ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။

အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။
ဘယ်လိုဖြစ်တာလဲ ?

ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ၀င်သွားလို့ပါ။ အများအားဖြင့် စအို၀၊ မစင်မှာပါတဲ့ ပိုးကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို ရောက်သွားလို့ ဖြစ်တာများပါတယ်။

ရောဂါလက္ခဏာများ
ဆီးသွားရင် ပူ ၊ နာမယ်။မကြာခဏ ဆီးသွားမယ်။ဆီးမထိန်းနိုင်ဖြစ်မယ်။ချက်အောက်ပိုင်း ဆီးခုံနေရာမှာ နာမယ်။ဆီးအနံ့ဆိုးမယ်။ ဖျားမယ်။

သတိထားရန် 
အရမ်းငယ်တဲ့ကလေးတွေမှာ ဖျားမယ်၊ ဒါမှမဟုတ် နုံးခွေပျော့ဖတ်နေမယ်ဆိုရင် အပေါ်မှာ ပြောထားတဲ့ တခြားအချက်တွေမရှိလည်း ဆီးလမ်းကြောင်း ပိုး၀င်တာ ဖြစ်နေနိုင်ပါတယ်။

ရောဂါရှာဖွေခြင်း
ဆီးလမ်းကြောင်းပိုး၀င်တာကို သေချာပေါက်သိနိုင်ဖို့ ဆရာ၀န်က ဆီးစစ်တဲ့အတံလေး (Urine dipstick)နဲ့ ဆီးထည့်ထားတဲ့ ခွက်ကလေးထဲကို နှစ်ကြည့်ပြီးစစ်ပါမယ်။အကယ်၍ ပိုး၀င်တာသေချာနေပြီဆိုရင် ဆီးကိုဓာတ်ခွဲခန်းပို့ပြီး ဘာပိုးအမျိုးအစားလဲဆိုတာ ရှာပါမယ်။ အဲတော့မှ ပေးထားတဲ့ ပဋိဇီ၀ပိုးသတ်ဆေးနဲ့ရောဂါဖြစ်စေတဲ့ ပိုးမှန်၊မမှန်တိုက်စစ်လို့ရမှာပါ။ တချို့ကလေးတွေမှာ Ultrasound ရိုက်ဖို့ လိုပါမယ်။

ဆီးစစ်ဖို့ဆီးကို ဘယ်လိုခံမလဲ
မေမေ၊ ဖေဖေတို့အတွက် ကထိကရများတာကတော့ သားသားမီးမီးတို့ဆီးကို ခွက်နဲ့ခံရတာပါပဲ။ ပထမဆုံး ဆရာ၀န်က ဓာတ်ခွဲခန်းက ပိုးသတ်ထားတဲ့ ပလတ်စတစ်ဗူးလေးပေးပါမယ်။
ကလေးငယ်ရဲ့တင်ပါးဘေးအသားတွေနဲ့ ထိကပ်ထားပြီးမှ ခွက်နဲ့ခံထားတဲ့ဆီးကနေ အဖြေမှန်မရနိုင်ပါဘူး။ အဲဒါကြောင့် ကလေးငယ်ရဲ့ ဆီးစွန့်ပြွန်ကနေ ခွက်ထဲ တိုက်ရိုက်၀င်အောင်ခံရပါမယ်။
ကလေးငယ်ရဲ့ငယ်ပါဆီးစွန့်လမ်းကြောင်းနားမှာ အိတ်ကလေးနဲ့ကပ်ထားပြီး ဆီးပေါက်စေပြီးမှ စစ်ရင်လည်း အဖြေမမှန်နိုင်ပါဘူး။အထူးသဖြင့် ကလေးငယ်တွေမှာ ဆီးလမ်းကြောင်းပိုး၀င်တာက အသက်အန္တရာယ်အထိ ရှိနိုင်လို့ ဆီးစစ်တဲ့အဆင့်၊ အကောင်ရှာဖွေတဲ့အဆင့်တွေက အရမ်းအရေးကြီးပါတယ်။

ကုသခြင်း
ဆရာ၀န်ကပိုးသတ်ဆေးပေးပါလိမ့်မယ်။ အခြေအနေသိပ်မဆိုးတဲ့ ကလေးကြီးတွေဆိုရင် သောက်ဆေး ၅ရက်ကနေ ၇ရက်သောက်ရင် ပျောက်ပါတယ်။အကယ်၍ ကလေးငယ်လေးတွေအရမ်းမှိန်းပြီး နေမကောင်းဖြစ်ရင်တော့ ဆေးရုံတက်ပြီး ပဋိဇီ၀ပိုး သတ်ဆေးကို အကြောဆေးအနေနဲ့ ပေးပါလိမ့်မယ်။ ဆီးစစ်ထားတဲ့အဖြေရရင် ဆရာ၀န်ကအရင်ပေးထားတဲ့ ပဋိဇီ၀ပိုးသတ်ဆေးကို ပိုးအဖြေပေါ်ပေါ်မူတည်ပြီး နောက်တစ်မျိုးပြောင်းပေးရင် ပေးပါလိမ့်မယ်။

ကာကွယ်ခြင်း
မိန်းကလေးတွေက ယောက်ျားလေးတွေထက် ဆီးလမ်းကြောင်းပိုး၀င်ခြင်း ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးမီးလေးတွေကို အကယ်၍ အိမ်သာသွားလို့တစ်ရှူးစက္ကူသုံးရင် အရှေ့ကနေ အနောက်ကို သုတ်ဖို့သင်ပေးပါ။ ရေများများသောက်ခိုင်းပါ။

 ” NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ “

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်-https://m.me/telehealthmm

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 17 January 2022
Last Updated: 17 January 2022