်ပြန်မည်လည်းဖြစ်ပါသည်။
ထို့ကြောင့် နောင်လာမည့် ကမ္ဘာ့ကပ်ရောဂါများကာကွယ်ရေးနှင့် လူတိုင်း ကျန်းမာရေးအဆင့်အတန်း တိုးတက်ရေးအတွက် ယခုကဲ့သို့ သာတူညီမျှမှုရှိရေးကို ဦးစားပေးဆောင်ရွက်ရန် ခိုင်မာတောင့်တင်းသော ကျန်းမာရေးစနစ်များတွင် ရင်းနှီးမြုပ်နှံပြီး ကျန်းမာရေးအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိစွာ စီမံခန့်ခွဲနိုင်အောင် အထူးအလေးပေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ပန်းတိုင်နှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက “Leave No One’s Health Behind: Invest in health systems for all” (“လူတိုင်းတစ်ယောက်မကျန် ကျန်းမာစေဖို့ရာ ခိုင်ခံ့သော ကျန်းမာရေးစနစ်ကောင်းများကို ရင်းနှီးမတည်ပါ”) ဆိုသည့် ၂၀၂၁ ခုနှစ်၊ UHC Day ဆောင်ပုဒ်နဲ့အညီ နိုင်ငံတကာရှိ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ ခေါင်းဆောင်များ၊ ဖွံ့ဖြိုးတိုးတက်ရေးအလှူရှင်များ၊ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားထားပါသည်။
ထို့ကြောင့် UHC အခြေခံမူဝါဒများနှင့်အညီ ပြည်သူလူထုကို ထိရောက်စွာ အကျိုးပြုမည့် ကျန်းမာရေးစနစ်ကောင်းများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပြီး ထိုကျန်းမာရေးစနစ်ကောင်းများဖြင့် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး လူမျိုး၊ ဘာသာ၊ လူမှုစီးပွား အဆင့်အတန်း မခွဲခြားဘဲ ငွေကြေးအခက်အခဲမရှိ အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုကို ပိုမို လက်လှမ်းမှီရရှိနိုင်ရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း အားလုံးပါဝင်ပြီး အတူလက်တွဲဆောင်ရွက်ကြနိုင်ရန် ယနေ့ UHC Day ပန်းတိုင်များကို တိုက်တွန်းမျှဝေလိုက်ပါသည်။
Ministry of Health,
National Unity Government.
Published on: 12 December 2021
Last Updated: 12 December 2021